ကျိုးကြောင်းဆီလျော်စွာ စဉ်းစားတွေးခေါ်ခြင်း သို့မဟုတ် ယနေ့ခေတ်၏ ဒေဝေါများကိုလေ့လာခြင်း

လူသားတွေမရောက်ဖူးတဲ့ နေရာတွေကို ရှေးလူကြီးတွေက ဒဏ္ဏာရီလာ မကောင်းဆိုးဝါးတွေ၊ သတ္တဝါတွေ ရှိတယ်လို့ အစဉ်အဆက်ပြောခဲ့ကြပါတယ်။ ဒီလိုပဲ ရှေးတုန်းကအသိပညာ အတတ်ပညာ မလုံလောက်ခဲ့လို့ ဘာကြောင့်ဖြစ်တယ်လို့ ဂဃနဏ မသိရတဲ့ သဘာဝဖြစ်ရပ်တွေကိုလည်း ရှေးလူကြီးတွေက ဒဏ္ဏာရီလာ မကောင်းဆိုးဝါးတွေကလုပ်တယ်လို့ အလွယ်သတ်မှတ်ခဲ့ပါတယ်။ မြေပုံပေါ်က လူမရောက်ဖူးတဲ့နေရာတွေမှာ နဂါးတွေရှိတယ်လို့ သမုတ်ကြသလို မိုးခြိမ်းတာကိုလည်း ဒေဝေါလာလို့အသံပေးတာဆိုပြီး အယုံလွယ်တဲ့ ကလေးတွေကို ပြောခဲ့ကြပါတယ်။
မသိဘူးဆိုတာကို မသိဘူးလို့မပြောပဲ ဘာကြောင့် ဒီလိုတွေမှန်းဆပြောခဲ့ကြတာပါလဲ။ အကြောင်းကတော့ ဘာမှန်းမသိရတာဟာ လူသားတွေအတွက်တော့ ကြောက်ဖို့ကောင်းပါတယ်၊ စိတ်မသက်သာစရာပါ။ ဒါကြောင့် ဘာမှန်းမသိရတဲ့ အရာတွေကို အမည်တစ်ခုပေးလိုက်ခြင်းအားဖြင့် စိတ်ကူးယဉ်ကြည့်လိုက်ခြင်းအားဖြင့် စိတ်သက်သာရာရစေပါတယ်။ ဘာကြောင့် မိုးခြိမ်းရသလဲလို့ ရှည်ရှည်ဝေးဝေးတွေးတောနေမယ့်အစား ဒေဝေါလာလို့ ကောင်းကင်မှာ အသံအကျယ်ကြီးမည်တယ်ဆိုတဲ့အချက်ဟာ ရှေးခေတ်က လူသားတွေအတွက်တော့ ပိုလက်ခံစရာကောင်းပါတယ်။ ကိုယ်လိုရာဆွဲတွေးပြီး ဆက်စပ်လိုက်တဲ့အခါမှာ ဘာမှန်းမသိရတဲ့အရာတွေဟာ မိမိအတွက် ရိုးရှင်းလွယ်ကူသွားပြီး စိတ်ကျေနပ်စရာကောင်းသွားပါတယ်။
ယနေ့ခေတ်မှာတော့ ကျောင်းပညာရေးအလယ်တန်းလောက်တတ်မြောက်ထားရင် ဒေဝေါဆိုတာ တစ်ကယ်မရှိမှန်း သိကြပါလိမ့်မယ်။ မိုးခြိမ်းတယ်ဆိုတာ သတ္တဝါကြီးတစ်ကောင်ရဲ့အသံမဟုတ်ဘဲ တိမ်တိုက်တစ်ခုနဲ့ တိမ်တိုက်တစ်ခု သို့မဟုတ် တိမ်တိုက်တစ်ခုနဲ့ မြေပြင်မှာရှိတဲ့ ဆန့်ကျင်ဖက်ဒြပ်အားတွေအကြား လျှပ်စစ်ဓာတ်ကူးတာကြောင့်ဆိုတာ သိကြမှာပါ။ ဒါကြောင့် ဒေဝေါဆိုတဲ့ အယူအဆဟာ ရယ်စရာကောင်းနေပါလိမ့်မယ်။ ထိုနည်းတူပဲ နဂါးဆိုတာ တစ်ကယ်မရှိမှန်း သိနေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ ယနေ့အထိ တူးဖော်ရရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေမှာ နဂါးနဲ့တူတဲ့ သတ္တဝါရဲ့ အရိုးအစိတ်အပိုင်းတစ်ခုတစ်လေကိုတောင် မတွေ့ကြရပါဘူး။ ဒါပေမယ့် ယနေ့ခေတ်မှာ ရှေးခေတ်က ဒေဝေါတွေကို လက်မခံကြတော့ပေမယ့် လူတော်တော်များများဟာ ယနေ့ခေတ်ရဲ့ဒေဝေါတွေကို ယုံကြည်နေကြတုန်းပါပဲ။
ရှေးခေတ်တုန်းက ဒေဝေါတို့ နဂါးတို့ ရှိတယ်ဆိုတဲ့ အကြောင်းကို သက်သေအထောက်အထားမရှိဘဲ ယုံခဲ့ကြသလို ယနေ့ခေတ်လူတွေဟာလည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိပဲ ယုံကြည်နေကြတာတွေ တစ်ပုံတစ်ပင်ပါပဲ။ သက်သေအထောက်အထား မယ်မယ်ရရမရှိပဲ ယုံကြည်နေကြတာတွေကို အမျိုးအစား ခွဲကြည့်ရင် သဘာဝလွန်ဖြစ်ရပ်များ (သရဲ တစ္ဆေရှိသည်ဟု ယုံကြည်ခြင်းများ၊ သရဲခြောက်သည် ဆိုသော အိမ်များ၊ စုန်းကဝေပြုစားခြင်း၊ အောက်လမ်းနည်း၊ အထက်လမ်းနည်း၊ ဝိညာဉ်နဲ့ စကားပြောနိုင်သူ၊ အကြားအမြင်ရ ရှေ့ဖြစ်ဟောဆရာ၊ ပျောက်စေဆရာ စသဖြင့်) အတိတ်၊ အနာဂတ်နှင့် ပတ်သက်၍ ဟောပြောမှုများ (ဗေဒင်၊ လက္ခဏာ၊ နက္ခတ်၊ လူတစ်ဦး၏ အကျင့်စရိုက်ကို လက်ရေးဖြင့် ဆုံးဖြတ်ခြင်း သွေးအမျိုးအစားဖြင့် ဆုံးဖြတ်ခြင်း စသဖြင့်) ကျန်းမာစေသည်၊ ခွန်အားကောင်းစေသည်ဟူသော အစားအသောက်၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ (ရောဂါအားလုံး ပျောက်သော အားဖြည့်ဆေးများ (ဥပမာ လင်ဇီးမှို)၊ ဝတ်ထားယုံဖြင့် အဆိပ်အတောက်များကို စုပ်ထုတ်ပေးသည်ဟုဆိုသော လက်ဝတ်ရတနာများ၊ မြန်မာတိုင်းရင်းဆေး၊ တရုတ်တိုင်းရင်းဆေး၊ ဓာတ်ကြမ်းတိုက် ကုထုံးခေါ်သည့် homeopathy၊ ကင်ဆာနှင့် အခြားရောဂါများကို ပျောက်သည်ဆိုသော အပင်ထွက် ပစ္စည်းများ စသဖြင့်) conspiracy theory များ (ဖုန်းမှလာသော လှိုင်းကြောင့် ဦးနှောက်ထိခိုက်ခြင်း၊ ရှေးခေတ်ကလူများ သည် ယနေ့ခေတ်လူများထက် ပိုမို၍ ဉာဏ်ကောင်းပြီး အသက်ရှည်ကြသည်ဟု ပိုမိုခေတ်မှီတိုးတက်ကြသည်ဟု ယူဆခြင်း၊ လကမ္ဘာပေါ်ကို လူရောက်ခဲ့တယ်ဆိုတာ သတင်းအတုသာဖြစ်သည်ဟု ယူဆခြင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကမ္ဘာမြေပေါ် ဂြိုဟ်သားတွေရောက်လာကြပြီးမှ ဂြိဟ်သားတွေက လူတွေကို သိပ္ပံ၊ အင်ဂျင်နီယာနဲ့ တခြား အတတ်ပညာတွေကို သင်ပေးခဲ့တာဖြစ်သည်ဟုယူခြင်း စသဖြင့်) မရေတွက်နိုင်လောက်အောင်ကို များပြားလှပါတယ်။

