အသိဉာဏ်မြင့်သော ကမ္ဘာ့ပြင်ပသက်ရှိနဲ့ ၎င်းကို ရှာပုံတော်ဖွင့်ခြင်း

နဂါးငွေ့တန်း ဂလက်ဆီအတွင်းမှာ အသိဉာဏ်မြင့်တဲ့ သက်ရှိတွေရဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းတွေ သန်းနဲ့ချီပြီး ရှိနေနိုင်တယ်ဆိုတယ်လို့ တင်ပြခဲ့ဖူးတဲ့သူတွေထဲမှာ နက္ခတ္တဗေဒပညာရှင် Carl Sagan (၁၉၃၄-၁၉၉၆) လည်းပါဝင်ပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ စာပေလက်ရာများ ဖြစ်ကြတဲ့ Cosmos နဲ့ အခြားစာရေးဆရာ တစ်ဦးနဲ့ တွဲဖက်ရေးသားတဲ့ Intelligent Life in the Universe စာအုပ်တွေရယ်၊ သူ့ရဲ့ ရုပ်မြင်သံကြား အစီအစဉ် Cosmos: A Personal Voyage ရယ်မှာ ဒီအကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

ကမ္ဘာ့ပြင်ပ အသိဉာဏ်ရှိ သက်ရှိတွေ ရှိကြောင်း မရှိကြောင်း သဘောမျိုးနဲ့ ငြင်းခုံတာမျိုး မဟုတ်ပေမယ့် အာကာသထဲမှာ သူတို့ကို လိုက်လံဖွေရှာနိုင်မှုအပေါ် များစွာ သံသယ ရှိသူတွေထဲမှာတော့ Ernst Mayr (၁၉ဝ၄-၂ဝဝ၅) လည်းပါဝင်ပါတယ်။ သူနောက်ဆုံး ရေးသားခဲ့တဲ့ What Makes Biology Unique: Considerations on the Autonomy of a Scientific Discipline စာအုပ် (၂ဝဝ၄) မှာတော့ ပြင်ပကမ္ဘာသက်ရှိ အသိဉာဏ်ရှိသက်ရှိ ရှာဖွေမှု သို့မဟုတ် ဆက်တီ (SETI – Search for Extra Terrestrial Intelligence) အကြောင်းကို အတော်လေး အတိုက်အခံ ဆွေးနွေးပြထားတယ်။ SETI ကို စိတ်အားထက်သန်သူတွေကို Setians လို့ သမုတ်ခေါ်ဆိုခဲ့ပါတယ်။ Setians တွေကို သရော်ခဲ့သူ (အထူးသဖြင့် Carl Sagan ကို သရော်ခဲ့သူ)တွေထဲမှာ လူမှုသိပ္ပံပညာရှင် Robert Nisbet လည်း ပါဝင်တယ်။ သူ့ရဲ့ Prejudices: A Philosophical Dictionary (1983) စာအုပ်မှာဆိုရင် Sagan ကို နာမည်တပ်မခေါ်ပေမယ့် ရုပ်သံအစီအစဉ်ထဲမှာ သန်းထောင်ချီတဲ့ ကြယ်တွေကို အလည်သွားတဲ့ နက္ခတ္တဗေဒပညာရှင်တစ်ပိုင်း-ပြဇာတ်အုပ်တစ်ဦး (astronomer-impresario) လို့ သွယ်ဝိုက်သုံးနှုန်း ဝေဖန်ထားပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် Simon Conway Morris ကတော့ သူ့ရဲ့ Life’s Solution: Inevitable Humans in a Lonely Universe ( ၂ဝဝ၃) စာအုပ်ထဲမှာ စကြဝဠာတစ်ခုလုံးမှာ လူသားမျိုးနွယ်က တစ်ခုတည်းသော အသိဥာဏ်ရှိတဲ့ သက်ရှိတွေ ဖြစ်ကြောင်း သေချာတယ်ဆိုတဲ့ သဘောမျိုး ရေးခဲ့တယ်။ အယူအစွဲ ပိုနည်းပြီး ပိုပြီး ကြောင်းကျိုး ညီညွတ်တဲ့ ဆွေးနွေးမှုမျိုးကိုတော့ ရူပဗေဒပညာရှင် Paul Davies ရဲ့  The Errie Silence (၂ဝဝ၉) စာအုပ်မှာ တင်ပြထားတယ်။

