Northern Light ဆိုတာဘာလဲ

northern

Northern Lights ဆိုသည်မှာ ညဥ့်ကောင်းကင်ယံတွင် လှပစွာ ဖြာထွက်သော ရောင်စုံအလင်းတန်းများ ကိုခေါ်သည်။ မြန်မာလို ဥတ္တရအလင်းတန်းဟု ခေါ်လေ့ရှိကြသည်။ အဓိပ္ပါယ်မှာ မြောက်ဘက်ပိုင်းဒေသမှ အလင်းတန်းများ ဟူ၍ဖြစ်သည်။ ၎င်းအလင်းတန်းများကို Aurora အလင်းတန်းများဟုလည်း ခေါ်ဆိုကြသည်။ (ဤဆောင်းပါးတွင် အခေါ်အဝေါ်ကို Northern Lights နှင့် Aurora အလင်းတန်း ဟူ၍သာ တစ်လှည့်စီသုံးသွားပါမည်။) Northern Lights အလင်းတန်းများသည် လွန်စွာထူးခြားဆန်းပြားသည်သာမက မှော်ပညာဖြင့် ဖန်တီးထားသည်ဟုပင် ထင်မှတ်မှားလောက်အောင် လှပပေသည်။ သို့ သော် စာဖတ်သူသည် မြန်မာနိုင်ငံတွင်နေသူ ဖြစ်ပါက ထို Northern Lights ကို အပြင်လောကတွင် မြင်တွေ့ နိုင်ရန် မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် Northern Lights ကို ကမ္ဘာ့ မြောက်ဘက်စွန်းနှင့် တောင်ဘက်စွန်းဒေသများတွင်သာ မြင်တွေ့ ရလေ့ရှိသောကြောင့်ဖြစ်သည်။ အပြင်လောကတွင် မမြင်နိုင်သော်လည်း Northern Lights မည်သို့ မည်ပုံရှိသည်ကို Internet တွင် ရှာဖွေလေ့လာ နိုင်ပါသည်။ ဤဆောင်းပါးတွင်လည်း Northern Lights ပုံများကို အမြည်းသဘော လေ့လာနိုင်ရန် ဖော်ပြပေးထားပါသည်။

Northern Lights ဘယ်လို ဖြစ်ပေါ်လာလဲ။

အကြမ်းဖျင်းအားဖြင့် Aurora (ခေါ်) Northern Lights ဖြစ်ပေါ်ရခြင်းမှာ နေမှ ထုတ်လွှတ်လိုက်သည့် လျှပ်စစ်ဓါတ်ဆောင် အမှုန်ကလေးများ ကမ္ဘာ့ လေထုထဲသို့ ရောက်ရှိလာပြီး လေထုထဲမှမော်လီကျုးများနှင့် ပွတ်တိုက်မှုကြောင့်ဖြစ်ပေါ်လာသည်။ Northern Lights နှင့် နေပြောက်ဖြစ်စဉ်(sunspot activity) ဆက်နွယ်မှုကို ၁၈၈၀ ခုနှစ်တွင် စတင်လေ့လာတွေ့ ရှိခဲ့သည်။ ၁၉၅၀ ပြည့်နှစ်များတွင် ပြုလုပ်ခဲ့သော သုတေသနလုပ်ငန်းများ၏ အကျိုးကျေးဇူးကြောင့် နေမှ အီလက်ထရွန်နှင့် ပရိုတွန် အမှုန်ကလေးများသည် solar wind ဟူသော ဖြစ်စဉ်ဖြင့် ကမ္ဘာလေထုထဲသို့ ဝင်ရောက်ကြောင်း သိရှိလာခဲ့ကြသည်။

