ဘုရားသခင်ကြွေအံကစားခဲ့သလား?(သို့မဟုတ်)ကွမ်တမ်ကမ္ဘာသို့ အလည်တစ်ခေါက် – အပိုင်း (၂)

အပိုင်း  ၁  ကို ဖတ်ရှုလိုပါ က

https://curiositymm.com/2016/08/24/%E1%80%98%E1%80%AF%E1%80%9B%E1%80%AC%E1%80%B8%E1%80%9E%E1%80%81%E1%80%84%E1%80%B9%E1%80%B1%E1%82%82%E1%80%80%E1%80%BC%E1%80%A1%E1%80%B6%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%81%E1%80%B2%E1%80%B7/

ဒါပေမဲ့ ၁၉၆၃ ခုနှစ်မှာတော့ Einstein ဟာ သူက Quantum Mechanics ရဲ့အားနည်းချက်တစ်ခုကို တွေ့ရှိပြီလို့ယုံကြည်ခဲ့ပါတဲ့။ အဲ့တာကတော့ Quantum Mechanics နဲ့ အထူးဆန်းဆုံးနဲ့ အူကြောင်ကြောင်အနိုင်ဆုံးဖြစ်တဲ့ အမှုန်အချင်းချင်းရဲ့ ဆက်ယှက်မှူ ( Quantum Entanglement ) ပဲဖြစ်ပါတယ်။ ကဲ .. အထူးဆန်းအပိုင်းကို ဆက်ကြည့်ရအောင်လား?

Quantum Entanglement ( အမှုန်များကြား ဆက်ယှက်ဆက်နွယ်မှူ )

            ရှေ့ကလှိုင်း-အမှုန် ဒွန်တွဲမှုသဘောတရားကိုမှတ်မိသေးတယ်ဟုတ်? မရောရာခြင်နိယာမကိုကောသတိရကြသေးလား?အဲ့တာတွေကိုတော်တော်အူကြောင်ကြောင်နိုင်တယ်လို့ထင်ခဲ့ကြ လားမသိ ? အဲ့ထက်ပိုပြီးအူကြောင်ကြောင်နိုင်တာနောက်တစ်ခုရှိပါသေးတယ်။ Quantum Mechanics ရဲ့ အူကြောင်ကြောင် အနိုင်ဆုံး ၊ ရူးကြောင်ကြောင်အနိုင်ဆုံး ၊ မဖြစ်နိုင်ဘူးလို့အထင်ခံရဆုံး ၊ စိတ်ကူးယဉ်အဆန်ဆုံး နောက်ထ်အကြောင်းအရာကတော့ Quantum Entanglement လို့ခေါ်တဲ့ အမှုန်များကြား ဆက်နွယ်မှုပဲဖြစ်ပါတယ်။

            Entanglement ဟာ Quantum Mechanics ရဲ့ညီမျှခြင်းတွေကနေပြီး တော့ သီအိုရီသဘောတရားနဲ့ခန့်မှန်းထဲ့ တဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ တကယ်လေးအမှုန်လေးနှစ်ခုဟာ တစ်ခုခုနဲ့တစ်ခုခု နီးနီးကပ်ကပ်ဆွဲယူလိုက်တဲ့အခါ သူတို့နှစ်ခုဟာ အချင်းချင်းဆက်နွယ်သွားပြီးတော့ သူတို့ရဲ့ဂုဏ်သတ္တိတွေဟာလည်းတစ်ခု ပေါ်တစ်ခု ချိတ်ဆက်သွားပါတယ်။ ပိုပြီး အံ့သြဖို့ကောင်းတာက Quantum Mechanics ရဲ့အဆိုအရတော့ အဲ့ဒီ အမှုန်လေးနှစ်ခုကို ပြန်ပြီးခြားလိုက်တာတောင်မှ သူတို့ကြားက ဆက်နွယ်မှုဟာလုံးဝပျောက်မသွားဘူးလို့ဆိုပါတယ်။

            ဒီဟာ ကို ကြည့်ဖို့အတွက် အမှုန်တစ်ခု.. ကဲဗျာ အီလက်ထရွန်ပဲထားပါတော့ ။ သူ့ရဲ့ Spin (အမွှတ်ဟု ဦးဘိုးလှိုင် က ဘာသာပြန်) ဆိုတဲ့ဂုဏ်သတ္တိလေးကိုကြည့်ရအောင်လား။  အဲ့ဒီ အီလက်ထရွန်တစ်လုံးဟာ သူ့ရဲ့သတ်မှတ်ထားတဲ့ ဝင်ရိုးလေးပေါ်မှာ လည်နေပါတယ်။ Spin ရဲ့အဓိက ပြချင်တဲ့သဘောတရားဟာ လည်နေတာထက်ကို သူဟာ အမှုန်တစ်ခုကို ဘယ်လောက် ဒီဂရီလည်လို့ရှိရင် နဂိုပုံစံပြန်ဖြစ်မလည်းဆိုတာပါ ။ နောက်တစ်လမှာပါမဲ့ အခြေခံအမှုန်များ အကြောင်းဆောင်းပါးမှာ အဲ့တာအကျယ်ဖြန့်ရှင်းပြပါ့မမယ်။ လောလောဆယ်အကြမ်းဖျင်း အားဖြင့် ပေါက်လိုက်တဲ့ဂျင်လေးတစ်လုံး  လည်နေတဲ့ သဘောတရားလေးတိုင်းမြင်ကြည့်ပါ။  ဒါပေမဲ့ ဂျင်တစ်လုံး ရဲ့လည်တာ က ပေါက်လိုက်တဲ့အပေါ်မှာမူတည်ပြီးတော့နာရီလက်တံ အတိုင်းလည်တာလား (Clockwise) ဒါမှမဟုတ် နာရီလက်တံနဲ့ပြောင်းပြန် (Counter-clockwise) လည်တာလား ဆိုတာသိသာပါတယ်။ ဒါပေမဲ့ အီလက်ထရွန်တစ်ခုမှာတော့ ခုနကလိုပဲ သင်မတိုင်းတာခင် အချိန်မှာ သူ့ရဲ့လည်နေတဲ့ပုံကိုမသိရပါဘူး ။ သူ့ကိုတိုင်းလိုက်တဲ့အခါမှာသာလျှင်ဘယ်လိုလည်နေမလည်း ဆိုတာကိုသိရပါတယ်။ ဒင်္ဂါးပြားလေးတစ်ခုပစ်လိုက်သလိုပေါ့။ အောက်ကိုပြန်မကျလာမချင်း ပန်းကျမလား ခေါင်းကျမလား ဆိုတာမသိရဘူးဟုတ်? အဲ့ဒီသဘောတရားအတိုင်းပါပဲ။

