ရပ်ဆဲလ်ရဲ့ ရေနွေးကရား

“ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ကြားမှာ တရုတ်ရေနွေးကရားတစ်လုံးဟာ နေကို ဘဲဥပုံစက်ဝန်းနဲ့ ပတ်နေတယ်။ အဲ့ဒီ ရေနွေးကရားဟာ အရမ်းသေးလွန်းတော့ ဘယ်လိုအားကောင်းတဲ့ မှန်ပြောင်းနဲ့ကြည့်ကြည့်မမြင်ရဘူး ဆိုကြပါစို့။ ကျွန်တော်အဲ့ဒီလို လျှောက်ပြောမယ်ဆိုရင် ကျွန်တော့်အဆိုကို မချေဖျက်နိုင်ပေမယ့် အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတယ်လို့ လူတွေက သတ်မှတ်ကြမှာပေါ့။ ဒါပေမယ့် ဒီအဆိုဟာ ဟိုးရှေးခေတ်ကတည်းက အစဉ်အလာအရ လက်ဆင့်ကမ်းလာတာမျိုးဖြစ်ရင်တော့ လူတွေယုံကြည်ကြလိမ့်မယ်။” – ဘာထရန်ရပ်ဆဲလ် (Bertrand Russell)

ဒီစကားကို ပြောခဲ့သူကတော့ ကမ္ဘာကျော်ဒဿနဆရာကြီး ဘာထရန်ရပ်ဆဲလ် (Bertrand Russell) ပဲဖြစ်ပါတယ်။ ဒီအဆိုကို ရပ်ဆဲလ်၏ ရေနွေးကရား (Russell’s Teapot) လို့ခေါ်ပါတယ်။ ရပ်ဆဲလ်ရဲ့ ရေနွေးကရား အကြောင်းကို ကျွန်တော်တို့လေ့လာကြည့်ရအောင်။

အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာကြားက နေကို ပတ်နေတဲ့ ဘယ်လို မှန်ပြောင်းနဲ့ ကြည့်ကြည့်မမြင်ရတဲ့ ရေနွေးကရား မရှိကြောင်း သင်ဘယ်လိုမှ ငြင်းချက်မထုတ်နိုင်ပါဘူး။ ဒါပေမယ့် ဒီအဆိုဟာ အဓိပ္ပါယ်မရှိ၊ သက်သေဘယ်လိုမှ မပြနိုင်တဲ့ အဆိုဖြစ်တဲ့အတွက် ရေနွေးကရားဟာ လုံးဝမရှိနိုင်ဘူးလို့ဘဲ နောက်ဆုံးကောက်ချက်ချရပါလိမ့်မယ်။ ဘာထရန်ရပ်ဆဲလ်ဆိုလိုချင်တဲ့ သဘောကတော့ သက်သေပြရန်တာဝန်ဟာ မယုံကြည်သူ၊ မေးခွန်းထုတ်သူအတွက် မဟုတ်ဘဲ ဒီအဆိုကို တင်ပြလာသူ၊ ယုံကြည်သူပေါ်မှာသာရှိကြောင်းဘဲ ဖြစ်ပါတယ်။ အဆိုတစ်ရပ်ရပ်ကို တင်ပြသူတို့ဟာ ထိုအဆိုမဖြစ်နိုင်ကြောင်းသက်သေပြလို့ မရတဲ့အတွက် လက်ခံဖို့ ပြောလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ မဖြစ်နိုင်ကြောင်း သက်သေပြလို့မရတာ မှန်ပေမယ့် ဖြစ်နိုင်ကြောင်းလည်း သက်သေပြစရာမရှိလို့ပါဘဲ။ ဒါကြောင့် သက်သေပြရန်တာဝန်ဟာ အဆိုပြုသူအပေါ်မှာဘဲ ရှိပါတယ်။ ဒါပေမယ့် အဆိုပြုသူဟာ ခိုင်လုံတဲ့၊ လုံလောက်တဲ့ သက်သေပြချက်၊ ဖြေရှင်းချက်တွေ ပေးနိုင်တယ်ဆိုရင်တော့ မဖြစ်နိုင်ကြောင်း ငြင်းဖို့ တာဝန်ဟာ မယုံကြည်သူ၊ လက်မခံသူအပေါ်မှာ ကျရောက်သွားပြီဘဲဖြစ်ပါတယ်။