ပြင်ပကမ္ဘာသက်ရှိတွေနဲ့ ပတ်သက်တဲ့ အယူအစွဲကြီးသူတွေ နှစ်ဖက်လုံးမှာ ပြင်ပကမ္ဘာ သက်ရှိတွေ ရှိကြောင်း မရှိကြောင်း အပြိုင်အဆိုင် ကြွေးကြော်ကြပါတယ်။ ကမ္ဘာပေါ်က ထင်ရှားတဲ့ ဘာသာတရားတွေမှာလည်း နတ်ဗြဟ္မာတွေ၊ ကောင်းကင်တမန်နဲ့ နတ်မိစ္ဆာတွေ အဖြစ် ပြင်ပကမ္ဘာသက်ရှိတွေကို ယုံကြည်မှုတွေရှိကြပြန်တယ်။

ဒါပေမယ့် အထက်မှာ ဖော်ပြခဲ့တဲ့ Ernst Mayr ကို Conway Morris နဲ့ Paul Davies တို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် Ernst Mayr ရဲ့အမြင်မှာ ပြင်ပကမ္ဘာသက်ရှိ မရှိနိုင်ဘူးလို့ ပြောတာ မဟုတ်ဘဲ အဲဒါတွေကို ငွေကြေးနဲ့ ပိုက်ဆံ အကုန်ခံ အားထုတ် ရှာဖွေဖို့ မလိုအပ်ဘူး လို့သာ ဆိုခဲ့ပါတယ်။ ဒီလို ရှာဖွေရင်လည်း အကျိုးထူးခြားမှာ မဟုတ်ဘူးလို့ သူက ဆိုလိုပါတယ်။ ကမ္ဘာပေါ်မှာ လူတွေ နေထိုင်နေကြောင်း စကြဝဠာထဲကို ရေဒီယိုလှိုင်းတွေ၊ အာကာသယာဉ်တွေအနေနဲ့ သတင်းထုတ်လွှင့်လိုက်ရင်လည်း ဒေါသထွက်နေတဲ့ ဂြိုဟ်သားအုပ်ကြီးတွေ ရောက်လာမှာ မစိုးရိမ်ပါနဲ့။ သက်ရှိနေထိုင်တဲ့ကြယ်စနစ်တစ်ခုကနေ ကမ္ဘာကို အလင်းရဲ့ အလျင်နဲ့ လာမယ်ဆိုရင်တောင် နှစ်ထောင်ချီ သို့မဟုတ် သန်းချီပြီးတောင် ကြာနိုင်ပါတယ်။