health-bracelet
ဝတ်ထားယုံဖြင့် ကျန်းမာရေးကောင်းစေသည်ဟု ကြော်ငြာထားသော လက်ပတ်၊ ဆေးပညာအရ တိတိကျကျ အဓိပ္ပါယ်မရှိသော စကားလုံးများဖြစ်သည့် “ခန္ဓာကိုယ်မှ မကောင်းတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်” ဟုကြော်ငြာထားသည်ကို သတိပြုပါ။

အထက်ပါဖော်ပြခဲ့တဲ့ အရာတွေကို မှန်ကန်ကြောင်းသက်သေပြနိုင်တဲ့ အထောက်အထားမရှိပဲ သူတို့ရဲ့ အနုမာန (သို့ သီအိုရီ) ကိုယ်တိုင်က အကျိုးအကြောင်းရှိတဲ့ သိပ္ပံနည်းကျ မဟုတ်ပါဘူး။ အထက်ပါအရာတွေမှန်ကန်တယ်၊ ပြောတဲ့အတိုင်းဖြစ်တယ်ဆိုပြီး သက်သေပြစရာ စမ်းသပ်ထားတဲ့အချက်အလက်တွေလည်း မရှိပါဘူး။ တွေးခေါ်ပညာရှင် ဘာထရန် ရပ်ဆဲလ်ရဲ့ ကြွေခရားနှင့် နှိုင်းယှဉ်ဆင်ခြင်မှုအရ အဆိုတစ်ခုကို မှန်ကန်တယ်လို့ ပြောဆိုသူကသာ သက်သေပြဖို့လိုပြီး ထိုအဆိုကို မယုံကြည်သူအနေနဲ့ သက်သေပြဖို့ မလိုတာကြောင့် (ဘာထရန် ရပ်ဆဲလ်၏ ကြွေခရားအကြောင်း အသေးစိတ်ဖတ်လိုပါက Curiosity မဂ္ဂဇင်း ပထမနှစ် အတွဲ ၀၆ မှာပါတဲ့ ထက်ချိုရဲ့ ဆောင်းပါးကိုရှုပါ) အထက်မှာ ဖော်ပြထားတဲ့ အရာတွေအကုန်လုံးဟာ သိပ္ပံနည်းကျအရာတွေမဟုတ်ဘူး၊ ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ယူဆလို့ရပါတယ်။
စိတ်မကောင်းစရာတစ်ခုကတော့ ဒီလိုသိပ္ပံယောင်တွေဟာ ခိုင်မာတဲ့ သက်သေအထောက်အထားမပြနိုင်ပေမယ့် သားကောင်တွေကို ရှာဖွေနိုင်နေဆဲပါပဲ၊ လူအများအပြားကလည်း ဒီလို အကျိုးမရှိတဲ့အရာတွေကြောင့် ငွေကုန်ကြေးကျများပြီး တစ်ခါတစ်ရံ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတဲ့အထိဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ ခိုင်လုံမှုရှိမရှိ မကြည့်ပဲ ကျိုးကြောင်းဆင်ခြင်ဉာဏ်ကို ပစ်ပယ်ပြီး ဒီလို သိပ္ပံယောင်တွေကိုဆက်ယုံနေ၊ ဆက်အားပေးနေမယ်ဆိုရင် အမှောင်ခေတ်ထဲကို ပြန်ရောက်သွားပြီး ရုန်းမထွက်နိုင်ပဲဖြစ်နေပါလိမ့်မယ်။ အရာတစ်ခုခုကို အခြားသူတွေယုံလို့ မျက်စိမှိတ်ယုံလိုက်မယ်ဆိုရင် ကိုယ်တိုင်ဘာမှ မသင်ယူရပဲ အခုလို တိုးတက်တဲ့ခေတ်ကိုတောင် ရောက်လာကြမှာမဟုတ်ပါဘူး။
ဒါဆိုရင် ဒီလို သိပ္ပံယောင်တွေကို ကျွန်တော်တို့ ဘယ်လိုရှောင်ရှားကြမလဲ။ ကျွန်တော်တို့အားလုံးဟာ သိပ္ပံပညာရှင်တွေလည်းမဟုတ် ကိစ္စတိုင်းကိုလည်း မသိနိုင်တာ၊ မှန်လားမမှန်လား လိုက်မလေ့လာနိုင်တာကြောင့် ဒီသိပ္ပံယောင်တွေကို မြင်တာနဲ့ တန်းသိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့ သိပ္ပံယောင်တွေ အားလုံးနီးပါးမှာ တူညီတဲ့အချက်တွေရှိပါတယ်။ ဒီအချက်တွေကိုကြည့်ပြီး သိပ္ပံယောင်ဟုတ်မဟုတ် ယေဘူယျအားဖြင့် ဆုံးဖြတ်လို့ရပါတယ်။

 

ပြောဆိုခွင့်ရှိသူဘက်သို့လိုက်ပါခြင်း (Appeal to Authority)
ပြောဆိုခွင့်ရှိသူတစ်ဦးပြောသည့်စကားဖြစ်သောကြောင့် ထိုစကားသည် မှန်ကန်သည်ဟု ငြင်းခုံခြင်း။
များသောအားဖြင့် ဒီအချက်ကို ဆေးလိမ်ရောင်းတဲ့သူတွေအသုံးပြုပါတယ်။ သူတို့ရဲ့ကြော်ငြာတွေမှာ ဓာတ်ခွဲခန်း ဝတ်စုံဝတ်ထားတဲ့သူပုံနဲ့ ဆေးဘယ်လောက်ကောင်းကြောင်းပြောတာ သို့မဟုတ် ဆရာဝန်ဆိုသူကိုယ်တိုင်က ဆေးကို ထောက်ခံတာမျိုးလုပ်တတ်ပါတယ်။ ဒီနေရာမှာ ဆေးကုမ္ပဏီက မရိုးသားတဲ့ ဆရာဝန်တစ်ဦးကို ငှားပြီး ကြေငြာခိုင်းတာ ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် သူ့ရဲ့ ဆရာဝန်ဘွဲ့က လုပ်ကြံထားတဲ့ဘွဲ့လည်း ဖြစ်နိုင်ပါတယ်။ နောက် ဥပမာတွေကတော့ ရတဲ့ဆုတွေကို ပြပြီးသူတို့ရဲ့ကုန်ပစ္စည်းကို ကြေငြာတာ ဖြစ်ပါတယ်။ ဒီနေရာမှလည်း ဆုပေးတဲ့အဖွဲ့အစည်း၊ တက္ကသိုလ်တွေဟာ တစ်ကယ်ရှိချင်မှ ရှိပါမယ်။ ဒါမှမဟုတ် တစ်ကယ်ရှိတယ်ဆိုရင်တောင် ဒီအဖွဲ့အစည်းတွေဟာ သက်ဆိုင်ရာ ဆေးပညာနယ်ပယ်မှာ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းဟုတ်ချင်မှ ဟုတ်ပါမယ်။ သိပ္ပံနည်းကျဖြစ်တဲ့ ဆေးဝါးမှာ အချက်အလက်ခိုင်ခိုင်လုံလုံ ပါဝင်ပြီးသားမို့လို့ ဓာတ်ခွဲခန်းဝတ်စုံဝတ်ပြစရာမလိုသလို ဘာဆုတွေရထားတာဆိုတာကိုလည်း ကြေညာစရာမလိုပါဘူး။