2

ဒီရေနွေးကရားလေးဟာ အဲ့ဒီနေရာမှာ တကယ်ရှိနေခဲ့ရင် မြင်ရနိုင်မလား

သိပ္ပံပညာနဲ့ဆိုင်တဲ့ ဒီဘိတ်တွေ ဆွေးနွေးပွဲတွေ အဆိုတင်သွင်းမှုတွေမှာ ဒီပြဿနာကို ကြုံတွေ့ရလေ့ရှိပါတယ်။ အဆိုတင်ပြသူနဲ့ လက်မခံသူတို့ဟာ သက်သေပြဖို့ တာဝန်ဟာ ဘယ်သူ့အပေါ်မှာ ရှိသလဲဆိုတာ အငြင်းပွားလေ့ရှိကြပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေမှာ ဒါမှမဟုတ် သီအိုရီတစ်ခုကို ဖော်ဆောင်ရာမှာ အကြမ်းအားဖြင့် အဆင့်သုံးဆင့်ရှိပါတယ်။ ပထမအဆင့်ကတော့ လေ့လာခြင်း (observation) ပါဘဲ။ ဒီလေ့လာမှုတွေကို အခြေခံပြီး ဟိုက်ပိုသစ်ဆစ်စ် (hypothesis) (သို့မဟုတ်) အနုမာနတွေးဆချက် ကိုဖော်ဆောင်၊ အဆိုတင်သွင်းရပါတယ်။ ပြီးတော့မှ အဲဒီ့ အနုမာန မှန်မမှန် စမ်းသပ်မှုတွေလုပ်ပြီး လုံလောက်တဲ့ သက်သေအထောက်အထား ရှာရပါတယ်။ အထောက်အထားတွေ စုဆောင်း၊ ခိုင်လုံပြီဆိုတော့မှ ဟိုက်ပိုသစ်ဆစ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ သက်သေပြချက်တွေကို ပညာရှင်တွေ အချင်းချင်း ဆွေးနွေးကြရပါတယ်။ နောက်ဆုံး အားလုံးသဘောတူတဲ့အခါမှ သီအိုရီတစ်ခု အဖြစ်သတ်မှတ်ပါတယ်။ ဒါမှမဟုတ်လည်း ဒီအနုမာန အောင်မြင်ကြောင်း၊ မှန်ကန်ကြောင်း ထုတ်ဝေ ပုံနှိပ်ပါတယ်။ ဒါပေမယ့် အနုမာနအတွက် လုံလောက်တဲ့ သက်သေပြနိုင်ခြင်း မရှိတဲ့အခါမှတော့ အထက်မှာပြောခဲ့တဲ့ သက်သေပြဖို့ တာဝန်ဘယ်သူ့မှာ ရှိသလဲဆိုတဲ့ ပြဿနာတက် ပါတော့တယ်။ ဒီနေရာမှာ ရပ်ဆဲလ်ရဲ့ ရေနွေးကရားအိုး ဥပမာ ဝင်လာပါတယ်။ သက်သေပြဖို့တာဝန်ဟာ အဆိုတင်သွင်းသူ အပေါ်မှာပဲရှိပါတယ်။ အဆိုတင်သွင်းသူဟာ သက်သေပြချက် (ခိုင်ခိုင်လုံလုံ) ပြပြီးတဲ့အခါမှာသာ သက်သေပြဖို့တာဝန်ဟာ အဆိုကို ငြင်းပယ်သူ၊ လက်မခံသူအပေါ် ကျရောက်မှာ ဖြစ်ပါတယ်။