Paul Davies ကတော့ အသိဥာဏ်ရှိတဲ့ သက်ရှိတွေဟာ ဂြိုဟ်တွေမှာပဲ ဖြစ်တည်နိုင်တယ်။ ဂြိုဟ်တွေက သူတို့ရဲ့ မိခင်ကြယ်ကို လှည့်ပတ်နေပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ နေမင်းလို ကြယ် တစ်ခုမှာ အသိဥာဏ်ရှိတဲ့ သက်ရှိတွေ ဖြစ်ထွန်းလာမယ်ဆိုရင်တောင် ဒါက ဖြစ်တောင့် ဖြစ်ခဲ အခြေအနေတစ်ခုပါ။ သက်ရှိတွေ ဖြစ်လာပြီးတဲ့နောက်မှာ ရေဒီယိုလှိုင်းအခြေခံ နက္ခတ္တဗေဒကို တတ်မြောက်ပြီးရင်တောင် အခြားကြယ်စနစ်တွေဆီကို အာကာသယာဉ်တွေ မစေလွှတ်နိုင်ခင် သူတို့ရဲ့ မိခင်ကြယ်တွေ သေဆုံးသွားပါလိမ့်မယ်။ မိခင်ကြယ်တွေရဲ့  သက်တမ်းက ပြင်ပကမ္ဘာသက်ရှိတွေ အချင်းချင်း ဆက်သွယ်မှုကို ကန့်သတ်လို့နေပါတယ်။ ဒါကြောင့် Ernst Mayr နဲ့ Paul Davies တို့ရဲ့ အယူအဆအရ နဂါးငွေ့တန်း ဂလက်ဆီနဲ့ အခြား ဂလက်ဆီတွေမှာ အသိဥာဏ်ရှိတဲ့ သက်ရှိတွေ ရှိမယ်ဆိုရင်တောင် ဂလက်ဆီ တစ်ခုနဲ့ တစ်ခုကြား ခရီးသွားခြင်းကို ခေတ္တထားလို့ နဂါးငွေ့တန်း ဂလက်ဆီအတွင်းထဲက ကြယ်စနစ်တွေ ကြားမှာ ခရီးသွားမယ်၊ သို့မဟုတ် ဆက်သွယ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

လူတွေဖြစ်တည်ရှင်သန်နေပြီး ဒိုင်နိုဆောတွေ ကွယ်ပျောက်သွားပုံကို သိပ္ပံနည်းကျ လေ့လာနိုင်နေတာ ကိုယ်တိုင်က အဏုစိတ်ချိန်ညှိမှုဝါဒီ တွေအတွက် ငြင်းခုံစရာ အချက်တစ်ခုဖြစ်နေပါတယ်။ အဏုစိတ်ချိန်ညှိမှုဝါဒ (Fine-Tuning) ဆိုတာကတော့ “စကြဝဠာကြီးဟာ ဒီထက် အနည်းငယ် ပိုပူလျှင်၊ သို့မဟုတ် ပိုအေးလျှင် နေအဖွဲ့အစည်းနဲ့ ကမ္ဘာလောကကြီး ဖြစ်တည်လာမှာ မဟုတ်ဘူး၊ ဒါကြောင့် လူသားတွေ ဒီနေရာ ဒီအချိန်မှာ ရှိနေဖို့အတွက် အစီအစဉ်တစ်ခု၊ အားတစ်ခု၊ ဖန်တီးစီရင်နိုင်တဲ့ အသိဉာဏ်ကြီးတဲ့ ဒီဇိုင်းတစ်ခု ရှိနေတယ်”လို့ ပြောတဲ့ အယူအဆပါ။

Extraterrestrial-Life.jpg

အဏုစိတ်ချိန်ညှိမှုဝါဒီတွေအနက် Conway Morris ကတော့ ဆင့်ကဲပြောင်းလဲမှုဇီဝဗေဒပညာရှင် (Evolutionary Biologist) Stephen Jay Gould ရဲ့ မရေရာသော အကြောင်းအကျိုးဝါဒ (Contingency) အပေါ် ရှုပ်ထွေးတဲ့ ချေပချက်တစ်ခု ပြုလုပ်ခဲ့တယ်။ Gouldက သူ့ရဲ့ မရေရာသော အကြောင်းအကျိုးဝါဒ ကို အကျဉ်းချုပ် အတိုဆုံး ရေးသားထားတာကတော့ သူ့ရဲ့ Wonderful Life: The Burgess Shale and the Nature of History (ပထမအကြိမ် ပုံနှိပ်မှု – ၁၉၈၉) မှာပါ။ တကယ်လို့ သက်ရှိတွေရဲ့ ဘူမိသမိုင်းကြောင်းကို လွန်ခဲ့တဲ့ နှစ်သန်း ၅၁ဝ-၅၂၅ သန်း လောက်အတိတ်ကို ပြန်သွားပြီး သမိုင်းဘီးကို တဖန်ပြန်ရစ်မယ်ဆိုပါစို့။ အဲဒီလို သမိုင်းဘီး ပြန်ရစ်တာမျိုး အခါတစ်သန်း လုပ်ရင်တောင် လူသားကဲ့သို့ သက်ရှိတွေ ထွက်ပေါ်လာဖို့ မဖြစ်နိုင်ကြောင်း သူ့အမြင်ကို ဖော်ပြထားပါတယ်။