 

ရှေးလူကြီးစကားဆို အမှန် (Appeal to Ancient Wisdom)
ရှေးလူကြီးများပြောသမျှ၊ ရှေးလူကြီးများ၏ ဆေးညွှန်းများ၊ ရှေးလူကြီးများ စားသောက်နေထိုင်ပုံ စသည်တို့သည် ယနေ့ခေတ်သိပ္ပံပညာထက် ပိုမိုမှန်ကန်သည်။
ရှေးခေတ်တုန်းက လူ့ခန္ဓာဗေဒတည်ဆောက်ပုံနဲ့ တခြား သိပ္ပံပညာရပ်တွေအကြောင်းကို သိခဲ့ကြတာ အလွန်နည်းပါတယ်။ အဲ့လို ခေတ်တွေကတည်းကိုယ်က လူသားတွေဟာ ၎င်းတို့ရဲ့ ပတ်ဝန်းကျင်၊ ၎င်းတို့ရဲ့ လူသားတွေအကြောင်းကို အများပြားလေ့လာခဲ့ကြလို့ ယနေ့ခေတ်မှာ အချက်အလက်တော်တော်များများကို ကျွန်တော်တို့ သိခဲ့ကြတာပါ။ ဒါကြောင့်မို့လို့ ရှေးခေတ်ကလူသားတွေ၊ ပညာရှိတွေဟာ ခေတ်သစ်သိပ္ပံပညာထက်ပိုပြီး အရာရာကို နားလည်တယ်၊ အမှန်အတိုင်းပိုသိတယ်ဆိုတဲ့ အတွေးမျိုးဟာ အကျိုးအကြောင်းဆီလျော်မှုမရှိပဲ ခေတ်နောက်ပြန်ဆွဲနေခြင်းသာဖြစ်ပါတယ်။ ရှေးခေတ်ကလူသားတွေဟာ ကျွန်တော်တို့ထက်သာ ဉာဏ်ပညာပိုကြီးမယ်၊ သဘာဝလောကအကြောင်းကို ပိုသိမယ်ဆိုရင် ကမ္ဘာပြားတယ်လို့ယူတဲ့ အယူအဆ၊ လူသားတွေကို ယစ်ပူဇော်တာ၊ မွေးဖွားပြီးကလေး သေနှုန်းမြင့်တာ၊ ရှေးခေတ်ကလူအများစုမှာ ပျှမ်းမျှ သက်တမ်း ၃၀ သာနေခဲ့ရတာ စတာတွေကို တွေ့ရမှာမဟုတ်ပါဘူး။
ဒါပေမယ့် မြန်မာတိုင်းရင်းဆေး၊ တရုတ်တိုင်းရင်းဆေး စတာတွေဟာ ရှေးခေတ်ကတည်းက တည်ရှိလာတဲ့ ဆေးညွှန်းတွေဆိုပြီး လူတွေကို ကြော်ငြာလေ့ရှိကြပါတယ်။ ဆေးနည်းတစ်နည်းကို နှစ်ပေါင်းမည်မျှကြာကြာ သုံးနေနေ အကြောင်းမဟုတ်ပါဘူး။ အဓိကကြည့်ရမှာက ဒီဆေးနည်းဟာ တစ်ကယ်အလုပ်ဖြစ်လား ရောဂါပျောက်သလားဆိုတာပါပဲ။ ရောဂါတစ်ခုခုဖြစ်ရင် ရှေးခေတ် မြန်မာ့မင်းအဆက်ဆက် သုံးလာတဲ့ဆေးထက် ယနေ့ခေတ်သိပ္ပံပညာအရ အကြိမ်ကြိမ် ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားပြီး ဒီရောဂါကို ပျောက်ကင်းနိုင်တယ်လို့ အဖြေထွက်ထားတဲ့ ဆေးဟာ ပိုမိုယုံကြည်စိတ်ချရမှာပါ။ ရှေးခေတ်က ဆေးညွှန်းဖြစ်တယ်လို့ ပြောကြတာဟာ သူတို့ရဲ့ဆေး ရောဂါပျောက်ကြောင်း ပြနိုင်မယ့် သက်သေအထောက်အထားမရှိလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရှေးခေတ်အစဉ်အဆက်ကသုံးလာတယ်၊ လက်ဆင့်ကမ်းလာတယ်လို့ ပြောလာတာနဲ့ သတိကြီးကြီးထားပါ။ ဒီကြောငြာတွေရဲ့ နောက်ကွယ်မှာ သူတို့ပြောသမျှ မှန်ကန်ကြောင်းပြဖို့ ဘာသက်သေအထောက်အထားမှ မရှိဘူးလို့ ပြောနေတာပါ။

 