ဇီဝဗေဒပါမောက္ခ ရစ်ချတ်ဒေါ်ကင်းစ် (Richard Dawkins) ကတော့ ရပ်ဆဲလ်ရဲ့ ရေနွေးကရားကို မှီးငြမ်းပြီး ဒဏ္ဍာရီပုံပြင်ထဲက ကလေးငယ်တွေရဲ့ ကျွတ်သွားတဲ့ သွားတွေကို လူတွေအိပ်ချိန်မှာ လာယူတတ်တဲ့ Tooth Fairy ဆိုတဲ့ နတ်သမီးငယ်တွေနဲ့ ဥပမာပေးပါတယ်။ တကယ်လို့သာ ကျွန်တော်တို့ဟာ မဖြစ်နိုင်ကြောင်း၊ မရှိကြောင်း သက်သေမပြနိုင်ရုံ၊ မမြင်နိုင်၊ မတွေ့နိုင်ရုံနဲ့တင် မရှိကြောင်းပြောလို့ မရဘူးဆိုရင် Tooth Fairy ရှိကြောင်းကိုလည်း လက်ခံရလိမ့်မယ်လို့ ဒေါ်ကင်းစ်က ဆိုပါတယ်။ ရေနွေးကရားနဲ့ Tooth Fairy ကို မကြိုက်ဘူးဆိုရင်လည်း ဂေါ်ဇီလာအစ Pokemon အဆုံး ဥပမာပေးလို့ရပါတယ်။ ဂေါ်ဇီလာဟာ ရုပ်ရှင်ထဲမှာသာ ရှိတာမဟုတ်။ အပြင်မှာတကယ်ရှိတယ်၊ သမုဒ္ဒရာအောက်မှာ နေနေတယ်၊ လူတွေကသာ မတွေ့သေးတာလို့ ပြောလာပြီဆိုပါစို့။ တကယ်လို့သာ မတွေ့နိုင်၊ မသိနိုင်တာနဲ့ မရှိဘူးလို့ပြောလို့မရတာနဲ့ တကယ်ရှိနိုင်ကြောင်းကိုသာ လက်ခံရမယ်ဆိုရင် ဂေါ်ဇီလာ တကယ်ရှိတယ်ဆိုတာ သင့်အနေနဲ့ လက်ခံရပါလိမ့်မယ်။

သင့်ကို လူတစ်ယောက်က သင့်အနေနဲ့ သိပ္ပံနည်းကျသော် လည်းကောင်း၊ ယုတ္တိဗေဒနည်းကျ သော်လည်းကောင်း မဖြေရှင်းနိုင်တဲ့ အကြောင်းအရာ၊ အရာဝတ္ထု၊ ဖြစ်ရပ် တစ်ခုခုကို ရှိကြောင်း ပြောလာတယ်ဆိုပါစို့။ သင့်အနေနဲ့ မဖြစ်နိုင်ကြောင်း၊ မရှိနိုင်ကြောင်းငြင်းမယ်။ သက်သက်တစ်ခုခု ပြခိုင်းမယ်။ ဒီအခါမှာ ထိုသူက သက်သေမပြနိုင်၊ မတွေ့နိုင်၊ မမြင်နိုင်တာနဲ့ မရှိကြောင်း မပြောနိုင်ကြောင်း ပြန်ပြောလိမ့်မယ်ဆိုရင်တော့ သူ့ကို ရပ်ဆဲလ်ရဲ့ ရေနွေးကရားအကြောင်းသာ ပြောပြလိုက်ပါ။

အဆိုပါ ဆောင်းပါးကတော့ Curiosity မဂ္ဂဇင်းရဲ့ Issue 5 မှာဖော်ပြခဲ့တဲ့ ကိုထက်ချိုရဲ့ ဆောင်းပါးဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s