ယနေ့ခေတ် ကနေဒါနိုင်ငံမှာ ၁၉ဝ၄ (1909 NOT 1904, my mistake, please correct) ခုနှစ် က တူးဖော်ရရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကိုးကားပြီး Gould က ပြော တာပါ။ အဲဒီ့နေရာကို ဘားဂျတ်ရွှံကျောက်လွှာများ (Burgess Shale) လို့ခေါ်ပြီး ကနေဒါရဲ့ အနောက်ဖက် ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။ ဘူမိသမိုင်းကာလအရ ကန်ဘရီယန်ကာလတုန်းက ဖြစ်ပါတယ်။ သတိပြုသင့်တာကတော့ ဒိုင်နိုဆောတွေတောင် လွန်ခဲ့တဲ့နှစ်သန်း ၂ဝဝကျော်ကမှ ပေါ်ပေါက်လာတာဖြစ်လို့ ဒိုင်နိုဆောတွေ မပေါ်ပေါက်မီ နှစ်သန်း၃ဝဝခန့် အတိတ်ကာလမှ ဖြစ်တယ်။

အဲဒီ့နေရာက လွန်ခဲ့တဲ့ နှစ် ၅ဝ၅သန်း ကနေ သန်း၅၂ဝလောက်အထိမှာ အီကွေတာမှာ ရှိနေပြီး ပင်လယ်ရေအောက်မှာ ရောက်ရှိနေခဲ့တာပါ။ နှစ်သန်း၅ဝဝအတွင်း အီကွေတာကနေ ယနေ့ခေတ် ကနေဒါနိုင်ငံရှိတဲ့နေရာက တောင်တစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် ရွေ့လျားခဲ့ပါတယ်။ (အားလုံး သိကြတဲ့အတိုင်း ကနေဒါက ကမ္ဘာ့မြောက်ခြမ်းမှာရှိပါတယ်)

အထက်ပါ Gould ရဲ့အဆိုကို Conway Morris က သူ့ရဲ့ The Crucible of Creation: The Burgess Shale and the Rise of Animals (၁၉၉၈) စာအုပ်မှာ ချေပထားတယ်။ သဘာဝသမိုင်းရဲ့ သဘောတရားအပေါ် ထားရှိတဲ့ Gould ရဲ့ မရေရာသော အကြောင်းအကျိုးဝါဒက မှားယွင်းကြောင်း၊ သဘာဝသမိုင်းမှာ သက်ရှိဆိုတာ ပေါ်ပေါက်လာခဲ့ရင် လူကဲ့သို့ သက်ရှိတွေက ‘မဖြစ်မနေ ဖြစ်ကိုဖြစ်လာရမယ်’ လို့ Morris ကဆိုပါတယ်။ တကယ်လို့ Gould ရဲ့ အမြင်ကို မရေရာသော အကြောင်းအကျိုးဝါဒ (Contingency) လို့ သုံးနှုန်းရင် Morris ရဲ့အမြင်ကိုတော့ ပန်းတိုင်အခြေပြုဝါဒ (Teleology) လို့ သုံးနိုင်ပါလိမ့်မယ်။ Morrisက သူ့ရဲ့ Life’s Solution (အထက်မှာ ဖော်ပြခဲ့ပြီး) စာအုပ်မှာ စကြဝဠာထဲမှာ လူသားတွေက တစ်ခုတည်းသော အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ဖြစ်ကြတယ်လို့ ရေးသားထားတယ်။ ဖြစ်နိုင်တယ် ‘may’ လို့တောင် မသုံးပဲ ဖြစ်တယ်လို့ ‘are’ လို့ ယတိပြတ်ရေးသားထားတာ ထောက်ရှုရင် သူက ဒီအမြင်ကို စွဲမြဲစွာယူဆထားတာပါ။