ဘက်လိုက်၍မှန်ကန်ကြောင်း အတည်ပြုခြင်း (Confirmation Bias)
မိမိကြိတင်တွေးတောယူဆမှုသည် အရာတစ်ခု မှန်မမှန်ဆုံးဖြတ်ရာတွင် လွှမ်းမိုးခြင်း။
စိတ်ပညာအရ ကျွန်တော်တို့လူသားတွေဟာ ကိုယ်ကြိုတွေးထင်ထားတဲ့အရာတွေကို မှန်ကြောင်းပြသတဲ့ အချက်အလက်တွေကို ရှာပြီး အတည်ပြုပြီး ကိုယ်ယုံကြည်တဲ့အရာကို မမှန်ကြောင်းပြသနိုင်တဲ့ အချက်အလက်တွေကို မျက်ကွယ်ပြုထားတတ်ကြပါတယ်။ ဘက်လိုက်ပြီး မှန်ကန်ကြောင်းဆုံးဖြတ်တတ်တဲ့အလေ့အထကို အများဆုံးတွေ့နိုင်တာကတော့ ဗေဒင်၊ လက္ခဏာ၊ နက္ခတ် ပညာရပ်တွေဖြစ်ပါတယ်။
သင်ဟာ ရှေ့ဖြစ်ဟောဆရာတစ်ယောက်ဆီကို သွားပြီး ဗေဒင်မေးတဲ့အခါမှာ နာရီဝက်၊ တစ်နာရီလောက် စကားပြောရပါလိမ့်မယ်။ ဒီလိုစကားပြောတဲ့အခါမှာ သင့်ကို သူကလူကိုယ်တိုင်တွေ့ မေးခွန်းအများကြီးမေးပြီး သင်ကလည်း ပြန်ဖြေပါလိမ့်မယ်။ လူကိုယ်တိုင်တွေ့ရတဲ့အတွက် ရှေ့ဖြစ်ဟောဆရာဟာ သင်ရဲ့ စီးပွားရေးအခြေအနေ၊ ကျန်းမာရေးအခြေအနေနဲ့ စိတ်ဓာတ်အခြေအနေ စတာတွေကို မှန်းကြည့်ဖို့လွယ်သွားပါပြီ (ကားအကောင်းစားနဲ့လာပြီး မျက်နှာညိုးငယ်နေတဲ့ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးဆိုရင် လင်ယောင်္ကျား အိမ်ထောင်ရေး ဖောက်ပြန်တဲ့ကိစ္စ၊ သားသမီးမလိမ်မာတဲ့ ကိစ္စဖြစ်ဖို့များပါပြီ)။ ဒါ့အပြင် သူ့ရဲ့ ခန့်မှန်းမှုတွေဟာလည်း ယေဘူယျ ခန့်မှန်းမှုတွေပဲဖြစ်တဲ့ စီးပွားရေးကျနေတယ်၊ အိမ်ထောင်ရေးအဆင်မပြေဘူး၊ ပညာရေးကံမကောင်းဘူး စတာတွေပဲဖြစ်မှာပါ။ ဒီလိုခန့်မှန်းတဲ့အခါမှာ သင့်ရဲ့စိတ်ဟာ နဂိုကတည်းကိုက ဒီရှေ့ဖြစ်ဟောဆရာ မှန်တယ်လို့ ထင်မှတ်ထားတာမို့ (မှန်တယ်လို့ ယုံလို့သာ အချိန်ကုန်ခံပြီး လာမေးတာပါ) သူ့ရဲ့ခန့်မှန်းမှုတွေထဲက မှန်တာတွေကိုပဲ ရွေးပြီး နားထောင်မိရက်သားဖြစ်သွားပြီး မမှန်တာတွေကိုတော့ ထည့်မတွက်လိုက်ပဲ ဒီဆရာ အရမ်းမှန်တယ်လို့ ယူဆလိုက်ပါတယ်။ ရှေ့ဖြစ်ဟောဆရာတစ်ယောက် မှန်မမှန်ကြည့်ချင်ရင် သူ့ရဲ့ခန့်မှန်းမှုတွေထဲကို ယေဘူယျခန့်မှန်းချက်တွေမဟုတ်ပဲ အသေးစိတ်ပြောခိုင်းပြီး (ဥပမာ ကျန်းမာရေးနိမ့်ကျနေတယ်လို့ခန့်မှန်းပါက ကိုယ့်မှာ ဖြစ်နေတဲ့ရောဂါနာမည် စသဖြင့်) သူ့ရဲ့ခန့်မှန်းချက် ဘယ်လောက်မှန်မမှန်ကို စိတ်ခံစားမှုမပါဘဲ သင်္ချာနည်းကျကျ ရာခိုင်နှုန်းရှာကြည့်ပါ။
နောက်ထပ် စဉ်းစားစရာတစ်ချက်က ဗေဒင်ပညာမှာ တိကျတဲ့ တွက်ပုံတွက်နည်းတွေ ခန့်မှန်းမှုတွေရှိပါတယ်။ ဒီလိုတိကျတဲ့ တွက်ပုံတွက်နည်းတွေ ခန့်မှန်းမှုတွေရှိတဲ့ ရူပဗေဒလို ပညာရပ်မျိုးမှာဆိုရင် ဘယ်သူတွက်တွက် ကိန်းဂဏန်းတွေ မမှားယွင်းပါက ဒီအဖြေပဲ ထွက်ရမှာပါ။ ဗေဒင်ပညာမှာတော့ ဒီလိုမဟုတ်ပဲ ဗေဒင်ဆရာနှစ်ယောက်တွက်တဲ့ ရလဒ်တွေအမျိုးမျိုးကွဲနေတတ်တာကို ဗေဒင်ဆရာနှစ်ယောက်ထက်ပိုပြီး မေးဖူးတဲ့ လူတိုင်းသိကြမှာပါ။ ဒီအချက်က ညွှန်ပြနေတဲ့အချက်ကတော့ ဗေဒင်ပညာဟာ သိပ္ပံနည်းကျတွက်ချက်မှု ဆိုတာထက် လူကဲခတ်ပညာသာဖြစ်တယ်ဆိုတာ သိသာပါတယ်။

baydin-all

ဗေဒင်နက္ခတ်နှင့် လက္ခဏာပညာတို့သည် ဤနိုင်ငံရှိ လူတို့၏ နေ့စဉ်ဘဝတွင် အရေးပါနေဆဲဖြစ်သည်။ 

 

အကျိုးနှင့် အကြောင်းကို ရောထွေးခြင်း (Confusing Cause and Effect)
ဖြစ်ရပ် A ဖြစ်ပြီးနောက် ဖြစ်ရပ် B ဖြစ်သောကြောင့် A သည် အကြောင်းဖြစ်ပြီး B သည် အကျိုးဖြစ်သည်ဟု တွေးခေါ်ခြင်း။
ဒီအယူအဆကို အများဆုံးတွေ့ရတာကတော့ ဆေးဖက်ဝင်တဲ့ အရွက်၊ အသီး၊ သစ်ဥ၊ သစ်ဖု စားလိုက်လို့ ရောဂါဆိုးတစ်ခု သက်သာသွားတယ်ဆိုတာပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းအနည်းငယ်က နာမည်ကြီးခဲ့တဲ့ ကိစ္စတစ်ခုကို ဥပမာပြရရင် စူလာနဖာဖြစ်ပါတယ်။ စာရေးဆရာ သာဂဒိုးဟာ ဆူလာနဖာကို အသည်းရောဂါပျောက်တယ်ဆိုပြီး သတင်းစာ၊ ဂျာနယ်၊ ရုပ်သံနဲ့ နောက်ဆုံးစာအုပ်တောင်ထုတ်ရေးပြီး ဆူလာနဖာကောင်းကြောင်းကို ကြေငြာခဲ့ပါတယ်။ သူကိုယ်တိုင်က ဆူလာနဖာကို တကယ်ကောင်းတယ်လို့ ရိုးရိုးသားသားယုံတာ မေးခွန်းထုတ်စရာမရှိပါဘူး။ ဒါပေမယ့် ဆရာ သာဂဒိုးအနေနဲ့ ဒီယုတ္တိအမှားနဲ့ ဆင်ခြင်ဖို့ လစ်ဟင်းသွားပါတယ်။
အသည်းရောဂါသည် တစ်ယောက်ကို ဆူလာနဖာသောက်ခိုင်းတယ်ဆိုပါစို့။ ဒါဆိုရင် ဒီရောဂါသည်ဟာ ဘာပဲဖြစ်ဖြစ်ဆိုပြီး သောက်မှာပါပဲ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်တွေပေးတဲ့ဆေးတွေကို သောက်နေပါလိမ့်မယ်။ အချိန်တန်တဲ့အခါ ရောဂါပျောက်သွားတဲ့အခါကျတော့ ဆရာဝန်ပေးတဲ့ အသည်းရောဂါဆေးကြောင့် ပျောက်ပေမယ့်လည်း ဆူလာနဖာကြောင့် ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာသာဂဒိုးနဲ့ ဆူလာနဖာကို ယုံကြည်ကြသူတွေဟာ ဆူလာနဖာသောက်ပြီးနောက် အသည်းရောဂါပျောက်သွားတယ်ဆိုတဲ့အချက်ကိုပဲကြည့်ပြီး ဆူလာနဖာဟာ အသည်းရောဂါတစ်ကယ်ပျောက်စေတဲ့ အကြောင်းရင်းလားဆိုတာကို မကြည့်ခဲ့ကြပါဘူး။ ထိုနည်းတူပဲ တခြားတိုင်းရင်းဆေးတွေအားလုံးလိုလိုဟာလည်း ဒီအချက်နဲ့မလွတ်ကင်းကြတဲ့အတွက် အမှန်တကယ်ပျောက်တယ်လို့ အာမခံနိုင်မှု လုံးဝမရှိဘဲ ရမ်းသမ်းလုပ်ဆောင်နေကြတာတွေဖြစ်ပါတယ်။
သဘာဝပစ္စည်းများသာသုံးထားသည် (All natural)
အရာတစ်ခုခုသည် သဘာဝအလျောက်ဖြစ်သောကြောင့် ကောင်းသည်၊ ဆေးဖက်ဝင်သည်၊ သန့်စင်သည်၊ မှန်ကန်သည် စသည်ဖြင့်ကောင်းမွန်သော အရည်အချင်းများရှိသည်ဟု ယုံကြည်ခြင်း။