            ကဲ အနားမှာ ဒင်္ဂါးပြားလေးနှစ်ပြားလောက်ရှိလားဗျ? ရှိရင် နှစ်ပြားလုံးကို ပစ်ကြည့်။ တစ်ပြားကခေါင်းကျရင်နောက်တစ်ပြားက ပန်းကျချင်ကျမယ် ၊ ခေါင်းကျချင်ကျမယ်။ ကြိုက်သလိုကျမယ်ဟုတ်? ပထမတစ်ပြားက ခေါင်းကျတိုင်းနောက်တစ်ပြား ပန်းကျရမယ်လို့မရှိဘူး။ ဟုတ်တယ်မဟုတ်လား? (ပုံ-၉) တစ်ခုနဲ့တစ်ခုဆိုင်မှမဆိုင်တာ။ ဟုတ်ပြီအဲ့တာဆို အဲ့ဒီ ဒင်္ဂါးပြားလေးနှစ်ခုက သာ အီလက်ထရွန်လေးနှစ်ခုလို တစ်ခုနဲ့တစ်ခု ဆက်နွယ်သွားပြီဆို၇င် (entangle ဖြစ်သွားရင်)  တစ်ခုကခေါင်းကျမယ်ဆို နောက်တစ်ခု က ပန်းကျကို ကျမှရပါလိမ့်မယ်။ (ပုံ-၁ဝ) အဲ့ဒီလိုပဲ။ အီလက်ထရွန်လေးနှစ်ခုဟာ ဆက်နွယ်သွားတဲ့အခါမှာ တစ်ခုက နာရီလက်တံအတိုင်းလည်ရင်ကျန်တစ်ခုဟာနာရီလက်တံနဲ့ဆန့်ကျင်ဘက်ကိုပဲလည်မယ်ဆိုတာ တိုင်းတာမကြည့်ဘဲနဲ့ ကိုသိပါတယ်။ (အီလက်ထရွန်ဟာဘယ်လိုလည်နေတယ်ဆိုတာတိုင်းတာကြည့်မှသာသိရတာပါ။) တစ်ခုကနာရီလက်တံလည်ရာအတိုင်းဆိုတာနဲ့ နောက်တစ်ခုကိုကြည့်စရာတောင်မလိုတော့ပါဘူး။ နာရီလက်တံပြောင်းပြန်ကိုလည်မယ်ဆိုတာ ကို ရဲရဲကြီးအာမခံလို့ရပါတယ်။ Niels Bohr ရဲ့ခန့်မှန်းချက်တွေအရတော့ အဲ့အီလက်ထရွန်နှစ်လုံးဟာ အဲ့လိုမျိုး နှစ်ခုကိုဆွဲကပ်လိုက်လို့သူတို့ခြင်းဆက်နွယ်မှုဖြစ်သွားပြီဆိုလို့ရှိရင် ကြားထဲမှာ ဘာမှ ကြိုးတွေ ၊ Transistor တွေ ဘာညာ ဆက်ထားစရာမလိုပါဘူး ။ ဘယ်လောက်အကွာအဝေးထိကွာကွာ ဒီဆက်နွယ်မှုဟာ ဆက်လက်ရှိနေဦးမှာပဲဖြစ်ပါတယ်။ တစ်ခုက ကမ္ဘာပေါ်မှာ တစ်ခုက လ ပေါ်မှာဆိုရင်တောင်မှပဲ တစ်ကောင်ဟာ နာရီလက်တံလည်ရာတိုင်းလည်တယ်ဆိုရင် နောက်တစ်ခုဟာ နာရီလက်တံပြောင်းပြန်ဆိုတာ မကြည့်ပဲတောင်သိရပါတယ်။ ဆိုလိုချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အီလက်ထရွန်ကိုတိုင်းတာလိုက်တာနဲ့ (Quantum Mechanicsတိုင်းတာမှုတိုင်းမှာ တိုင်းတာခံပစ္စည်းကို အကျိုးသက်ရောက်မှုရှိပါတယ်လို့အပေါ်မှာပြောပြီး) လ ပေါ်မှာရှိတဲ့အီလက်ထရွန်ကိုလည်း တိုင်းတာအဲ့အကျိုးသက်ရောက်မှုသွားပြီးဖြစ်ပေါ်စေပါတယ်။ နှစ်ခုကြားထဲမှာ ကြိုး၊ဝိုင်ယာ ဘာမှကိုမရှိပါဘဲနဲ့တောင် တစ်ခုအပေါ်အဖြစ်အပျက်ဟာ နောက်တစ်ခုပေါ်သွားပြီး သက်ရောက်နေပါတယ်။ ကဲ .. အရမ်းမထူးဆန်လွန်းဘူးလား? ဒီအဖြစ်အပျက်ကို Einstein ဟာ “spooky action at distance” (အကွာအဝေး နှစ်ခုကြားက အံ့သြကြောက်မက်ဖွယ်ကောင်းလှတဲ့အဖြစ်အပျက်) လို့သတ်မှတ်ခဲ့ပါတယ်။

normal two coins

ပုံ-၉း ပုံမှန် ဒင်္ဂါးနှစ်ခုမြှောက်ပုံ

entangled coins

ပုံ-၁၀း ဆက်နွယ်နေသော ဒင်္ဂါးနှစ်ခုမြှောက်ပုံ

Einstein ဟာ Entanglement ကဒီပုံစံ ဖြစ်နေတယ်ဆိုတာကိုတော့လက်မခံခဲ့ပါဘူး။ “တွက်ထုတ်ထားတဲ့သချာင်္တွေ ကသာ အူကြောင်ကြောင်နိုင်နေတာပါ။ တကယ့်အဖြစ်အပျက်က အဲ့လိုမျိုးမဟုတ်ပါဘူး” လို့ Einstein က ဆိုပါတယ်။ သူက Entanglement (ဆက်နွယ်မှု) ကိုမငြင်းပါဘူး။ ဆက်နွယ်နေတဲ့အမှုန်တွေ (Entangled Particlesတွေ) ရှိနိုင်တယ်ဆိုတာလက်ခံပါတယ်။ ဒါပေမဲ့ ခုနကလိုမျိုး ထူးထူးဆန်းဆန်း ဆက်နွယ်နေတာမျိုးတော့မဟုတ်ပါဘူးတဲ့။ သူကပိုပြီးရိုးရှင်းတဲ့ဖြေရှင်းချက်တစ်ခုကို ထုတ်ပေးခဲ့ပါတယ်။ သူ့အဆိုအဆိုရင် ဆက်နွယ်နေတဲ့ အမှုန်တွေဟာ ဘယ်လိုမျိုးလဲ ဆိုတော့ ဖိနပ်တစ်စုံလိုပါပဲတဲ့။