ပြီးခဲ့တဲ့ ၂ဝ၁၄ သြဂုတ်လတုန်းက ကွယ်လွန်သွားတဲ့ ရူပဗေဒပညာရှင် Victor Stenger (၁၉၃၅-၂ဝ၁၄) ရဲ့ God and the Multiverse စာအုပ်ထဲက ဗဟုစကြဝဠာ အယူအဆကို Morris က ဘယ်လိုသဘောထားမလဲ ဆိုတာကိုတော့ စာရေးသူ မသိရသေးပါဘူး။ Morris ရဲ့ Life’s Solution စာအုပ်ကို အပြီးတိုင် မဖတ်ရသေးပေမယ့် သဘာဝသမိုင်းကြောင်းအပေါ် သူ့အမြင်ကတော့ ပန်းတိုင်အခြေပြုဝါဒ ဖြစ်တယ်ဆိုတယ်လို့ ဆိုနိုင်တယ်။ သူကတော့ ငြင်းဆိုကောင်း ငြင်းဆိုမှာပေါ့။

စာရေးဆရာ Somerset Maugham ရဲ့ Of Human Bondage စာအုပ်ထဲက ကောက်နှုတ်ရရင် – “ဖိတ်စင်သွားတဲ့ နွားနို့အတွက် ငိုကြွေးမနေပါနဲ့။ စကြဝဠာတစ်လုံးရဲ့ အင်အားတွေက နွားနို့ဖိတ်အောင် ညွတ်ကျနေတယ်” ဆိုပါသတဲ့။ အဲဒီလိုပြောဖို့က လွယ်ကူလိမ့်မယ်။ အဆင်ပြေလိမ့်မယ်။ ထိုနည်းလည်းကောင်းပဲ။ ဒိုင်နိုဆောတွေ ကွယ်ပျောက်သွားမှသာ နို့တိုက်သတ္တဝါတွေ ဖြစ်လာမယ်လို့ ပြောတာကလည်း လက်ခံဖို့ အဆင်မပြေရင်တောင် လက်တွေ့ကျတဲ့ အဆိုတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း တဖြည်းဖြည်းနဲ့ သိပ္ပံပညာရှင်နဲ့ ဒဿနပညာရှင် လက်တစ်ဆုပ်စာလောက်က Conway Morris နည်းတူ၊ စကြဝဠာတစ်ခုလုံးမှာ အသိဉာဏ်မြင့်မားတဲ့ လူသားရဲ့ ထူးခြားမှုကို အခြေခံပြီး လူသားမျိုးနွယ်ဟာ အထီးကျန်ဆန်စွာနဲ့ မလွဲဧကန်ဖြစ်လာရမယ်လို့ အစွဲအလမ်းကြီးကြီး ယူဆလာကြပြန်တယ်။

Morris ကိုဝေဖန်သလို မျှမျှတတ ဝေဖန်ရရင်တော့ ဒိုင်နိုဆောတွေက နှစ်သန်း၁၆ဝကျော် ပွားများအောင်မြင် နေခဲ့တဲ့အတွက်၊ ဥက္ကာခဲကြီးသာ မကျလာခဲ့ရင် ယနေ့ထက်ထိ ရှင်ကျန်နိုင်ကောင်းလိမ့်မယ်လို့ Gould ပြောခဲ့တာတွေကလည်း ‘တစ်မျိုးဖြစ်ခဲ့လျှင်’ (‘iffy history’) ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ် သက်သက်ပါပဲ။ ဒိုင်နိုဆောတွေမှာ ဘယ်တုန်းကမှ မြင့်မားတဲ့ အသိဉာဏ်မျိုး မရခဲ့ဘူးသလို၊ သူတို့တွေ မျိုးမပြုန်းခဲ့ရင်လည်း အသိဉာဏ်မြင့်မားလာဦးမှာ မဟုတ်ဘူးလို့ Gould က တစ်ဆင့်ထပ် ပြောထားပါသေးတယ်။

