ဆင်ခြင်တုံတရားနဲ့ သိပ္ပံပညာ

ဆင်ခြင်တုံတရားဟာ သိပ္ပံပညာရပ်ဆိုင်ရာ သုသေတနတွေအတွက် အလွန်အရေးပါ ပါတယ်။ ဆင်ခြင်တုံတရားဟာ သိပ္ပံပညာနဲ့ အခြားသော ယုံကြည်မှုများ၊ ကိုးကွယ်ရာဘာသာတရားတွေနဲ့ အတုအယောင် သိပ္ပံ (pseudoscience) တွေကို ကွာခြားစေတဲ့ အချက်လည်းဖြစ်ပါတယ်။  သိပ္ပံသုသေတနတစ်ခုလုပ်တဲ့အခါမှာ ၄င်းသုတေသနတစ်ခုလုံးရဲ့ အခြေခံအဖြစ်  ခြုံငုံဆင်ခြင်နည်း(inductive reaso
ning) နဲ့ ထုတ်ယူဆင်ခြင်နည်း (deductive reasoning) တို့ကို အဓိက အသုံးပြုရပါတယ်။

unit-2-the-logic-of-scientific-discovery-25-728

ပုံ (၁)


ခြုံငုံဆင်ခြင်နည်း

ခြုံငုံဆင်ခြင်နည်းဆိုသည်မှာ အနည်းငယ်သော အချက်အလက် များကို လေ့လာမှတ်သားပြီး သီအိုရီတစ်ခုကို ဖော်ထုတ်တဲ့အခါမှာ သုံးတဲ့ ဆင်ခြင်နည်းဖြစ်ပါတယ်။ အလွယ်မှတ်သားမယ်ဆိုရင် ဒီဆင်ခြင်နည်းဟာ အောက်မှအထက်သို့ ဆင်ခြင်နည်း ဖြစ်ပါတယ်။

ဥပမာ (က)

အဆို ၁။ ဒီနေ့ ကျောင်းကို ရှစ်နာရီစထွက်တာ အချိန်မှီရောက်တယ်။

ကောက်ချက်။ ဒါကြောင့် နေ့တိုင်း မနက်ရှစ်နာရီ အိမ်ကထွက်ရင် ကျောင်းကို အချိန်မှီရောက်မယ်။

ဥပမာ (၂)

အဆို ၁။ တွေ့ဖူးတဲ့ ခွေးအဖြူရောင်တွေအားလုံးဟာ ခွေးအသေးမျိုး ဖြစ်တယ်။

ကောက်ချက်။ ဒါကြောင့် ခွေးအသေးမျိုးတွေအားလုံးဟာ အဖြူရောင်ဖြစ်တယ်။

ဒီဆင်ခြင်နည်းကို ရှေးခေတ်က တွေးခေါ်ပညာရှင်တွေ အထူးသဖြင့် ဂရိတွေးခေါ်ပညာရှင်တွေဟာ ပတ်ဝန်းကျင်ကို လေ့လာမှတ်သားပြီး သီအိုရီတွေထုတ်ဖို့သုံးခဲ့ပါတယ်။ ဒီဆင်ခြင်နည်းဟာ ရိုးရှင်းသလောက် သိပ္ပံပညာ တိုးတက်ဖို့အတွက် အလွန်အရေးပါခဲ့ ပါတယ်။ ဆင့်ကဲ့ဖြစ်စဉ်ရဲ့ ခေါင်းကိုင်ဖခင်ဖြစ်တဲ့ ချားလ်စ် ဒါဝင်ဟာလည်း ဒီဆင်ခြင်နည်းကိုသုံးပြီး ဆင့်ကဲဖြစ်စဉ် သီအိုရီကို ဖော်ထုတ်ခဲ့တာပါ။