            Einstein အဆိုအရ တကယ်လို့ ကျွန်တော်ဟာ ဖိနပ်တစ်စုံ ကို ဘယ်ဖက်တစ်ရံ ကို သေတ္တာတစ်လုံးထဲမှာ ထဲ့ ၊ ညာဖက်တစ်ရံကို သေတ္တာတစ်လုံးထဲမှာထဲ့ပြီး လူနှစ်ယောက်ကိုပေးလိုက်တယ် ။ တစ်ယောက်က မြောက်ဝင်ရိုးစွန်းကို ယူသွားပြီးနောက်တစ်ယောက်က တောင်ဝင်ရိုးစွန်း ကိုယူသွားတယ်ထား ။ ဘယ်သေတ္တာထဲမှာ ဘယ်အရံလဲဆိုတာမပြောပြထားဘူးသူတို့ကို ။ အဲ့တာဆို မြောက်ဝင်ရိုးစွန်းကလူ က ညာဘက်ဖိနပ်ရလား ဘယ်ဘက်ဖိနပ်ရလား မဖွင့်ကြည့်ခင်အထိ သူဟာတိတိကျကျမသိဘူး ။ ညာဘက်ဖိနပ် ဒါမှမဟုတ် ဘယ်ဘက်ဖိနပ်လို့ပဲသိနိုင်မယ်။  ဒါပေမဲ့ သူဖွင့်ကြည့်လိုက်လို့ ညာဘက် ဖိနပ်တွေ့တယ်ဆိုတာနဲ့ တောင်ဝင်ရိုးစွန်းက သေတ္တာထဲမှာ ဘယ်ဘက်ဖိနပ်ဖြစ်နေမယ်ဆိုတာ သူကြည့်စရာမလိုဘဲ သိမှာပဲ ။ မြောက်ဝင်ရိုးစွန်းက လူက ဖိနပ်ကိုဒီအတိုင်းကြည့်လိုက်တာနဲ့တော့အဲ့ဖိနပ်ပေါ်ဘာမှမသက်ရောက်ဘူးလေ။(နဂိုကသူဆိုခဲ့တဲ့တိုင်းတာမှုဟာအမှုန်ပေါ်သက်ရောက်မှုမရှိဘူးဆိုတာနဲ့ ကိုက်တာပေါ့) မြောက်ဝင်ရိုးစွန်းက သေတ္တာမှာ ညာဘက် ပါပြီး တောင်ဝင်ရိုးစွန်းက သေတ္တာမှာ ဘယ်ဘက်က သူ့အလိုလိုနဂိုထဲက ရှိနေတာပဲ ။ ဘာမှထူးဆန်းတာမဟုတ်ပါဘူး တဲ့ ။ သေတ္တာ တစ်လုံးမှာ ညာဘက် ပါပြီးနောက် တစ်လုံးမှာဘယ်ဘက်ပါတာ နဂိုထဲက ချထားပြီးပါပဲတဲ့ ။ အဲ့ဒီလိုပဲ ဆက်နွယ်နေတဲ့အမှုန်တွေမှာလည်း အဲ့သဘောတရား အတိုင်းတစ်ထပ်ထဲပါတဲ့။ အမှုန်နှစ်ခုကိုခွဲလိုက်တဲ့အချိန်ကစပြီး သူတို့ရဲ့ လည်ပတ်နေမှုတွေကိုတစ်ခါထဲ တိတိကျကျသတ်မှတ်လိုက်ပြီးသားပါတဲ့။

            ကဲ … အဲ့ဒီတော့ဘယ်သူမှန်နိုင်မလဲ? Bohr ရဲ့အဆိုပုံစံမျိုး အမှုန်နှစ်ခုဟာ တစ်ခုနဲ့တစ်ခု ဘယ်လောက်ပဲအကွာအဝေး အထိအကွာအဝေး ခြားလိုက်ပါစေ။ထူးဆန်းစွာ လိုက်ပြောင်းနေမှာလား? ဒါမှမဟုတ် Einstein အဆိုလိုမျိုးနှစ်ခုဟာ ဖိနပ်နှစ်ရံလိုမျိုးဘာမှမထူးဆန်းတဲ့ကိစ္စ တစ်ခု လေ ပဲလား?

Einstein engtangled

ပုံ-၁ဝ Einstein ၏ Entangled Particles များအပေါ်ရှင်းလင်းချက်

အဓိက ဘာလို့ ဒီနှစ်ယောက်ဘယ်သူမှန်လဲဆိုတာကို အဲ့ဒီခေတ်က ဆုံးဖြတ်ရခက်လဲဆိုတော့ Einstein အဆိုရ အမှုန်တစ်ခုမှာ မတိုင်းတာခင်အချိန်ကတည်းက ကို သူ့မှာတိကျတဲ့ အမွှတ် (Spin) ဟာရှိနေပါတယ်။ (နာရီလက်တံတိုင်းလား နာရီလက်တိုင်းပြောင်းပြန်လည်လားဆိုတာကို မတိုင်းတာအချိန်ကထဲကသိရှိနိုင်ပါတယ်။) ဘယ်လိုသေချာလဲဆိုတော့ Einstein က တိုင်းကြည့်လိုက်ပေါ့တဲ့။ ဒါပေမဲ့ Bohr ရဲ့အယူအဆ မှာတော့ တိုင်းတာလိုက်တော့မှသာ Spin ကိုသိရှိနိုင်ပါတယ်။ တိုင်းတာမှုဟာ Spin ကို ဘယ်လိုပုံဖြစ်နေမယ်ဆိုတာကို သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။ အတိုချုပ်ပြောရရင် အီလက်ထရွန်တစ်လုံးဟာ နာရီလက်တံပြောင်းပြန်လည်နေတယ်ထား။  Einstein က ဒါဟာမတိုင်းတာခင်ကထဲက အဲ့လိုလည်နေမှာပဲလို့ဆိုပါတယ်။ တိုင်းတာမှုကြောင့်ဖြစ်သွားတာ မဟုတ်ဘူးလို့ဆိုပါတယ်။ Bohr ကတော့ တိုင်းတာမှုကြောင့်သာ ဒီ အီလက်ထရွန်ရဲ့ တိကျတဲ့ Spin ကိုဖြစ်စေခဲ့တာလို့ဆိုပါတယ်။  နဂိုထဲ က တိတိကျကျ လည်နေတာကို တိုင်းတာတာလား ? (Einstein) ဒါမှမဟုတ် တိုင်းတာလိုက်လို့ တိတိကျကျလည်သွားတာလား? (Bohr)။ တိတိကျကျ Entanglement ကို စမ်းသပ်နိုင်ခြင်းလည်း မရှိသေးတဲ့အတွက် ဒီပြသနာ ဟာ သိပ္ပံမေးခွန်းတစ်ခုမဟုတ်တော့ဘဲနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာမေးခွန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ၁၉၅၅ ခုနှစ် မှာ Einstein ဆုံးခဲ့ပါတယ်။ သူဟာသေဆုံးတဲ့အချိန်အထိ Quantum Mechanics ဟာ အင်မတန်အသုံးဝင်လှပေမဲ့ တကယ့် အရှိတရား ကိုပြသတဲ့အချိန်မှာ ပြည့်စုံမှုမရှိသေးဘူးလို့ခံယူသွားခဲ့ပါတယ်။ ဘုရားသခင်ဟာ ကြွေအံမပစ်ဘူးလို့ပဲ သူ ယုံကြည်ခဲ့ပါတယ်။ Einstein နဲ့ Bohr တို့ရဲ့ ဂိမ်းကစားပွဲပေါ့။