Karl Popper က သူ့ရဲ့ မှားကြောင်း သက်သေပြနိုင်ခြင်း အယူအဆ (Falsifiabilty Theory) မှာ ပြောခဲ့သလိုပါပဲ။ အဆိုတစ်ခုကို သိပ္ပံနည်းကျကြောင်း သတ်မှတ်နိုင်ဖို့အတွက် အဲဒီ့ အဆိုက မှားရင် မှားနေနိုင်ကြောင်း သက်သေပြနိုင်တဲ့ အဆိုတစ်ခု ဖြစ်နေဖို့ လိုအပ်ပါတယ်။ Gould နဲ့ Morris နှစ်ယောက်လုံးရဲ့ တင်ပြချက်တွေဟာ Karl Popper ရဲ့ အယူအဆအရ မှားကြောင်း သက်သေပြနိုင်ဖို့ ခက်နေလို့ သူတို့တင်ပြချက်တွေကို သိပ္ပံနည်းကျ မကျ ကျွန်တော် မပြောတတ်ပါ။

Ernst Mayr က ကမ္ဘာ့ပြင်ပသက်ရှိတွေ ရှိခြင်း မရှိခြင်းထက် သူတို့တွေနဲ့ ဆက်သွယ်ဖို့ မဖြစ်နိုင်လို့ ဒီသက်ရှိတွေကို ရှာပုံတော်ဖွင့်နေရင် အချည်းနှီးဖြစ်မယ့်လို့ ပြောခဲ့သူပါ။ Morris က ၂ဝဝ၃ ခုနှစ်မှာ Life’s Solution: Inevitable Humans စာအုပ်ကို ထုတ်ဝေတာဆိုတော့ အဲဒီ့အချိန်မှာ ဆရာကြီး Ernst Mayr (၁၉ဝ၄-၂ဝဝ၅) က အသက်၉၉နှစ်ရှိပါပြီ။ Morris ရဲ့ အမြင်နဲ့ ပတ်သက်ပြီး သူထုတ်ဖော်သုံးသပ်တာမျိုး လုပ်ခဲ့ပုံမရဘူး။ သို့ပေမယ့် Ernst Mayr ကတော့ Morris ရဲ့ စကြဝဠာတစ်ခုလုံးမှာ လူသားသည်သာ တစ်ခုတည်းသော အသိဉာဏ်မြင့် သက်ရှိဖြစ်တယ်ဆိုတဲ့အမြင်ကို အယုံအကြည် မရှိလောက်ဘူးလို့ စာရေးသူ ခန့်မှန်းကြည့်မိပါတယ်။ နောက်မှ ထပ်သတိရတာက Ernst Mayr ဟာ အသက်၉၃နှစ်တုန်းက What Evolution Is စာအုပ်ကို ထုတ်ဝေခဲ့တယ်။ စာမျက်နှာ ၂၅၃မှာ Mayr ရေးခဲ့တာကတော့ “S.J. Gould က သူ့ရဲ့ Wonderful Life စာအုပ်ထဲမှာ မရေရာသော အကြောင်းအကျိုး အယူအဆကို အဓိကပုံဖော်ရေးသားခဲ့ပြီး သူပြောတာမှန်တယ်လို့ ကျွန်တော့်အနေနဲ့ ယေဘုယျအားဖြင့် ကောက်ချက်ဆွဲပါတယ်။” ဆိုပါသတဲ့။ ဒါကြောင့် Mayr က Morris ရဲ့အမြင်နဲ့ ပတ်သက်ပြီး မထုတ်ဖော်ပေမယ့် Gould ရဲ့အမြင်ကိုတော့ ထောက်ခံကြောင်း သိရှိနိုင်ပါတယ်။