တိုင်းရင်းဆေးဝါးတွေ၊ အားဖြည့်ဆေးဆိုပြီးရောင်းတဲ့ဆေးတွေ၊ ပိန်ဆေးတွေ၊ အစားအသောက်တွေ၊ အလှပြင်ပစ္စည်းတွေမှာ သဘာဝပစ္စည်းတွေ၊ အော်ဂင်းနစ်ပစ္စည်းတွေကထုတ်လုပ်ထားတယ်ဆိုတဲ့ ကြော်ငြာတွေကို တွေ့ဖူးကြမှာပါ။ ဒီလို ကြော်ငြာတွေ ကုန်ပစ္စည်းတွေက ကျွန်တော်တို့ကို သွယ်ဝိုက်ပြောကြတာကတော့ သဘာဝပစ္စည်းတွေက ထုတ်လုပ်ထားတဲ့အတွက် ဘေးကင်းတယ်၊ ခန္ဓာကိုယ်အတွက် ကောင်းမွန်တယ်စတဲ့ အချက်တွေပါ။
သဘာဝအလျောက် ပေါက်တဲ့ သစ်ဥသစ်ဖုများ၊ သဘာဝမှရသော ပစ္စည်းများကို အသုံးပြုထားခြင်းတစ်ခုတည်းကို ကြည့်၍ ကောင်းသည်၊ ဆေးဖက်ဝင်သည် သို့မဟုတ် ဘေးထွက်ဆိုးကျိုးမရှိဟု ကောက်ချက်ချ၍မရပါ။ အဘယ်ကြောင့်ဆိုသော် သဘာဝပစ္စည်းများတွင် လူကို သေစေနိုင်သည့် အဆိပ်အတောက်ရှိသော ပစ္စည်းများလည်း ပါဝင်နိုင်သည်။ မှိုအချို့ကို စားမိလျှင်အဆိပ်အတောက်ဖြစ်စေနိုင်သည်၊ ဆေးရွက်ကြီးကဲ့သို့သော အရွက်များသည် အဆုတ်ကင်ဆာကဲ့သို့ ကင်ဆာများကို ဖြစ်စေနိုင်သည်၊ ခဲကဲ့သို့ သဘာဝတွင် တွေ့ရှိသော ပစ္စည်းများကို ဓာတ်ဆီနှင့် အခြားလူသုံးပစ္စည်းများတွင် အသုံးပြုခြင်းမှတဆင့် ခန္ဓာကိုယ်အတွင်း ခဲဆိပ်သင့်နိုင်သည်၊ asbestos ဟုခေါ်သော ကျောက်ဂွမ်းကို အိမ်သုံးပစ္စည်းများတွင် အသံပြုမိသဖြင့် လူအများအပြား အဆုတ်ကင်ဆာ၊ အဆုတ်ရောဂါရခဲ့သည့် ဥပမာများလည်း ရှိခဲ့ပါသည်။ ဒါတင်မကဘဲ သဘာဝထဲမှာပဲ လူကို ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေလည်း ရှိနေတာကို မမေ့သင့်ပါ။
နောက်ထပ် လူတွေတော်တော်များများလျစ်လျူရှုကြတဲ့အချက်က ခေတ်သစ်ဆေးပညာဟာ သဘာဝပစ္စည်းတွေကနေ ထုတ်လုပ်ထားတယ်ဆိုတဲ့အချက်ပါ။ ဆေးပညာသမိုင်းမှာ အရေးအပါဆုံးဖြစ်တဲ့ ပန်နယ်စလင်ကို အလက်ဇန်းဒယား ဖလမ်မင်း (Alexander Fleming) စတွေ့ခဲ့ပုံက သဘာဝကဖြစ်တဲ့ ပိုးမွေးကျောက်ကျောပြားပေါ်က မှိုဆီက ရခဲ့တာပါ။ ဒါပေမယ့် ဒီလို သဘာဝအတိုင်းဖြစ်တဲ့ မှိုဆီက အဆင့်ဆင့် ထုတ်ယူပြီးမှ လူသားတွေသောက်သုံးနိုင်တဲ့ပမာဏကို သောက်ဆေးအနေနဲ့ ထုတ်လုပ်နိုင်ခဲ့တာပါ။ ထိုနည်းတူပဲ ကျွန်တော်တို့ သောက်နေတဲ့ အကိုက်အခဲပျောက်ဆေးတွေကိုလည်း သစ်ခေါက်တစ်မျိုးကနေ ရှာဖွေတွေ့ရှိထားတာပါပဲ။ သစ်ခေါက်ကို ဒီအတိုင်းကျိုချက်သောက်မယ်ဆိုရင် မလွယ်ကူတဲ့ အတွက် ဒီကနေမှ အကိုက်အခဲသက်သာစေတဲ့ ဓာတုပစ္စည်းကိုသာ ထုတ်ယူပြီး ဆေးအဖြစ်ထုတ်လိုက်တာဖြစ်ပါတယ်။
မြန်မာပြည်ကလူတွေအများစု ယူဆနေကြတဲ့ အင်္ဂလိပ်ဆေး (ခေတ်သစ်ဆေးပညာကို ဆိုလိုသည်) သောက်ရင် ဘေးထွက်ဆိုးကျိုးရှိတယ်။ သဘာဝကရတဲ့ သစ်ဥသစ်ဖုတွေကနေ ထုတ်ထားတဲ့ မြန်မာတိုင်းရင်းဆေးကတော့ ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုတဲ့ ယူဆချက်ဟာလည်း လုံးဝကို မှားယွင်းနေပါတယ်။ ခေတ်သစ်ဆေးပညာမှာ ဘေးထွက်ဆိုးကျိုးရှိတယ်လို့ ကျနော်တို့ သိရတဲ့အကြောင်းရင်းက ခေတ်သစ်ဆေးပညာမှာ စမ်းသပ်စစ်ဆေးမှုတွေကို ဓာတ်ခွဲခန်းထဲမှာ အကြိမ်ကြိမ် လုပ်ပြီး လူသားတွေသောက်သုံးလို့ စိတ်ချရတော့မှ ထုတ်ဝေတာကြောင့် ဘေးထွက်ဆိုးကျိုးကို ဆေးအညွှန်းတွေမှာ တစ်ခါထဲရေးပေးထားတာပါ။ ဘေးထွက်ဆိုးကျိုးရှိလို့ စိတ်ပူစရာမရှိပါဘူး။ သင့်ကိုဆေးအညွှန်းပေးတဲ့ဆရာဝန်က ရောဂါနဲ့ ဘေးထွက်ဆိုးကျိုးကို ချိန်ညှိပြီးမှ ပေးတာပါ။ တစ်ကယ်လို့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ကိုယ့်မှာ နောက်ထပ်ရောဂါတစ်ခုရလာရင် များသောအားဖြင့် ဒါဟာ ဆရာဝန်ရဲ့အမှားကြောင့် ဒါမှမဟုတ် တခြားအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီအချက်နဲ့ ပြောင်းပြန်အနေနဲ့ တိုင်းရင်းဆေးတွေဟာ ဘာသုသေတနမှ မယ်မယ်ရရမလုပ်ပဲ လူတစ်ယောက်ကို တိုက်ကြည့်လို့ ဒီလူရောဂါပျောက်သွားရင် ကျန်တဲ့လူတွေမှာပါရောဂါပျောက်မယ်ဆိုပြီး ယူဆကြတာပါ။ တလောက သင်္ဘောရွက်ဟာ ကင်ဆာပျောက်တယ်ဆိုပြီး ခေတ်ထလိုက်ပါသေးတယ်။ သင်္ဘောရွက်ကိုယ်တိုင်က ကင်ဆာတကယ်ပျောက်တာ ဖြစ်ကောင်းဖြစ်ပါမယ်။ ဒါမှမဟုတ်လည်း ကင်ဆာဆေး (ကီမိုကုထုံး – Chemotherapy) ကုသမှုခံယူနေတဲ့ ကင်ဆာရောဂါသည်က သင်္ဘောရွက်လည်းစားရင် ကီမိုကုထုံးကြောင့် ကင်ဆာပျောက်သွားတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူတွေကတော့ သင်္ဘောရွက်ကောင်းကြောင်း ညွှန်းလိုက်ကြတာ နောက်ဆုံး သင်္ဘောရွက်ဟာ ရောဂါအကုန်လုံးကို ကုနိုင်တဲ့ နတ်ဆေး အဆင့်အထိ ရောက်သွားပါတယ်။ လောကမှာ ရောဂါပေါင်းစုံကို ကုနိုင်တဲ့ ဆေးရယ်လို့ မရှိသေးတာ၊ မရှိနိုင်တာကို မမေ့ပါနဲ့။