ကစားပွဲ၏အဖြေ

            ၁၉၇၃ ခုနှစ်မှာ Columbia University က လူငယ်လေးတစ်ယောက်က Einstein ရဲ့ Quantum Mechanics အပေါ် စိန်ခေါ်မှု ကို ပယ်ချက်ခဲ့ပါတယ်။ John Clauser ဟာ သူရဲ့ Astrophysicist ပညာရပ်မှာ Ph.D ရဖို့ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်မှာ သူ့အတွက်တော့ Quantum Mechanics ဟာအရမ်းကိုခက်ခဲလွန်းပါတယ်။ “ကျွန်တော်ဟာ တက္ကသိုလ်ကျောင်းသားဘဝအရမ်းကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Quantum Mechanics ကို နားမလည်နိုင်ခဲ့ဘူးဗျာ” လို့ John Clauser က ဆိုပါတယ်။ သူဟာ Einstein ဟာမှန်ကောင်းမှန်နိုင်တယ်လို့တွေးပါတယ်။ သူ့အနေနဲ့ Einstein မှန်ကြောင်းပြဖို့ကြိုးစားပါတယ်။ သူဟာ သိပ်ပြီးလူသိမများတဲ့ Irish လူမျိုး John Bell ရဲ့ စာတမ်းတစ်ခုကိုတွေ့ခဲ့ပါတယ်။ Bell ဟာ Einstein နဲ့ Bohr ၂ ယောက်သားဘယ်သူမှန်နိုင်မလဲဆိုတာကိုစမ်းသပ်လို့ရတယ်လို့ဆိုပါတယ်။တစ်ချက်ထဲနဲ့နှစ်ယောက်ထဲက ဘယ်သူစကြဝဠာကြီးနဲ့ပတ်သက်ပြီးမှန်ကန်ခဲ့သလဲဆိုတာကို ဆုံးဖြတ်လို့ရမယ်လို့ဆိုပါတယ်။ Chance တွေ၊ probablity တွေနဲ့ဖြစ်နေတာလား? ဒါမှမဟုတ် တိတိကျကျသေချာတဲ့ Certainty နဲ့ဖြစ်နေတာလားဆိုတာကိုပေါ့။

            Bell ကနေပြီးတော့ ခုနက Quantum Entanglement ( အမှုန်တွေကြားဆက်စပ်နေမှု) ကို တကယ်ပဲ ဒင်္ဂါးပြား နှစ်ပြားလိုမျိုး တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာလား? (Bohr အယူအဆ လား? )ဒါမှမဟုတ် ဖိနပ်တစ်စုံလိုပဲ လား? (Einsten အယူအဆလားပေါ့) တကယ်လို့ ဖိနပ်နှစ်ခုလိုပဲဖြစ်ပြီး ခုနက ဒင်္ဂါးပြားတွေလို ထူးထူးဆန်းဆန်း ဆက်နွယ်မှုမျိုးမရှိဘူးဆိုရင် Quantum Mechanics ဟာ Einstein ပြောခဲ့သလိုပဲ အခြေခံသဘောတရားတွေအပြည့်အစုံမမှန်သေးဘဲ လိုအပ်နေတာတွေရှိသေးတယ်ပေါ့။ ကဲ … ဒီကစားပွဲမှာ ဘယ်သူနိုင်မလဲ? Bohr လား? Einstein လား?

            Bell ဟာ တကယ်လို့များ ကျွန်တော်တို့ဟာ ဆက်နွယ်နေတဲ့ အမှုန်အတွဲ တွေအများကြီးကိုဆက်စပ်လို့ရတဲ့ စက်တစ်ခုများထွင်ခဲ့လို့ရမယ်ဆိုရင် စမ်းသပ်နိုင်တယ်လို့ဆိုပါတယ်။ သီအိုရီ မေးခွန်း (Theoretical Question) တစ်ခုကို လက်တွေ့မေးခွန်း (Experimental Question) တစ်ခုအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ သူပြောခဲ့တဲ့ စမ်းသပ်မှုမျိုးဟာလည်း လက်တွေ့လုပ်ဖို့ဖြစ်နိုင်ပါတယ်။

            အဲ့ဒီ စာတမ်း ကိုဖတ်ပြီးတဲ့အချိန်မှာတော့ Clauser ဟာ အဲ့ဒီ စမ်းသပ်မှုကို လက်တွေ့လုပ်ဖို့ကြံပါတော့တယ်။ စမ်းသပ်မှုအတွက်လိုအပ်တဲ့ စက်ကိုလည်း ပြင်ဆင် ခဲ့ပါတယ်။ “ကျွန်တော်ဟာ ဘွဲ့လွန်ကျောင်းသားလေးတစ်ယောက်ပဲဗျ။ ကမ္ဘာကြီးကိုတုန်လှုပ်စေမဲ့ အဖြေတစ်ခုကိုထုတ်ပေးရမယ်ဆိုတော့ ကျွန်တော်အရမ်းကိုစိတ်လှုပ်ရှားခဲ့ပါတယ်”လို့ Clauser က ဆိုပါတယ်။ သူ့ရဲ့စက်ဟာ ဆက်နွယ်နေတဲ့အမှုန်အတွဲလေးပေါင်း ထောင်နဲ့ချီပြီးကို တစ်ပြိုင်နက်ကိုလေ့လာနိုင်ပါတယ်။သူတို့ရဲ အမွှတ် (Spin) တွေကို ဦးတည်ချက်မျိုးစုံကနေလေ့လာလို့ရပါတယ်။ ( အီလက်ထရွန်ရဲ့ လည်နေတဲ့ ဝင်ရိုးကို မျိုးစုံလှည့်ပတ်ပြီး တစ်ပြိုင်နက်ထဲ စမ်းသပ်ခဲ့ပါတယ်။)