ဆင့်ကဲဖြစ်စဉ်

ချားလ်စ်ဒါဝင်ဟာ တောင်အမေရိကတိုက်အနီးက ဂလာပဂို့စ် (Galapagos) ကျွန်းစုတစ်လျှောက် အမျိုးမျိုးကွဲပြားနေတဲ့ ဒါဝင့် ငှက်ပုတီး (Darwin’s Finches) တွေကို တွေ့ရှိခဲ့ပြီး အချို့ကို အင်္ဂလန်သို့ နမူနာအဖြစ်ယူခဲ့ပါတယ်။ အင်္ဂလန်ကို ပြန်ရောက်တဲ့အခါမှာ ငှက်လေ့လာတဲ့ပညာရှင်တစ်ဦးဖြစ်တဲ့ ဂျွန်ဂေါလ်ဒ် (John Gould)က ငှက်တွေကို သေချာကြည့်ပြီး လေ့လာပေးတဲ့အခါမှာ ဒါဝင်နဂိုကထင်ထားသလို ဒီငှက်ပုတီးတွေဟာ ကွဲပြားတဲ့ မျိုးစိတ်တွေ မဟုတ်ဘဲ အဲ့ဒါထက်ပိုမိုရှုပ်ထွေးတာကို သိခဲ့ပါတယ်။ ဒီငှက်ပုတီး ၁၂မျိုးလုံးဟာ မျိုးစိတ်ကွဲ (sub-species) တွေဖြစ်ပြီး အချင်းချင်းဆက်နွယ်နေတဲ့ အုပ်စုကြီးတစ်ခုကဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ဂလာပဂို့စ် ကျွန်းစုဟာ ယခု အီကွေဒေါနိုင်ငံရဲ့ ကမ်းခြေဒေသနဲ့ ကီလိုမီတာ ၁,၀၀၀ ကျော်ဝေးပါတယ်။ ကျွန်းစုရဲ့ ပထဝီဝင်အနေအထားကြောင့် တောင်အမေရိကတိုက်မှာတွေ့တဲ့ အခြားသော မျိုးစိတ်များကို မတွေ့ရပါဘူး။ ဒီငှက်ပုတီးတွေကတော့ လေပြင်းတိုက်တဲ့အခါ အချို့ဟာ ကျွန်းစုထဲက ကျွန်းတွေပေါ်ကို ရောက်လာပြီး မျိုးပွားရှင်သန်ကုန်ကြတယ်လို့ယူဆရပါတယ်။ ကျွန်းတစ်ခုနဲ့တစ်ခုမှာရှိတဲ့ ငှက်တွေဟာလည်း ကျွန်းတွေက ဝေးလံတာကြောင့် အချင်းချင်းရောထွေးမနေဘဲ တစ်သီးတစ်သန့်ဖြစ်နေပြီး အချိန်ကာလ ကြာမြင့်လာတဲ့အခါမှာ ကျွန်းတစ်ကျွန်းချင်းဆီရဲ့ အစာနဲ့ ရေမြေအလိုက် ကိုယ်ထည်နဲ့ နှုတ်သီးပုံစံတို့မှာ သေးငယ်တဲ့ ပြောင်းလဲမှုလေးတွေလုပ်ရင်း ကျွန်းတစ်ကျွန်းမှာနေတဲ့အုပ်စုတစ်စုနဲ့ တခြားအုပ်စုတစ်စုဟာ တစ်ဖြည်းဖြည်း ကွဲပြားသွားပါတယ်။ ဒါကြောင့် ငှက်ဦးရေ အနည်းငယ်ရဲ့ ခန္ဓာကိုယ်အသွင်အပြင်ကို ကြည့်ပြီး အနုမာန (hypothesis) တစ်ခုကိုထုတ်ယူပြီး သိပ္ပံပညာရဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်တဲ့ ဆင့်ကဲဖြစ်စဉ်ကို ဖော်ထုတ်ခဲ့တာပါ။

ဒါပေမယ့် သိပ္ပံပညာဟာ အနုမာနတစ်ခုကိုပဲ ထုတ်ပြီးရပ်နေလို့ မရပါဘူး။ အနုမာနတစ်ခုကို ထုတ်ပြီးတဲ့အခါမှာ ထုတ်ယူဆင်ခြင်နည်းနဲ့ ခန့်မှန်းမှုတွေလုပ်ဖို့လိုအပ်လာပါတယ်။


