တွင်းနက်(Blackhole) ဆိုတာ ဘာလဲ

ကျွန်တော်တို့ဟာ ကမ္ဘာ့ဆွဲငင်အားကို သင်္ကေတ (g) နဲ့ဖော်ပြလေ့ရှိပြီး (g) ရဲ့တန်ဖိုးက 9.81 ms-2 ဖြစ်ပါတယ်။ ဒါကိုယေဘုယျအားဖြင့် ကမ္ဘာက အရာဝတ္ထုတစ်ခုကို ဆွဲငင်တဲ့အားလို့ အလွယ်ပြောနိုင်ပါတယ်။ ဒီအားကို နည်းနည်းလောက် ထပ်တိုးစဉ်းစားကြည့်ရအောင်။ သင်ဟာ ဂျပ်ဘူးအလွတ်လေးတစ်ဘူးကို မြေမြင်ပေါ်ချထားတယ်ဆိုပါတော့။ သူကို ကမ္ဘာက (g) နဲ့ဆွဲနေတယ်။ ဂျပ်ဘူးလေးကဘာမှဖြစ်မသွားပါဘူး။ ဘယ်ဖြစ်မလဲ စက်ရုံက ထုတ်ကတည်းကိုက ဒီအားကိုခံနိုင်အောင် ထုတ်ထားတာကိုးဗျ။ ပလတ်စတစ်အိတ်ဆိုရင် အဲ့လိုထားရင် အောက်ကိုတစ်ခါတည်းပြားပြားဝပ်သွားမှာပဲ။ အဲ့မှာ ကမ္ဘာက (g) တန်ဖိုးရဲ့ နှစ်ဆ (2g) နဲ့ ဆွဲလိုက်တယ်ဆိုရင် အဲ့ဒီဂျပ်ဘူးဟာ အနည်းငယ်ပုံပျက်သွားလိမ့်မယ်။ (3g) ဆိုပိုဆိုး။ ဒီလိုပဲ ၁၀ ဆဖြစ်တဲ့ (10g) လောက်နဲ့ဆွဲရင် အဲ့ဒီဘူးလဲ ပလတ်စတစ်အိတ်လိုမျိုး မြေပေါ် ပြားပြားဝပ်နေရောပေါ့။ ကဲ.. ဘီလီယံချီတဲ့ (g) တန်ဖိုးဆိုရင်ကောဗျာ။ မတွေးဝံ့စရာပဲ။ ဒါပေမယ့် တွေးရမှာပါပဲ။ အဲ့ဒီ ဘီလီယံချီတဲ့ (g) တွေဟာ စကြဝဠာထဲမှာ တကယ်ရှိနေတာကိုး။ အဲ့ဒီအရာတွေကို တွင်းနက်(Black Hole) လို့ခေါ်တယ်။

တွင်းနက်(Black Hole) ဆိုတာဟာ အာကာသအတွင်း အဆန်းကျယ်ဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ သိပ်သည်းဆ အလွန်များပြားတဲ့အရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အိုင်းစတိုင်းရဲ့ Relativity အရ သိပ်သည်းဆများလေ ဆွဲငင်အားပိုကြီးလေဖြစ်ပါတယ်။ သူတို့ရဲ့ ဆွဲငင်အားဟာ ဘယ်လောက်ကြီးမားလဲဆိုရင် စကြဝဠာထဲမှာ အမြန်ဆုံးလို့ သိရတဲ့ အလင်းတောင် ပြန်မထွက်နိုင်ပါဘူး။ တွင်းနက်ကထွက်လာတဲ့အလင်းမရှိဘူးဆိုတော့ တွင်းနက်ကိုလည်း ဘယ်တော့မှ မြင်နိုင်မှာမဟုတ်ဘူး။ အနီးနားမှာရှိတဲ့ ကြယ်တွေ၊ ဥက္ကာခဲတွေရဲ့ ၀ိသေသလက္ခဏာတွေကဆင့် တွင်းနက်ရဲ့ တည်ရှိမှုကိုသိနိုင်တယ်။