            စမ်းသပ်ချက်အဖြေထွက်လာခဲ့အခါ သူဟာ အလွန်အံ့သြခဲ့ရုံသာမကပဲ စိတ်လဲပျက်ခဲ့ပါတယ်။ သူဟာအကြိမ်ကြိမ်ကို ကြိုးစားခဲ့ပါတယ်။ သူတင်မကပဲ တခြားသိပ္ပံပညာရှင်တွေပါ ကြိုးစားခဲ့ပါတယ်။ စမ်းသပ်တဲ့နည်းပညာကို ပိုမြှင့်တင်တယ်။ ထပ်လုပ်တယ်။ ဘယ်သူတွေပဲ ဘယ်နှကြိမ်ပဲ လုပ်လုပ်အဖြေဟာတစ်ခုထဲကိုညွှန်ပြနေပါတယ်။ အင်မတန်လည်း အံ့သြဖို့ကောင်းပါတယ်။ Clauser ဟာ Quantum Mechanics ရဲ့ သင်္ချာ ဟာ မှန်ကန်ကြောင်း သက်သေပြခဲ့ပါတယ်။ Entanglement လို့ခေါ်တဲ့အမှုန်တွေကြားဆက်နွယ်မှု ဟာ တကယ်ကိုပဲဖြစ်နေပါတယ်။ ကွမ်တမ် အမှုန်တွေဟာ တကယ်ကိုပဲတစ်ခုနဲ့တစ်ခု ဆက်စပ်နိုင် ပါတယ်။ တစ်ခုကိုတိုင်းတာလိုက်မှုဟာလည်း သူ့ရဲ့တစ်ဖက်အတွဲပေါ် ကို တိုက်ရိုက်သက်ရောက်မှု ရှိနိုင်ပါတယ်။  သူတို့နှစ်ခုကြားက အကွာအဝေးဆိုတာဘာမှမရှိသလိုပဲ ဖြစ်နေပါတယ်။ Einstein မဖြစ်နိုင်ဘူးလို့ဆိုခဲ့တဲ့ “Spooky action at a distance” ဟာ တကယ်ကိုဖြစ်နေခဲ့ပါတယ်။ ဒီကစားပွဲမှာ Bohr အနိုင်ရရှိခဲ့ပါတယ်။ Quantum Mechanics ရဲ့သဘောတရားတွေဟာလည်း မှန်ကန်ပြီးတော့ ဘုရားသခင်ဟာလည်း တကယ့်ကိုကြွေအံကစားခဲ့ပါတယ်။ Clauser ကတော့ “တကယ်တော့ ကျွန်တော်က  Quantum Mechanics ကိုဖြုတ်ချပစ်ဖို့လုပ်တာဗျ။ ခုတော့ ဆက်သင်နေရတုန်းပဲ။ ဒီနေ့ထိလည်း ကျွန်တော့်အတွက်တော့ခက်ခဲနေတုန်းပါပဲ”လို့ ရယ်ပြီးပြောခဲ့ပါတယ်။ Entanglement ဘာကြောင့်ဖြစ်နေလဲဆိုတာ ကို တိတိကျကျတော့ရှင်းပြဖို့ခက်ခဲနေဆဲပါ ။ ဒါပေမဲ့ တကယ်ဖြစ်နေတာတော့အမှန်ပါပဲ။

            ဟုတ်ပါပြီ ။ ဒီ Entanglement ကြီးရှိနေတာကတော့။ ဒါကိုဘာများအသုံးချလို့ရမှာလဲလို့မေးလာနိုင်ပါတယ်။ ခုလက်ရှိမှာ Entanglement အပေါ်မူတည်ပြီး သိပ္ပံပညာရှင်တွေဟာ ဟိုဖက် အမှုန်ကနေပြီးတော့ ဒီဘက်အမှုန်ကို ကူးပြောင်းဖို့ကြံနေပါတယ်။ ဟိုဘက်ကနေ ဒီဘက်ကို ကြားထဲက နေရာ ကိုအသုံးမချဘဲ ကူးသွားဖို့ ကြိုးစားနေကြပါတယ်။ အဲ့တာကတော့ Teleportation လို့ခေါ်တဲ့ နေရာတစ်ခုမှအခြားတစ်ခုသို့ခုန်ကူးခြင်းပါပဲ ။ ကဲ …. ဆက်ကြည့်ရအောင်လား?

Quantum Teleportation

            Teleportation ဆိုတာ ရုပ်ရှင်တွေ ဂိမ်းတွေထဲမှာတော့အမြဲတမ်း ပါပါတယ်။ တစ်နေရာကနေ နောက်တစ်နေရာကို ဖြတ်ခနဲ ခုန်ကူးတာမျိုးပေါ့။ Star Trek ကြည့်ဖူးတဲ့လူတွေဆို သိမှာပါ ။ DOTA ခုတ်တဲ့လူတွေဆိုလည်း Portal ထောက်တာ သိတယ်ဟုတ်? အဲ့လိုဟာမျိုး ကိုပြောတာပါ ။ အဲ့တာဟာ ရုပ်ရှင်ထဲမှာသာရှိတယ်လို့ထင်ရပေမဲ့ ဝမ်းသာစရာ ပါပဲ .. ခုလက်ရှိမှာ သိပ္ပံပညာရှင်တွေဟာ Teleportation ကိုလက်တွေ့စမ်းသပ်နေကြပါပြီ။ လူတစ်ယောက်လုံးကို Teleport လုပ်ချလိုက်လို့မရပေမဲ့ အမှုန်လေးတွေကိုတော့ Teleportation သဘောမျိုးလုပ်လို့ရပါတယ်။ စမ်းသပ်ချက်ကို Anton Zeilinger ဆိုတဲ့ ကွမ်တမ်သိပ္ပံပညာရှင်ကနေပြီး အာဖရိက ကမ်းခြေ ဘက်က Canary ကျွန်းစုတွေထဲမှာပြုလုပ်ခဲ့ပါတယ်။ ကဲ .. ဘယ်လိုလုပ်ခဲ့လဲဆိုတာ စိတ်မဝင်စားဘူးလား?