နေ၏ မျက်နှာပြင် အပူချိန်သည် 5800 kelvin ထိပူပြင်းပြီး ၎င်းအပူချိန်တွင် ဓါတ်ငွေ့ မော်လီကျူးများ အချင်းချင်း ပွတ်တိုက်မှု အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်၍ ပြင်းထန်စွာ ပေါက်ကွဲကြသည်။ နေသည် မိမိဝင်ရိုးပေါ်တွင် လှည့်ပတ်နေသည်ဖြစ်ရာ ပေါက်ကွဲမှုဖြစ်ချိန်တွင် အီလက်ထရွန်နှင့် ပရိုတွန် အမှုန်များသည် နေမှ လွတ်ကာ အာကာသသို့  လွင့်စင်သွားကြသည်။ ထိုဖြစ်စဉ်ကို Solar Wind ဟုခေါ်ပြီး အဆိုပါ နည်းလမ်းဖြင့် ကမ္ဘာလေထုထဲသို့  လျှပ်စစ်ဆောင် အမှုန်များရောက်ရှိလာကြသည်။ သို့ သော် အားပြင်းသော ကမ္ဘာ့ သံလိုက်စက်ကွင်းကြောင့် ၎င်းလျှပ်စစ်ဆောင်အမှုန်များသည် ကမ္ဘာမြေပေါ်သို့  တိုက်ရိုက်မကျရောက်နိုင်ဘဲ့ သံလိုက်စက်ကွင်းအားအပျော့ဆုံးဖြစ်သည့် ၀င်ရိုးစွန်းဒေသများသို့ လမ်းကြောင်းသွေဖည်သွားကြသည်။ ၀င်ရိုးစွန်းဒေသများသို့ ရောက်ရှိသောအခါ ကမ္ဘာပေါ်မှ ဓါတ်ငွေ့ အမှုန်များနှင့် နေမှ လွင့်စင်လာသော လျှပ်စစ်ဆောင် အမှုန်များ ပွတ်တိုက်မှုဖြစ်ပြီး Northern Lights ဟုခေါ်သော အလင်းတန်းများ ထွက်ပေါ်လာကြသည်။

Northen Lights ကို ကမ္ဘာ့ တောင်ဘက်စွန်းနှင့် မြောက်ဘက်စွန်းတွင် တွေ့ နိုင်ပြီး မြောက်ဘက်စွန်းဒေသများတွင် ဖြစ်ပေါ်သော Northern Lights ကို ‘Aurora borealis’ ဟု ခေါ်ပြီး တောင်ဘက်ပိုင်းတွင် ‘Aurora australis’ ဟု ခေါ်ဝေါ်ကြသည်။ Aurora အလင်းတန်းများကို အရောင်မျိုးစုံဖြင့် တွေ့ မြင်နိုင်ပြီး အစိမ်းနုရောင်နှင့် ပန်းရောင် များမှာ အတွေ့ ရအများဆုံးဖြစ်သည်။ ထို့ ပြင် အနီ၊ အ၀ါ၊ အစိမ်း၊ အပြာ နှင့် ခရမ်းရောင် များကိုလည်း တွေ့ ရတတ်သည်။ လျှပ်စစ်ဓါတ်ဆောင် အမှုန်များနှင့် ပွတ်တိုက်သော ဓါတ်ငွေ့ အမျိုးအစားပေါ်မူတည်၍ Northern Lights အရောင်သည်လည်း ပြောင်းလဲလေ့ရှိသည်။ တွေ့ ရအများဆုံးဖြစ်သော Northern Lights အရောင်ဖြစ်သည့် စိမ်းဝါရောင်နုနု သည် ကမ္ဘာမြေပြင်အထက် မိုင် ၆၀ တွင်ရှိသော အောက်ဆီဂျင် မော်လီကျူးများ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည်။ အလွန်တွေ့ ရခဲသော အနီရောင် သီးသန့်  Aurora အလင်းတန်းများသည် အမြင့်ပေ မိုင် ၂၀၀ ၀န်းကျင်တွင် ရှိသော အောက်ဆီဂျင်ဓါတ်ငွေ့ မှုန်များ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်သည်။ နိုက်ထရိုဂျင်ဓါတ်ငွေ့ များသည် အပြာနှင့် ကြက်သွေးရောင် အလင်းတန်းများကို ဖြစ်ပေါ်စေသည်။