vimax

ဆေးပညာအရ တိတိကျကျ အဓိပ္ပါယ်မရှိသော စကားများဖြစ်သည့် အဆိပ်ဖယ်ရှားပေးခြင်း (Detoxification)၊ စွမ်းအင် အဆင့်ကို မြှင့်ပေးခြင်း (Increasing Energy Levels)၊ အတွင်းပိုင်း ကိုယ်ခန္ဓာစနစ်တစ်ခုလုံးကို သန့်စင်ပေးခြင်း (Cleansing Entire Internal System) စသဖြင့် ကြောငြာထားသည်ကို သတိပြုပါ။ 

စာခြောက်ရုပ် (Straw Man)
အခြားသူတစ်ဦးငြင်းခုံသည့် အဓိပ္ပါယ်ကို လွဲချော်ကောက်၍ တိုက်ခိုက်ရလွယ်ကူအောင် လုပ်ခြင်း
Conspiracy theory တွေကို ယုံကြည်ကြတဲ့လူတွေဟာ ဒီယုတ္တိအမှားကို အသုံးပြုကြတာများပါတယ်။ လကမ္ဘာပေါ်ကို အပိုလိုအာကာသယာဉ်နဲ့သွားပြီး လူခြေချခဲ့တာ မဟုတ်ဘူးလို့ ယုံကြည်ကြသူတွေဟာ ဒီလို ပြောလေ့ရှိပါတယ်။ “ဓာတ်ပုံတွေထဲမှာ ကြယ်တွေကို မမြင်ရဘူး။ ကြယ်တွေဟာ အာကာသထဲမှာ ရှိရတယ်၊ အာကာယာဉ်မှူးတွေကလည်း သူတို့ကြယ်တွေကို မြင်တယ်လို့ပြောတယ်။ ဒါတောင်ကြယ်တွေက ဓာတ်ပုံထဲ မရှိဘူးဆိုတော့ ဒါလိမ်ညာထားတာပဲ ဖြစ်မယ်။”
ကြယ်တွေကို မမြင်ရတာရဲ့အကြောင်းပြချက်က ကင်မရာတွေရဲ့ exposure time နဲ့ shutter aperture နဲ့ဆိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်ကျတဲ့ လမျက်နှာပြင်ကို ကင်မရာတွေနဲ့ ရိုက်ခဲ့တာမို့ ကြယ်တွေဟာ တိုတောင်းတဲ့ exposure time မှာ သိပ်မလင်းနိုင်တဲ့အတွက် မမြင်ရတာပဲဖြစ်ပါတယ်။ တစ်ကယ်လို့သာ ကြယ်တွေကို ဓာတ်ပုံရိုက်ဖို့အတွက် ကင်မရာတွေကို ချိန်ထားမယ်ဆိုရင် လမျက်နှာပြင်ဟာ overexpose ဖြစ်နေပါလိမ့်မယ်။ ဒါဟာ အခြေခံ ဓာတ်ပုံပညာတတ်တဲ့ လူတိုင်းသိတဲ့အချက်ပါ။
မိမိနှင့် ရင်းနှီးသောအရာကို မြင်ရကြားရသည်ဟု အာရုံထင်မှားခြင်း (Pareidolia)
Pareidolia ဆိုတာကတော့ သိမြင်ကြားသိတဲ့နေရာမှာ မိမိနဲ့ ရင်းနှီးတာကိုပဲ မှားယင်းပြီး မြင်နိုင်ကြားနိုင်တတ်တဲ့ လူ့စိတ်ရဲ့သဘောသဘာဝပဲဖြစ်ပါတယ်။
အရာတစ်ခုခုကို မြင်ရကြားရတဲ့အခါမှာ ကိုယ်ရင်းနှီးတဲ့ ပုံစံကို လူ့ဦးနှောက်ဟာ ပုံဖော်ကြည့်ပါတယ်။ ဒီပုံစံဟာ အပြင်မှာ တစ်ကယ်မရှိပေမယ့် လူ့ဦးနှောက်ကတော့ သူနဲ့ရင်းနှီးတဲ့ အရာတစ်ခုဖြစ်တယ်ဆိုပြီး သေသေချာချာ ပုံဖော်လိုက်ပါတယ်။ ဒါကြောင့်ပဲ ပေကြံနေတဲ့ ဆေးကွက်တွေဟာ မျက်နှာပုံစံပေါက်နေနိုင်သလို၊ ဆူညံသံတွေဟာလည်း စကားပြောသံလိုလို အဓိပ္ပါယ်ရှိတဲ့ စာကြောင်းလိုလို ဖြစ်နေနိုင်ပါတယ်။
ဒီလိုဖြစ်ရတာဟာ ကျွန်တော်တို့ဦးနှောက်ရဲ့ ပုံစံမှတ်သားမှု (pattern recognition) ကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမြင်အာရုံ အကြားအာရုံတွေဟာ ပုံစံမှတ်သားမှုအပေါ် များစွာ မှီခိုထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ လူအများကြီးက လေသံအမျိုးမျိုး အမြန်နှုန်းအမျိုးမျိုးနဲ့ပြောတဲ့ ဘာသာစကားတစ်ခုကို နားလည်ပြောဆိုနိုင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အရင်ကလုံးဝမမြင်ဖူးတဲ့ ပုံရိပ်အမျိုးမျိုး အရောင်အမျိုးမျိုးရှိပြီး အနည်းငယ်ကွဲပြားမယ် ဆိုရင်တောင် ဒီအရာတွေကို ကျွန်တော်တို့ဦးနှောက်ကမှတ်မိနိုင်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ ကျွန်တော်တို့ဟာ လူတွေကို မှတ်မိနေပြီး တစ်ယောက်နဲ့တစ်ယောက် ခွဲခွဲခြားခြားသိနေကြတာပါ။ စာဖတ်သူအနေနဲ့ စာကြောင်းတွေကို တစ်ကြောင်းပြီးတစ်ကြောင်းအခုလို အမြန်ဖတ်နိုင်နေတာလည်း ဒီစွမ်းရည်ကြောင့်ပါပဲ။

martian_face_viking_cropped

Face on Mars ဟုလူသိများသော အင်္ဂါဂြိုဟ်မျက်နှာပြင်သို့ ဂြိလ်တုမှတဆင့်ရိုက်စဉ် မြင်ရသော မျက်နှာသဏ္ဌာန် အရာတစ်ခု။ အခြားရှုထောင့်များမှ ရိုက်ထားသော ဓာတ်ပုံများကို ပြန်ကြည့်သောအခါ သာမန် သဘာဝအတိုင်းရှိသော တောင်ကုန်းမြင့်တစ်ခုသာ ဖြစ်သည်ဟု သိရသည်။