            အရင်ဆုံး La Palma ကျွန်းက စမ်းသပ်ခန်းကြီး ထဲမှာ အလင်းရဲ့အမှုန်လေးနှစ်ခု (Photon) တွေကို နီးကပ်လိုက်စေပြီး တစ်ခုနဲ့တစ်ခု ဆက်နွယ်လိုက်စေပါတယ်။ ပြီးတော့ ပထမတစ်လုံးကို La Palma မှာပဲထားပြီး နောက်တစ်လုံးကို တော့ ၈၉ မိုင်အကွာမှာရှိတဲ့ Tenerife ကျွန်း ကိုပို့လွှတ်လိုက်ပါတယ်။ (ပုံ-၁၁ တွင်ရှု)

1st step

                                          ပုံ-၁၁ Teleportation experiment ၏ ပထမအဆင့်

ထို့နောက် ပထမ အလင်းမှုန် (ပုံတွင် အနီရောင်အမှုန်) အနီးသို့ တတိယအလင်းမှုန်လေး (ပုံ-၁၂ တွင် အစိမ်းရောင်အမှုန်) တစ်ခုကို ဆွဲကပ်ကာ နှစ်ခုကို ဆက်နွယ်စေလိုက်သည်။ ထိုနည်းအားဖြင့် တတိယ အလင်းမှုန်လေးသည်လည်း ဒုတိယအလင်းမှုန် (အပြာရောင်အမှုန်)လေးနှင့် ဆက်နွယ်ပြီးဖြစ်သွားလေသည်။ ထိုအခါ အဖွဲ့အစည်းသည် ထိုအလင်းမှုန်လေးနှစ်ခု၏ ဆက်သွယ်မှုကိုလေ့လာရာမှ ထူးခြားချက်တစ်ချက်ဖြစ်လာလေသည်။ ထိုသည်မှာ တတိယအလင်းမှုန် (အစိမ်းရောင်အမှုန်)လေး၏ Quatum State (ကွမ်တမ်ဖွဲ့စည်းပုံ) သည် ဟိုဘက် teneriffe ကျွန်းရှိအမှုန်ဆီသို့ရောက်ရှိပြီး ထိုဘက် Teneriffe ကျွန်းတွင် တတိယအလင်းမှုန် (အစိမ်းရောင်အမှုန်) အတိုင်း ကို ထပ်တူသည့် အမှုန်နောက်တစ်ခု ကို ဖွဲ့စည်းလို့ရရှိသွားခြင်းဖြစ်သည်။ တတိယအလင်းမှုန် (အစိမ်းရောင်အမှုန်)လေးသည် ဟိုဘက်သို့ရောက်သွားခြင်းမဟုတ်ပါ။ တတိယအလင်းမှုန်လေးနှင့် တစ်ထပ်ထည်းတူသော အမှုန်လေးနောက်တစ်ခုကို ဟိုဘက်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်။ (ပုံ- ၁၂ တွင်အသေးစိတ်ကြည့်)

Picture6

ပုံ- ၁၂ – တတိယအလင်းမှုန်လေးနှင့်တစ်ထပ်ထည်းတူသော အမှုန်လေးနောက်တစ်ခုကို ဒုတိယအမှုန်ရှိသောဘက် တွင် ဖွဲ့စည်းနိုင်ခဲ့

            ဒါပေမဲ့ဒီအသုံးချမှုဟာလူတွေအပေါ်မှာကောဖြစ်နိုင်မှာလား?ကျွန်တော်တို့အားလုံးဟာအက်တမ်အောက် အမှုန်လေးတွေနဲ့ ဖွဲ့စည်းထားတာတွေပဲမဟုတ်လား? အဲ့ဒီတော့ သီအိုရီ အရပြောမယ်ဆိုရင် Entanglement ကနေပြီးတစ်နေ့မှာတော့ဖြစ်လာနိုင်ခြေရှိပါတယ်။ ဆိုပါတော့ .. ကျွန်တော်က ရန်ကုန်ကနေပြီး မန္တလေးကို လမုန့် အရမ်းစားချင်လာလို့ချက်ချင်းသွားဝယ်ချင်တယ်ပဲထား ။

            ဘာလိုမလဲဆိုတော့ ကျွန်တော်ဟာ အက်တမ်အောက်အမှုန်လေးတွေနဲ့ပြည့်နေတဲ့အခန်းတစ်ခန်းကို ရန်ကုန်မှာလိုပါလိမ့်မယ်။ နောက်ပြီးတော့ အဲ့ဒီ ရန်ကုန်ကအခန်းက အမှုန်လေးတွေနဲ့ဆက်နွယ်နေတဲ့ (entangle ဖြစ်နေတဲ့)  မန္တလေးက နောက်ထပ်အခန်းတစ်ခန်း ကိုလိုပါလိမ့်မယ် ။ ပြီးတော့ရန်ကုန်ကအခန်း ဘေးမှာ နောက်ထပ်ကျွန်တော့်ရဲ့ခန္ဓာကိုယ် ကိုယ်ဖွဲ့စည်းထားတဲ့ အမှုန်တွေအကုန်လုံး ကို တစ်ခုချင်းစီ ရဲ့ Quantum State တွေကိုဖတ်မဲ့Scannerသဘောမျိုးတစ်ခုရှိရပါမယ်။(လူတစ်ယောက်ခန္ဓာကိုယ်မှာရှိတဲ့အမှုန်ပေါင်းအားလုံးအရေ အတွက်သည်မြင်တွေ့နိုင် သော စကြ၀ဠာတစ်ခုလုံးတွင်ရှိသော ကြယ်များအားလုံး၏ ပမာဏ ထက်ပိုသည်။) ပြီးတော့ထို Scanner မှနေပြီးကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အမှုန်တွေအကုန်ကို တစ်ခုချင်းစီရဲ့ ကွမ်တမ်သတင်းအချက်အလက် (Quantum Data)  တွေအကုန်လုံးကိုသေသေချာချာ ဖတ်ရပါ့မယ်။ တစ်ပြိုင်နက်ထဲမှာပဲ ဘေးမှာ ရှိတဲ့ အခန်း(ရန်ကုန်မှာရှိတဲ့အခန်း) က အမှုန်တွေအကုန်လုံးကိုလဲ သေသေချာချာ Scan ဖတ်ယူရပါ့မယ်။ ပြီးတော့မှကျွန်တော့်ရဲ ကွမ်တမ်အချက်အလက်တွေနဲ့ ဘေးကအခန်းထဲက ကွမ်တမ်အချက်အလက်တွေကို နှိုင်းယှဉ်ယူရပါ့မယ်။  ဆက်နွယ်ခြင်း (entanglement) သဘောတရား နဲ့ ရန်ကုန်အခန်းကအမှုန်တွေဟာ မန္တလေးအခန်းကအမှုန်တွေနဲ့သွားပြီးဆက်စပ်နေပါတယ်။ အဲ့အချိန်ကျမှ စက်ကနေပြီးတော့ ကျွန်တော့်ရဲ့ ကွမ်တမ်အချက်အလက်တွေအကုန်လုံးကို မန္တလေးက အခန်းကိုပို့ပေးရပါတယ်။ အဲ့ဒီအခါမှာ မန္တလေးက စက်ကနေပြီးတော့ ကျွန်တော့် ကိုဖွဲ့စည်းထားတဲ့ အမှုန်တွေအတိုင်းတစ်ထပ်ထဲ တစ်ပုံစံထဲတူတဲ့ “သော်ဇင်ထွန်း” ကိုပြန်လည်ပြီး တည်ဆောက်ပေးမှာဖြစ်ပါတယ်။ ရန်ကုန်က ကျွန်တော့်ကိုတည်ဆောက်ခဲ့တဲ့အမှုန်တွေဟာမရှိတော့တဲ့အပြင် မန္တလေးကိုရောက်သွားတာလဲမဟုတ်ပဘူး ။ ရန်ကုန် က ကျွန်တော့်ခန္ဓာကိုယ်ရဲ့ အမှုန်တွေအတိုင်း ကို ဒီဘက် မန္တလေး မှာ ပြန်လည်မိတ္တူပွားပြီးတည်ဆောက်လိုက်တဲ့သဘောပါပဲ ။