အလင်းတန်းများသည် ပုံစံမျိုးစုံဖြင့် တည်ရှိနိုင်ပြီး အချို့ မှာ အကွက်ပုံစံ (သို့ မဟုတ်) ပြန့် ကျဲနေသော တိမ်တိုက်ပုံစံ၊ အချို့ မှာ တံခွန် ပုံစံ၊ စက်ဝန်းပြတ်ပုံစံ၊ လှိုင်းထလှုပ်ရှားနေသော ပြတင်းပေါက်ခန်းဆီး ပုံစံ အစရှိသဖြင့် ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ကောင်းကင်ယံတွင် ခပ်မှိန်မှိန် အရောင်များဖြာထွက်လေ့ရှိသည်။ Aurora အလင်းတန်းဖြာထွက်မှုသည် အမြင့်ပေ မိုင် ၅၀ မှ မိုင် ၄၀၀ အတွင်းတွင် ဖြစ်ပေါ်လေ့ရှိသည်။

Northern Lights ကြည့်ရန် အကောင်းဆုံးနေရာများ

အထက်တွင် ဖော်ပြထားသည့်အတိုင်း Northern Lights ကို တောင်ဘက်စွန်းနှင့် မြောက်ဘက်စွန်းဒေသများတွင် အတွေ့ ရများသည်။ ကမ္ဘာ့ အနောက်ဘက်ခြမ်း တောင်ဘက်စွန်းတွင်ရှိသော ဒေသတစ်ခုဖြစ်သည့် New Orleans ဒေသတွင် တွေ့ ရသော်လည်း ကမ္ဘာ့ အရှေ့ဘက်ခြမ်း တောင်ဘက်စွန်းဒေသများတွင်မူ Northern Lights များကို တွေ့ မြင်နိုင်ခြင်းမရှိပေ။ Northern Lights ကို ကြည့်ရှုခံစားရန် အကောင်းဆုံးနေရာများမှာ မြောက်အမေရိကတိုက်ရှိ Canada အရှေ့မြောက်ပိုင်းဒေသများ(Yukon၊ Nunavut အစရှိသည့်ဒေသများ) နှင့် Alaska ပြည်နယ် အနောက်မြောက်ဘက်တို့ ဖြစ်ကြသည်။ ထို့ ပြင် Aurora ရောင်စဉ်တန်းများကို Greenland နှင့် Iceland နိုင်ငံ တောင်ဘက်စွန်းဒေသများ၊ Norway နိုင်ငံ မြောက်ဘက် ကမ်းရိုးတန်း နှင့် Siberia နိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင်လည်း တွေ့ မြင်နိုင်ပေသည်။ ကမ္ဘာ့ တောင်ဘက်ခြမ်းတွင် ဖြစ်ပေါ်လေ့ရှိသော Aurora ရောင်စဉ်တန်းများသည် အန္တာတိကတိုက်နှင့် အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်သာ ဖြစ်ပေါ်လေ့ရှိသောကြောင့် မြင်တွေ့ ခဲလှသည်။ ယေဘုယျအားဖြင့် Northern Lights ကို အလင်းရောင်နည်းပါးသောနေရာများတွင် ကြည့်ရှုရန် အကောင်းဆုံးဖြစ်သည်။ လူနေနည်းသော မြောက်ဘက်ပိုင်းဒေသများသည် Northern Lights ကြည့်ရှုရန် အကောင်းဆုံးဖြစ်သည်။

Auroral ရောင်စဉ်တန်းများ ကြည့်ရှုရန် အကောင်းဆုံးအချိန်

Aurora ရောင်စဉ်ဖြာထွက်မှုဖြစ်စဉ်သည် ရာသီစက်ဝန်းကဲ့သို့ ထပ်ကာတလဲလဲဖြစ်နေသည်ကို သုတေသီများ ရှာဖွေတွေ့ ရှိခဲ့ကြပြီး အချိန် ၁၁ နှစ်ကြာတိုင်း တစ်ကြိမ် ရောင်စဉ်ဖြာထွက်မှု အထွတ်အထိပ်သို့ ရောက်လေ့ရှိသည်။ နောက်ဆုံး ရောင်စဉ်ဖြာထွက်မှု အမြင့်ဆုံး အချိန်မှာ ၂၀၁၃ ခုနှစ် ဖြစ်သည်။ မြောက်ဘက်ပိုင်းဒေသများတွင် ဆောင်းရာသီသည် ရောင်စဉ်တန်းများကို ကြည့်ရှုရန် အလွန်ကောင်းသော ရာသီဖြစ်သည်။ ညတာရှည်ပြီး တိမ်ကင်းစင်သောညများသည် Aurora ရောင်စဉ်တမ်းများကို ကြည့်ရှုရန် အခွင့်ကောင်းဖြစ်သည်။ Northern Lights ကြည့်ရှုရန် အကောင်းဆုံးအချိန်မှာ ဒေသစံတော်ချိန် ညသန်းခေါင် အချိန်ဖြစ်ပေသည်။