ဒီလို ကောင်းကျိုးတွေရှိသလို ဆိုးကျိုးလည်းရှိပါတယ်။ ဒါကတော့ အသံတစ်သံ သို့မဟုတ် အရာတစ်ခုကို ဝိုးတိုးဝါးတားတွေ့တဲ့အခါ ဦးနှောက်ဟာ သူနဲ့ ရင်းနှီးတဲ့ ပုံစံတစ်ခုပေါ်လာအောင် ကြိုးစားပါတော့တယ်။ ကျွန်တော်တို့လူသားတွေရဲ့တစ်သက်တာမှာ အရင်းအနှီးဆုံး အရာဝတ္ထုဟာ လူ့မျက်နှာဖြစ်ပြီး အကြားရဆုံးအသံကတော့ ကိုယ့်နာမည်ဖြစ်ပါတယ်။ ဒါကြောင့် လူတော်တော်များများဟာ အလင်းရောင် မရှိတရှိ အမှောင်ထဲမှာ သရဲပုံ တစ္ဆေပုံ တွေ့ခဲ့ရတယ်လို့ဆိုတာဟာ ဒီအချက်ကြောင့်ပါ။ လူ့ရဲ့ဦးနှောက်ဟာ ကိုယ်အရင်းနှီးဆုံးဖြစ်တဲ့ လူ့မျက်နှာပုံကို ဖော်ပြတာကြောင့် ကျွန်တော်တို့ဟာ အမှောင်ထဲမှာ တစ္ဆေသရဲတစ်ကောင်ရဲ့ မျက်နှာကိုမြင်ရတယ်လို့ ကြောက်လန့်ကြတာဖြစ်ပြီး ကိုယ့်နာမည်ကို ခေါ်တယ်ဆိုတဲ့ အချက်ဟာလည်း နီးစပ်တဲ့အသံတစ်ခုကို ကြားလိုက်တာနဲ့ ကိုယ့်နာမည်ကိုတစ်ယောက်ယောက်ကခေါ်နေတာ ဆိုပြီး ဦးနှောက်က အနီးစပ်ဆုံးပုံစံ (pattern) ကိုယူလိုက်လို့ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သရဲတစ္ဆေအမှန်တစ်ကယ်ရှိတယ်လို့ ယုံကြည်တဲ့သူတွေဟာ သူတို့ကိုယ်တိုင် လိမ်ညာပြောခြင်းမဟုတ်သော်လည်း မိမိဦးနှောက်က မိမိကိုလှည့်ဖြားပြီး မြင်နေကြားနေကျ ပုံတွေ အသံတွေလို့ ပုံဖော်လိုက်တဲ့အခါမှာ သရဲတစ္ဆေတစ်ကယ်ရှိပါတယ်၊ ကိုယ်တွေ့မြင်ခဲ့ရပါတယ်လို့ ထင်ကြတာဖြစ်ပါတယ်။
မသိမှုကိုဦးတည်၍ငြင်းခုံခြင်း (Argument from Ignorance)
အဆိုတစ်ခုကို မှားကြောင်းသက်သေပြနိုင်သည့် အတွက်၊ ထိုအဆိုနှင့် ဆန့်ကျင်ဘက် သက်သေအထောက်အထား မရှိသည့်အတွက် အဆိုကို အမှန်ဖြစ်သည်ဟု လက်ခံခြင်း။
Conspiracy theory တစ်ခုဖြစ်တဲ့ ancient alien ဟာဆိုရင် ဒီယုတ္တိကို ကောင်းကောင်းအသုံးချပြီး သူ့အဆိုမှန်ရမယ်လို့ တည်ဆောက်ထားတာဖြစ်ပါတယ်။ Ancient alien ဆိုတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကမ္ဘာမြေပေါ် ဂြိုဟ်သားတွေရောက်လာကြပြီးမှ ဂြိဟ်သားတွေက လူတွေကို သိပ္ပံ၊ အင်ဂျင်နီယာနဲ့ တခြား အတတ်ပညာတွေကို သင်ပေးခဲ့တာဖြစ်တယ်လို့ ယူဆတဲ့ သီအိုရီဖြစ်ပါတယ်။ ပီရူးနိုင်ငံရှိ နာဇ်ကာ သဲကန္တာရက လိုင်းများ (Nazca Lines)၊ အီစတာကျွန်းစု (Easter Islands) မှ ရုပ်တုများ၊ အီဂျစ်ပိရမစ်များ စသည်တို့နဲ့ ပတ်သက်လို့ ကျေနယ်ဖွယ်ရာ ရှင်းလင်းချက်မရှိတာကြောင့် ကမ္ဘာ့ပြင်ပက ဂြိုဟ်သားတွေက ဒါတွေကို ဆောက်ထားတာဖြစ်နိုင်တယ်ဆိုတဲ့ သီအိုရီဟာ မှန်ရမယ်ဆိုပြီး ပြောဆိုရေးသားကြတာ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့်မှ လူသားတွေကို ဂြိုဟ်သားတွေက တခြားနည်းပညာတွေကို သင်ပေးလိုက်မှ လူသားတွေ တိုးတက်ခေတ်မီ သွားကြတယ်လို့ ဆိုချင်တာပါ။
ပြောခဲ့တဲ့အတိုင်း ဒီအဆို သို့မဟုတ် သီအိုရီ မှန်ကန်တယ်လို့ သက်သေပြနိုင်တဲ့ အထောက်အထား မခိုင်လုံဘဲ အဲ့ဒီ့ခေတ်တုန်းက လူသားတွေဟာ ဘာကြောင့်ဆောက်တယ်၊ သူတို့ရဲ့ အဲ့အချိန်က နည်းပညာနဲ့ ဘယ်လိုဆောက်ခဲ့တယ် ဆိုတာကို မသိတာနဲ့ ဂြိုဟ်သားတွေ ဆောက်ခဲ့တာ၊ ဂြိုဟ်သားတွေက လူတွေကို နည်းပညာတွေသင် ပေးခဲ့တာ ဖြစ်မယ်ဆိုတဲ့ တွေးခေါ်ပုံဟာ မှားနေတာပါ။
အီဂျစ်အီဂျစ်ပရစ်မစ်တွေကိုဆောက်တဲ့အခါမှာ လုပ်သားထောင်ပေါင်းများစွာဟာ ကျောက်တုံးကြီးတွေကို ကျောက်တွင်းကနေ ဆောက်မယ့်နေရာအထိရောက်အောင် သစ်သားစွပ်ဖားကြီးတွေနဲ့ ဆွဲကြတဲ့ပုံတွေကို တူးဖော်သူတွေ တွေ့ရှိပြီးသားဖြစ်ပါတယ်။ ဆောက်၊ လွှနဲ့ အခြား ဖြတ်တောက်နိုင်တဲ့ ပစ္စည်းတွေကိုလည်း ဂီဇာ ပိရမစ်အနားမှာ တွေ့ခဲ့တာကလည်း ပိရိမစ်တွေကို လူသားတွေကပဲ ခက်ခက်ခဲခဲဆောက်လုပ်ခဲ့ကြပါတယ်ဆိုတဲ့ သက်သေအထောက်အထားတွေပါ။
သီအိုရီနှစ်ခုဟာ တစ်ခုနဲ့တစ်ခု အပြိုင်ဖြစ်လာပြီဆိုရင် နှစ်ခုလုံးကို မှန်မမှန်စစ်ဆေးပြီးမှ ဘယ်တစ်ခုဟာ အမှန်ဖြစ်တယ်ဆိုတာကိုလက်ခံရတာပဲ။ ပထမသီအိုရီက မှားလို့ ဒုတိယသီအိုရီ မှန်ကန်ကြောင်း အထောက်အထားတွေကို မစစ်တော့ဘဲ အမှန်လို့ တစ်ထစ်ချ လက်ခံလို့ မရပါဘူး။

Ancient_Aliens_Moai-E.jpeg

အီစတာကျွန်းမှ ရုပ်တုများ

အခုဖော်ပြခဲ့တာတွေကို ကြည့်ပြီး ဒါတွေကို ယုံတဲ့လူတွေဟာ အတော် အသိဉာဏ်ချို့တဲ့မယ်လို့ ထင်နိုင်ပါတယ်။ မဟုတ်ပါဘူး။ ဒီလို သိပ္ပံယောင်တွေ၊ conspiracy theory တွေအလုပ်ဖြစ်ရတဲ့ အကြောင်းရင်းတွေရှိပါတယ်။