သိပ္ပံပညာရှင် တစ်ဦး သို့မဟုတ် အစုအဖွဲ့တစ်ခုက ဘယ်လောက်ပဲ ထင်ရှားကျော်ဇော ပေမယ့်လည်း သိပ္ပံပညာဟာ သိပ္ပံပညာရှင် တစ်ဦးချင်းစီရဲ့ သြဇာအာဏာဆန်တဲ့ မြွက်ကြားချက်တွေအပေါ် မှီခိုတည်ဆောက်ထားတာ မဟုတ်ပါဘူး။ ကမ္ဘာ့ပြင်ပသက်ရှိ ရှိခြင်းမရှိခြင်းဟာ သိပ္ပံနည်းကျ အခြေခံအရ မှန်ကြောင်း မှားကြောင်း အပြည့်အဝ သက်သေပြခြင်း၊ မပြခြင်း မရှိသေးပါဘူး။

မှန်ကြောင်း သို့မဟုတ် မှားကြောင်း အပြည့်အဝ သက်သေပြခြင်း၊ မပြခြင်း ဆိုရာမှာ ဥပမာတွေ ပေးဖို့တော့လိုပါမယ်။ ရာစုနှစ်များစွာတုန်းက အလင်းဖြတ်သန်းသွားဖို့ အီသာ (Ether) ခေါ်တဲ့ ကြားခံနယ် တစ်ခုရှိကြောင်း အယူအဆ ကို ယခုအခါ မှားကြောင်း သက်သေပြနိုင်သလိုမျိုး၊ ထိုနည်းတူ ၁၉၁၉ခုနှစ် နေကြတ်စဉ်မှာ အိုင်းစတိုင်းရဲ့ အထူး ရယ်လီတီဗီတီ သီအိုရီကို မှန်ကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ မီဒီယာက ရေးသားသလိုမျိုး၊ အမှန်အမှားကို ဆိုလိုတာပါ။ ကျွန်တော်တို့ ယခုဆွေးနွေးနေကြတဲ့ သမိုင်းကြောင်းဆိုင်ရာ သိပ္ပံပညာ (ဘူမိဗေဒ၊ ကျောက်ဖြစ်ရုပ်ကြွင်းပညာ၊ စကြဝဠာဗေဒ စသည်) မှာလည်း အထက်က ဥပမာတွေ နည်းတူပါပဲ။ မရေရာသော အကြောင်းအကျိုးဝါဒ- ပန်းတိုင်အခြေပြုဝါဒ နှစ်ခုရဲ့ ငြင်းခုံ ဆွေးနွေးချက် တွေကိုလည်း အထက်မှာ ဥပမာပေးခဲ့သလောက် မှန်/မှား သက်သေပြဖို့ မဖြစ်နိုင်ဘူး။ ဆွေးနွေးချက် နှစ်ဖက်လုံးမှ ယုံကြည်သူ နဲ့ သံသယရှိသူတွေ အတွက် Karl Popper ရဲ့ Falsifiability Theory (အဆိုတစ်ခု မှားကြောင်း သက်သေပြနိုင်စွမ်း ဆိုင်ရာ အမြင်တွေ) ကို ဖတ်ရှုပြီး ရော်ရမ်းတွေးဆမှု၊ ငြင်းဆိုမှုတွေနဲ့သာ ကျေနပ်အဆုံးသတ်ရပါလိမ့်မယ်။

မူရင်းဆောင်းပါးရှင် – ဒေါက်တာ မြင့်ဇံ
မူရင်းဆောင်းပါးကို ကျော်စွာလင်း ဘာသာပြန်ဆိုသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s