Northern Lights နှင့် ပတ်သက်သည့် ဒဏ္ဍာရီလာများ

ကမ္ဘာ့ မြောက်ဘက်ခြမ်း တွင်တွေ့ ရသော အလင်းတန်း ‘Aurora borealis’ သည် ‘မြောက်ဘက်ဒေသ၏ အရုဏ်ဦး’ ဟု အဓိပ္ပါယ်ရပြီး ကမ္ဘာ့တောင်ခြမ်း၏ အလင်းတန်း ‘Aurora astralis’ သည် ‘တောင်ဘက်ဒေသ၏ အရုဏ်ဦး’ ဟု အဓိပ္ပါယ်ရလေသည်။ ရောမတို့ ၏ ဒဏ္ဍာရီတွင် Aurora သည် အရုဏ်ဦးနတ်သမီးတစ်ပါး ဖြစ်လေသည်။ လူမျိုးစုအသီးသီးတွင် ရောင်စဉ်တန်းများနှင့် ပတ်သက်၍ ဒဏ္ဍာရီများ ရှိကြသည်။ အေဒီ ၁၁၀၀ မှ ၁၄၀၀ ခန့် က ရောင်စဉ်တန်းများဖြစ်ပေါ်ခြင်းသည် စစ် သို့ မဟုတ် အငတ်ဘေး၏ ရှေ့ပြေးနိမိတ်ဟု မှတ်ယူကြသည်။ နယူးဇီလန်ကျွန်းမှ Maori ဟုခေါ်သောဒေသခံတိုင်းရင်းသားများနှင့် မြောက်အမေရိကတိုက် အပါအ၀င် အချို့ ဥရောပတိုက်သားများသည် Northern Lights သည် မီးရှူးမီးတိုင် သို့ မဟုတ် မီးပုံပွဲမှ ရောင်ပြန်ဟပ်သော အလင်းများဟုပင် ထင်မြင်ယူဆခဲ့ကြသည်။ Winconsin ဒေသရှိ Menominee အင်ဒီးယန်းမျိုးနွယ်စုတို့ ကမူ အလင်းတန်းများသည် manbai’wok ဟုခေါ်သော မုဆိုးနှင့် တံငါသည်များ၏ ၀ိဥာဉ်များ တည်နေရာကို ညွှန်ပြသည်ဟု ယုံကြည်ကြသည်။ Alaska ဒေသမှ Inuit လူမျိုးတို့ ကလည်း အလင်းတန်းများသည် ၎င်းတို့ အမဲလိုက်ရာမှ ရရှိလာသော သားကောင်များ၏ ၀ိဥာဉ်များဟု ယုံကြည်ကြသည်။ Aurora ရောင်စဉ်တန်းများသည် ၎င်းတို့ လူမျိုးစု၏ စိတ်ဓာတ်ကိုဖော်ကြူးနေသည်ဟု ယုံကြည်သော မျိုးနွယ်များလည်းရှိကြပေသည်။

အချုပ်အားဖြင့်ဆိုရသော် ဒဏ္ဍာရီလာများနှင့် အသက်ရှူမှားလောက်အောင် လှပ ထူးခြားသော Northern Lights ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးလျှင် ကမ္ဘာဂြိုဟ်ပေါ်တွင် လူသားဖြစ်ရကျိုးပင်နပ်မည်မဟုတ်ပေ။

Article by Htoo Zaw Lwin from Curiosity Science Magazine Issue 1

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s