၁။ စူးစမ်းလေ့လာလိုစိတ်
ကျွန်တော်တို့တွေအားလုံးဟာ ပစ္စည်းအသစ်အဆန်းဆိုရင် စိတ်ဝင်စား၊ စူးစမ်းလေ့လာလိုစိတ်ရှိကြပါတယ်။ မဖြေရှင်းနိုင်သေးတဲ့ စကြာဝဠာကအကြောင်းတွေ၊ ထူးဆန်းသတ္တဝါတွေ စတာတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြပါတယ်။ ထိုနည်းတူပဲ ကင်ဆာနဲ့ HIV အပါအဝင် ရောဂါပေါင်းစုံကို ပျောက်စေနိုင်တဲ့ ဆေး၊ ၁ လအတွင်း အဆီကျဆေးစတာတွေကို ကျွန်တော်တို့အားလုံး ဉာဏ်ကောင်းသူတွေ၊ ပညာတတ်သူတွေအပါအဝင် စမ်းသပ်လိုကြပါတယ်၊ စမ်းသုံးလိုကြပါတယ်။
၂။ လွယ်တာကိုကြိုက်စိတ်
သင့်ဆရာဝန်က သင့်ကို ကျောက်ကပ်အလုပ်မလုပ်တော့တာကြောင့် တစ်သက်လုံး ကျောက်ကပ်ဆေးရတော့မယ်လို့ ပြောတာထက် မိတ်ဆွေတစ်ယောက်က သူ့မှာ မြန်မာနန်းတွင်းသမားတော်အစဉ်အဆက် ဖော်စပ်ခဲ့တဲ့ ကျောက်ကပ်ဆေးရှိကြောင်း ကျောက်ကပ်အလုပ်မလုပ်တာကို လုံးဝပြန်ကောင်းနိုင်ကြောင်း တစ်နေ့သုံးကြိမ်ပဲ သောက်စရာလိုကြောင်း ပြောတဲ့အခါ ဘယ်တစ်ခုက ပိုလွယ်ပြီး သင့်ကို ပိုစွဲဆောင်နိုင်စွမ်းရှိမလဲ။ သိပ္ပံယောင်တွေကို အသုံးပြုတဲ့ ဆေးဝါးတွေအားလုံးဟာ လွယ်ကူရိုးရှင်းတဲ့အဖြေကိုပဲ လူတွေကိုပေးတာကြောင့် လူတွေကို အမြဲဆွဲဆောင်နေနိုင်ပါတယ်။
၃။ ဖြစ်နိုင်ခြေများ
သိပ္ပံနည်းကျ ဖြေရှင်းချက်များကို သီအိုရီများလို့သာ ခေါ်ပါတယ်။ ရှာဖွေတွေ့ရှိမှု အသစ်၊ စမ်းသပ်မှုအသစ်တွေက ပေါ်ထွက်လာတဲ့ရလဒ်တွေကိုကြည့်ပြီး ဒီသီအိုရီတွေ မှားယင်းမှုရှိရင် ပယ်ဖျက်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်းတို့ကို ပြုလုပ်ကြပါတယ်။ သက်သေအထောက်အထား လုံလုံလောက်လောက်ရှိပြီး ဘယ်လောက်ခိုင်မာတဲ့ သီအိုရီပဲဖြစ်ပါစေ လေ့လာမှုအသစ်တွေရဲ့ရလဒ်တွေနဲ့မကိုက်ညီရင် ပြင်ဆင်ပြောင်းလဲမှုတွေကို လုပ်နိုင်ပါတယ်။ ဒါကို တချို့လူတွေကို တဆုံးတွေးလိုက်ပြီး သိပ္ပံပညာဟာ မယုံကြည်ရကြောင်း၊ (သီအိုရီတစ်ခုလုံးမှားယွင်းတာ မဟုတ်ပဲ တစ်စိတ်တစ်ပိုင်းမှားယွင်းတာကို ပြင်ဆင်ရတဲ့အခါ) သိပ္ပံပညာရှင်တချို့ကတောင် ဒီသီအိုရီကို လက်မခံကြကြောင်း ပြောဆိုတတ်ကြပါတယ်။
၎။ ဆင်ခြင်ဉာဏ်မပြည့်ဝခြင်း
လူတွေဟာ ပြဿနာတစ်ခုအပေါ် နက်နက်နဲတွေးခေါ်ဖို့ ထက် သာမန်ကာလျှံကာပဲ တွေးတောလိုကြပါတယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့ဟာ လွယ်တာကိုပဲ လက်ခံလိုကြပြီး ရှုပ်ထွေးတဲ့အကြောင်းအရာတွေဖြစ်တဲ့ ဆင့်ကဲဖြစ်စဉ်လိုမျိုး အရာတွေကို လက်မခံလိုကြပါဘူး။ ဒါကြောင့်လည်း အထက်မှာ ဖော်ပြထားတဲ့ အချက်တွေကို သိတဲ့တိုင်အောင် တချို့သောလူတွေကတော့ ဒီအရာတွေကို ယုံနေဦးမှာပဲ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကြောင့် ပစ္စည်း အသစ်အဆန်း၊ ဆေးဝါးအသစ်အဆန်း၊ သီအိုရီအသစ်အဆန်းတွေကို လက်မခံရဘူးလို့ မဆိုလိုပါဘူး။ သိပ္ပံပညာရှင်တွေဟာ မိမိတို့ရဲ့ စူးစမ်းလိုစိတ်ကို အားပေးခဲ့လိုသာ သိပ္ပံနဲ့ နည်းပညာတွေတိုးတက်လာတာပါ။ စူးစမ်းလေ့လာစိတ်ကို အားပေးသလို တစ်ဖက်မှာလည်း အကျိုးအကြောင်းနဲ့ ဆက်စပ်တွေးခေါ်တတ်မှု၊ သံသယစိတ်ထားတွေကို မွေးမြူရမှာပါ။ အရာရာကို စူးစမ်းလေ့လာပေမယ့် ယုံကြည်သင့် ယုံကြည်ထိုက်မှပဲ ယုံကြည်ရပါမယ်။ လူတစ်ဦးတစ်ယောက် ပြောလို့လက်ခံတာမျိုး မဟုတ်ဘဲ အရာရာကို မိမိဘာသာ လေ့လာစူးစမ်းပြီး (အင်တာနက်တွင် ရှာဖွေကြည့်ရှုခြင်း၊ သက်ဆိုင်သည့် စာအုပ်စာတမ်းများ ဖတ်ရှုခြင်း) မှန်ကန်တယ်လို့ အတည်ပြုနိုင်မှသာ လက်ခံသင့်ပါတယ်။ မိုးခြိမ်းတယ်ဆိုတာ သာမန် သဘာဝဖြစ်စဉ်သာဖြစ်ပြီး ဒေဝေါကို ကြောက်စရာမလိုဘူးလို့ သိသွားတဲ့ ကလေးတစ်ယောက်အဖို့ အကြောက်တရားကင်းတဲ့ လွတ်လပ်မှုကို ရသွားပါလိမ့်မယ်။ ဒီလိုပဲ လူကြီးတွေဖြစ်တဲ့ ကျနော်တို့ဟာလည်း ခေတ်သစ်ဒေဝေါတွေကို မိမိဘဝမှ ဖယ်ရှားပြီး လွတ်လပ်မှုအရသာကို ခံစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

 
ကိုးကား-

http://www.abpischools.org.uk/page/modules/infectiousdiseases_timeline/timeline6.cfm?coSiteNavigation_allTopic=1
http://www.fontcraft.com/idiotwars/common-conspiracy-fallacies/#sthash.25SR9Xbv.dpuf
http://www.logicallyfallacious.com/index.php/logical-fallacies/73-conspiracy-theory

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s