ထုတ်ယူဆင်ခြင်နည်း

ထုတ်ယူဆင်ခြင်နည်းဆိုသည်မှာ ယေဘူယျဥပဒေဿတစ်ခုနဲ့ စတင်ပြီး တိကျတဲ့ဖြစ်ရပ်တစ်ခုအတွက် ယုတ္ထိဗေဒအရ မှန်ကန်တဲ့ ကောက်ချက်ဆွဲတဲ့ ဆင်ခြင်နည်းဖြစ်ပါတယ်။ အလွယ်မှတ်သားမယ်ဆိုရင် ဒီဆင်ခြင်နည်းဟာ အထက်မှအောက်သို့ ဆင်ခြင်နည်း ဖြစ်ပါတယ်။

ဥပမာ (က)

အဆို ၁။ နေ့တိုင်း ကျောင်းသွားဖို့ မနက်ရှစ်နာရီမှာ ကားစီးတယ်။

အဆို ၂။ နေ့တိုင်း လမ်းမှာ ၄၅ မိနစ်ကြာပြီး ကျောင်းကို အချိန်မှီရောက်တယ်။

ကောက်ချက်။ ဒီနေ့မှာလည်း မနက်ရှစ်နာရီမှာ ကားစီးရင် ကျောင်းကို အချိန်မှီရောက်မယ်။

ဥပမာ (၂)

အဆို ၁။ လူအားလုံးဟာ တစ်နေ့သေရမယ်။

အဆို ၂။ ဆော့ခရတီဟာလည်း လူတစ်ယောက်ဖြစ်တယ်။

ကောက်ချက်။ ဒါကြောင့် ဆော့ခရတီဟာလည်း တစ်နေ့သေရမယ်။

သိပ္ပံမှာ အနုမာနနဲ့ သီအိုရီများကို မှန်ကန်မှုရှိမရှိ သုံးသပ်ရန်အတွက် ဖြစ်နိုင်ခြေများကို သိပ္ပံနည်းကျ စမ်းသပ်ဖို့ ဒီဆင်ခြင်နည်းကို အသုံးပြုပါတယ်။ အထူးမှတ်သားသင့်တဲ့အချက်ကတော့ အနုမာနတစ်ခုကို မှန်ကန်မှုရှိမရှိ စစ်ဆေးနိုင်တဲ့ တစ်နည်းအားဖြင့်ပြောရင် မှားယွင်းကြောင်း သက်သေပြနိုင်ချေရှိတဲ့ အနုမာန (falsifiable hypothesis) ဖြစ်ရန် လိုအပ်ပါတယ်။


သီအိုရီတစ်ခုကို မှားယွင်းကြောင်းသက်သေပြနိုင်ချေရှိမှု

အဆိုတစ်ခု သို့မဟုတ် အနုမာနတစ်ခုကို ယုံကြည်နိုင်ဖို့ ၄င်းအဆိုကို မှားယွင်းကြောင်း သက်သေပြနိုင်မယ့် နည်းလမ်းရှိမှသာ သိပံ္ပနည်းကျတယ်လို့ ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် “လောကကို ဖန်တီးတဲ့ ဖန်ဆင်းရှင် ရှိပါသလား။” ဆိုတဲ့မေးခွန်းကို သိပ္ပံပညာအနေနဲ့ အဖြေပေးနိုင်မှာမဟုတ်ပါဘူး။ အကြောင်းကတော့ ဒီအဆိုကို မှားယွင်းကြောင်းသက်သေပြနိုင်ချေမရှိပါဘူး။ ဒါကြောင့် အနုမာန တစ်ခုကို သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေးခြင်းမလုပ်ခင် ဒီအဆိုကို မှားယွင်းကြောင်းသက်သေပြနိုင်ချေ ရှိမရှိဟာ အထူးပဲ လိုအပ်လှပါတယ်။ သိပ္ပံပညာရှင်တွေအဖို့ ဘယ်လိုမျိုးသီအိုရီကမှ အလုံးစုံမှန်တယ်လို့ ပြောလို့မရပါဘူး။ ဒီလိုစစ်ဆေးနိုင်တာကြောင့် နည်းပညာနဲ့ လိုအပ်တဲ့အချက်အလက်တွေမရှိတဲ့ခေတ်တုန်းက အမှန်တရားလို့ လက်ခံထားကြတဲ့ သီအိုရီတွေမှားယွင်းကြောင်း သက်သေပြနိုင်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။