            အဲ့ဒီတော့ကျွန်တော်မန္တလေးကို ရောက်သွားပါပြီ။ ကျွန်တော် နဲ့ တစ်ထပ်တည်း တစ်ပုံတဲ မိတ္တူကူးထားသလိုကိုတူတဲ့ အမှုန်အဖွဲ့အစည်းကြီးပေါ့ ။ နဂိုမူလ ကျွန်တော်ကတော့ ရန်ကုန်မှာ ကျွန်တော့်ရဲ့ ကွမ်တမ်အချက်အလက်တွေကို scan ဖတ်ကထဲမရှိတော့ပါဘူး ။ ကွမ်တမ်အချက်အလက်တွေကိုသိရဖို့အတွက် ကျွန်တော့်ကို အက်တမ်အောက်အဆင့်မှစပြီး တစ်စစီ ဆွဲဖြဲပစ်ရပါတယ်။ အဲ့ဒီတော့ မန္တလေးမှာရောက်သွားတဲ့သော်ဇင်ထွန်းက တကယ့်သော်ဇင်ထွန်းစစ်စစ်ကောဟုတ်သေးရဲ့လား? Qauntum Mechanics အရတော့ တူတူ ပါပဲ ။ သော်ဇင်ထွန်းစစ်စစ်ပါ ။ Quantum Mechanics အဆိုအရ အဲ့ဒီအမှုန်တွေဟာ ကျွန်တော့်ကိုဖွဲ့စည်းထားတာမဟုတ်ပါဘူး။ အဲ့ဒီအမှုန်တွေထဲမှာရှိတဲ့ သတင်းအချက်အလက် (Information) တွေကသာ ကျွန်တော် စစ်စစ်ကိုဖွဲ့စည်းထားတာပါ ။ အဲ့ဒီ သတင်းအချက်အလက် အကုန်ကိုဒီဘက်ကိုပို့လာနိုင်လိုက်လို့ ကျွန်တော်ဟာ ကျွန်တော်ပဲဖြစ်နေဆဲပါ ။ အရမ်းကို ရုပ်ဝတ္ထု ဝါဒ တအားဆန်လွန်းတယ်ဆိုပြီး လက်မခံတဲ့လူတွေလဲရှိပါတယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာ အငြင်းပွားဖွယ်အခြေအနေတစ်ခုအဖြစ် လက်ရှိအထိရှိနေဆဲပါ။

  ဒီကိစ္စကိုအရမ်းကြီး စိတ်ထဲမထားပါနဲ့ ။ တကယ် လုပ်ဖို့တော်တော်မလွယ်သေးတဲ့ကိစ္စ ပါ ။ လုပ်လို့ရခဲ့ပြီဆိုရင်တော့ဟိုဘက်မှာကျွန်တော့်ကိုဖွဲ့စည်းထားတဲ့အမှန်တွေတိုင်းကိုပြန်ပြီးတည်ဆောက်နိုင်မှရမှာပါ။ မတော်တဆများတစ်ခုခုမှားယွင်းသွား ရင် ကျွန်တော်ဟာ အီလက်ထရွန်တွေ၊ နျူထရွန်တွေပုံထားတဲ့ အမှိုက်ပုံကြီးတစ်ခုဖြစ်သွားမှာပါ ။ ကြားထဲမှာ ခုနကပြောသလိုမျိုး ကျင့်ဝတ်ပိုင်းဆိုင်ရာ အငြင်းပွားဖွယ်တွေလဲအများကြီးရှိနေတာကော၊ပိုပြီးဆိုးတာကနည်းပညာလဲလုံလုံလောက်လောက်မရှိသေးတဲ့အတွက်  Quantum Teleportation ဟာ ကျွန်တော်တို့ရောက်ရှိဖို့ အတော်ကိုလိုအပ်ပါသေးတယ်။ လက်ရှိအထိတော့လက်တွေ့သိပ်မဆန်လှသေးပါဘူး ။ ဒီ အပိုင်းကိုကျွန်တော်က ဗဟုသုတတစ်ခုအနေနဲ့ ရေးလိုက်တဲ့သဘောတစ်ခုပါပဲ ။ နောက်ထပ် လက်ရှိ Quantum Mechanics ရဲ့လက်တွေ့ကျကျအသုံးဝင်အောင်ကြိုးစားနေတာတွေရှိပါသေးတယ်။ Quantum Computing တို့လိုပေါ့။