ဆင်ခြင်နည်းနှစ်ခုလုံးအပေါ် သုံးသပ်ချက်

အနုမာနတစ်ခုကိုတည်ဆောက်ပြီး သက်သေပြဖို့အတွက် အထက်ပါဆင်ခြင်နည်းနှစ်ခုလုံးကို လိုအပ်ပါတယ်။ ခြုံငုံဆင်ခြင်နည်းကို အနုမာနတွေကို ဖော်ထုတ်တဲ့အခါမှာ သုံးပြီး ဒီအနုမာနတွေကို သက်သေပြတဲ့အခါ ထုတ်ယူဆင်ခြင်နည်းကို သုံးရပါတယ်။ ခြုံငုံဆင်ခြင်နည်းကို ယုတ္တိဗေဒပညာအရကြည့်ရင် အတိအကျခိုင်မာတယ်လို့ပြောလို့မရပါဘူး။ အပေါ်ကဥပမာ ၁ ဖြစ်တဲ့ “ဒီနေ့ ကျောင်းကို ရှစ်နာရီစထွက်တာ အချိန်မှီရောက်တယ်” ဆိုတဲ့အဆိုတစ်ခုလုံး မှန်ကန်သည့်တိုင်အောင် ကောက်ချက်ဟာ မှားနိုင်ပါသေးတယ်။ ကျောင်းသွားမယ့်လမ်းမှာ ကားလမ်းပြုပြင်လို့ လမ်းတွေပိတ်တဲ့အခါ အချိန်မှီရောက်နိုင်မှ ရောက်နိုင်ပါတော့မယ်။ တခြားသော ထည့်သွင်းတွက်ချက်ခြင်းမရှိတဲ့ အချက်တွေကြောင့် ခြုံငုံဆင်ခြင်နည်းရဲ့ ကောက်ချက်ဟာ မှားနိုင်ပါတယ်။

ထုတ်ယူဆင်ခြင်နည်းရဲ့ အဓိက အားနည်းချက်ကတော့ အဆိုတွေအကုန်လုံးမှန်ဖို့လိုတာပါပဲ။ အဆိုတစ်ခု မှားယွင်းတာနဲ့ ထုတ်ယူဆင်ခြင်နည်းတစ်ခုလုံး မှားယွင်းနိုင်ပါတယ်။ ထုတ်ယူဆင်ခြင်နည်းကို မိုးလေဝသခန့်မှန်းမှုတွေမှာ အဓိကသုံးပါတယ်။ အဲ့လိုသုံးတဲ့နေရာမှာ လေဖိအား၊ လေထုစိုထိုင်းမှုစတဲ့ အခြေအနေတွေကို ကြည့်ပြီး ထွက်ပေါ်လာမယ့် ရာသီဥတုကို ခန့်မှန်းရပါတယ်။ ဒါကြောင့် မိုးလေဝသ ခန့်မှန်းမှုတွေမှာ ယနေ့မိုးရွာမယ်၊ နေပူမယ်လို့ အတိအကျမပြောဘဲ မိုးရွာရန် ရာခိုင်နှုန်း မည်ရွေ့မည်မျှ ရှိတယ်လို့ပဲပြောကြပါတယ်။ အကြောင်းရင်းကတော့ တွေ့ရှိခဲ့တဲ့ အခြေအနေတွေဟာ အတိအကျ မှန်ကန်တယ်ဆိုတာ တပ်အပ်မပြောနိုင်လို့ပဲဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s