Quantum Mechanics အားအလွဲသုံးစားလုပ်မှုများ

            Quantum Mechanics ဟာ သိပ္ပံယောင်  (Pseudoscience) အတည်ပညာတွေမှာအရမ်းကို အလွဲသုံးစားလုပ်ခံရပါတယ်။ ကြားဖူးမှာပေါ့ ကွမ်တမ် ဆွဲပြားတို့ ၊ ကွမ်တမ် ဓာတ်ဘူးတို့။ အဲ့တာဘယ်ကစလဲဆိုတော့လူတွေဟာ ကွမ်တမ် ကိုသေချာနားမလည်တာကနေစပါတယ်။ ကွမ်တမ် မှာ Certainty မရှိတော့ဘူးဆိုပြီးဆိုတာက စပြီးတော့ အရာရာတိုင်းကိုလုပ်ချင်သလိုလုပ် ၊ ဖြစ်ချင်သလိုဖြစ်မယ်လို့ ယူလိုက်တာကတလွဲဖြစ်ပါတော့တယ်။ The Uncertainty Principle ဟာ သုံးချင်တိုင်းအခြေအနေတိုင်းမှာ  သုံးချင်သလိုသုံးလို့မရပါဘူး ။ သက်ဆိုင်ရာညီမျှခြင်း သင်္ချာသဘောတရားတွေနောက်ခံရှိပါတယ်။ အရာရာတိုင်းမရေရာတာမှမဟုတ်တာ။ အက်တမ်အောက်အမှုန်တွေ ကွမ်တမ်ကမ္ဘာထဲမှာမှ ဖြစ်တဲ့နိယာမတွေပါ ။ အပြင်လောကမှသိသာတာမှမဟုတ်တာ။ သူတို့ပြောသလိုသာဆို Newton နိယာမတွေ ၊ Relativity Theory တွေပစ်လိုက်ရမှာပေါ့။ ကွမ်တမ်ဟာ သိပ္ပံယောင်သမားတွေ အလွှဲသုံစားလုပ်ဖို့ပေါ်လာတာမဟုတ်ပါဘူး ။ သိပ္ပံယောင်သမာေးတွဟာ တစ်ခုခုကို Quatum effect တွေပဲဆိုပြိးလွှဲလွှဲချပါတယ် ။ “ဒီဆွဲပြားလေးပေါ့ ၊ ကွမ်တမ်ဆွဲပြားလေးလေ ၊ ခန္ဓာကိုယ်မှာ ရှိတဲ့အမှုန်တွေကိုအရမ်းသက်ရောက်မှုကောင်းစေတာ’’ “ဒီလက်ပတ်လေးပေါ့၊သွေးခုန်နှုန်းနဲ့သွေးလည်ပတ်နှုန်းကိုမှန်စေတာလေ၊သိပ္ပံနည်းအရမ်းကျတာ၊ကွမ်တမ်နဲ့တွက်ထုတ်ပြီးထွင်ထားတာလေ”ဆိုတာမျိုး တွေကြားဖူးကြမှာပေါ့ ။ သိပ္ပံပညာမှာ မည်သည့် အသုံးချ သိပ္ပံပညာမဆို နောက်ကွယ်မှာ သင်္ချာပါရပါတယ်။ တိကျတဲ့တွက်ထုတ်မှုတွေ ၊ ညီမျှခြင်းတွေ နဲ့ ရှိရပါတယ်။ ပါးစပ်ကလွယ်လွယ်ပြောလို့မရပါဘူး။အဲ့ဒီဓာတ်ဘူး၊လက်ကောက်၊ဆွဲပြားအဲ့တာတွေဟာဘာသိပ္ပံဆိုင်ရာအထောက် အထား တိတိကျကျတစ်ခုမှမရှိတဲ့ သိပ္ပံယောင်ပညာရပ်တွေပါ ။ တော်တော်များများ သိပ္ပံယောင်သမားတွေဟာ အဲ့ဒီလို ကွမ်တမ်ကိုအလွှဲသုံးစားလုပ်လုပ်နေပြီး လူထု ထံမှ ပိုက်ဆံကို ညာညာ ယူနေတာအင်မတန်စိတ်မကောင်းစရာပါပဲ ။ တစ်ချို့ဆိုသိန်းနဲ့ချီပေးပြီးဝယ်ကြပါတယ်။ ဒီကြားထဲ ကွမ်တမ်နည်းအရကုတဲ့ ဗိန္ဓောဆရာ ဆိုတာမျိုးတွေရှိပါသေးတယ်။သူပြောလိုက်တဲ့စကားသံတွေရဲ့ Quantum Wave တွေကနေပြီးကြိမ်နှုန်းတွေနဲ့ကုတာဆိုတာမျိုးတွေပါကြားဖူးပါတယ်။လှိုင်းသဘောတရားလောက်ကိုတောင်အခြေခံ မသိလို့အဲ့လိုပြောတာပါ။သတိရှိစေချင်ပါတယ်ခင်ဗျာ။ကျွန်တော့်ဘက်ကတော့ပြောဖို့တာဝန်အပြည့်ရှိပါတယ်။လက်ခံတာ ၊ မလက်ခံတာကတော့ စာဖတ်သူ ရဲ့ကိုယ်ပိုင်လွတ်လပ်စွာရွေးချယ်ခွင့်ပဲဖြစ်ပါတယ်။

နိဂုံး

            ကဲ .. စာလဲတအားကြီးကိုရှည်သွားတာဖတ်ရတာပျင်းတောင်သွားပြီလားမသိဘူး ။ ဒီတစ်လတော့ကျွန်တော်ခေါ်သွားချင်တဲ့ခရီးကဒီလောက်ပါပဲခင်ဗျာ ။ ကွမ်တမ်လောက ကိုလေ့လာရတာ စာဖတ်သူတော့မသိဘူး ။ ကျွန်တော့်အတွက်တော့ အရမ်းကိုပျော်ဖို့ကောင်းပြီး စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းပါတယ်။ နောက်တစ်ပတ်မှာတော့ အက်တမ်အောက်အမှုန်လေးတွေအကြောင်းသေချာကြည့်ရအောက်လား? ဒီတစ်ပတ်မှာ ကွမ်တမ်သဘောတရားတွေအခြေခံသိထားပြီဆိုတော့နောက်တစ်ပတ်မှာတော့အက်တမ်အောက်အမှုန်တွေနဲ့အခြေခံအားလေးမျိုးကိုကွမ်တမ်ကနေပြီးဘယ်လိုသတ်မှတ်သလဲဆိုတာကိုကြညြ့်ကတာပေါ့ဗျာ ။

 

~Thaw Zin Htun

 

References:

  • Hawking, S. (1996).The illustrated A brief history of time (Updated and expanded ed.). New York: Bantam Books.
  • Hawking, S. (2001).The universe in a nutshell. New York: Bantam Books.
  • The Fabric of Cosmos[Motion picture]. (2011). USA: Nova.

 

(မှတ်ချက် ။ Quantum Theory ဆိုသည်မှာ 1900 ပြည့်နှစ်တွင် Planck စတင်မွေးဖွားခဲ့သော စွမ်းအင်ထုပ်လေးများသီအိုရီကိုခေါ်ခြင်းဖြစ်သည်။ Quantum Mechanics မှာ နဂိုရှေးရိုးစွဲ မက္ကင်းနစ် သဘောတရားကို Quantum level တွင်အသုံးချခြင်းဖြစ်ပြီး ၁၉၂၀ ကျော်ဝန်းကျင်တွင်ပေါ်ပေါက်သည်။ )

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s