တွင်းနက်များရဲ့ တည်ရှိမှုကို ၁၉၁၆ ခုနှစ်ကတည်း အယ်လ်ဘက်အိုင်းစတိုင်းက သူ့ရဲ့ ဂန္တဝင် ယေဘုယျနှိုင်းရ သီအိုရီမှာ ခန့်မှန်းပြီးသားပါ။ တွင်းနက်(Black Hole) ဆိုတဲ့ အခေါ်အဝေါ်ကိုတော့ ၁၉၆၇ ခုနှစ်မှာ အမေရိကန်နက္ခတာယာသိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝီလာ(John Wheeler) က မှည့်ခေါ်ခဲ့ပြီး တွင်းနက်ကို ၁၉၇၁ ခုနှစ်မှ ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့ပါတယ်။
တွင်းနက်အကြောင်းကို ပြောမယ်ဆိုရင်တော့ ကြယ်တွေရဲ့အကြောင်းကို အရင်သိဖို့လိုပါတယ်။ ကြယ်တွေသေဆုံးပြီးဆိုရင် နောက်ဖြစ်နိုင်ခြေ သုံးမျိုးရှိပါတယ်။

ပထမတစ်ခုကတော့ ကြယ်ဖြူပု ခေါ် White Dwarf တွေပါ။ ကျွန်တော်တို့နေရဲ့ Mass ထက် ၁.၂ ဆ အောက်မှာရှိတဲ့ကြယ်တွေသေဆုံးရင်ဖြစ်ပါတယ်။ အက်တမ်တွေကို မယိုယွင်းစေတဲ့ ကွမ်တန်အားတွေနဲ့ ဆွဲငင်အားပြိုပျက်မှုရန်ကနေ ကာကွယ်ပြီးသားဖြစ်နေတဲ့ကြယ်လေးတွေကိုခေါ်တာပါ။ ဒီ ၁.၂ ဆ ဆိုတဲ့ ကန့်သတ်ချက်ကို ချန်ဒရေ့စ်ခါကန့်သတ်ချက်(Chandrasekhar Limit) လို့ခေါ်ပါတယ်။

ဒုတိယတစ်ခုကတော့ နယူထရွန်ကြယ်(Neutron Star) ပါ။ ကျွန်တော်တို့နေရဲ့ Mass ထက် ၁.၂ နဲ့ ၃ ဆအကြားမှာရှိတဲ့ကြယ်တွေသေရင် ဖြစ်လာတာပါ။ အက်တမ်ရဲ့ နျူကလိယက်စ် တွေမပြိုပျက်အောင် လုပ်ပေးထားတဲ့အားကြောင့် ဖြစ်ပေါ်လာရပါတယ်။ ဒါကိုလဲ ကျွန်တော်တို့အတိအကျမပြောနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ သိပ်သည်းမှုအရမ်းများပြားလှတဲ့အချိန်မှာ ရှိတဲ့ နျူကလိယအားတွေအကြောင်း ကျွန်တော်တို့ဟာ ရေရေရာရာမသိသေးတဲ့အတွက်ပါ။

ကျွန်တော်တို့နေရဲ့ Mass ထက် ၃ဆနဲ့အထက် ရှိတဲ့ကြယ်တွေသေဆုံးရင်တော့ တွင်းနက်တွေဖြစ်သွားကြပါတယ်။ ဒီလိုကြယ်တွေဟာလည်း စကြဝဠာအတွင်း အများကြီးတည်ရှိနေတာကြောင့် တွင်းနက်တွေဟာလဲ အများကြီးရှိပြီးသားလို့ပြောနိုင်ပါတယ်။

တွင်းနက်များကို အမျိုးအစား သုံးမျိုးခွဲခြားနိုင်ပါတယ်။ စတယ်လာတွင်းနက်(Stellar Black Holes)၊ မဟာကြီမားတွင်းနက်(Supermassive Black Holes) နဲ့ အလယ်အလတ်တွင်းနက်(Intermediate Black Holes) တို့ပဲဖြစ်ပါတယ်။

စတယ်လာတွင်းနက် – သေးငယ်တယ်၊ ဒါပေမယ့် အန္တရာယ်ရှိတယ်။

ကြယ်တစ်လုံးဟာ သူ့ရဲ့ လောင်စာတွေအားလုံးကုန်အောင် လောက်ကျွမ်းပြီးသွားပြီဆိုရင် သူ့အလိုလို ပြိုပျက်လာပါလိမ့်မယ်။ ဒီလိုကြယ်တွေပြိုပျက်မှုဟာ အရွယ်အစားအားဖြင့် အရမ်းသေးပေမယ့် သိပ်သည်းဆမှာတော့ အရမ်းများလှပါတယ်။ ကျွန်တော်တို့နေရဲ့ အလေးချိန်ထက် ၃ ဆလောက်ရှိတဲ့ ကြယ်တွေဟာ တွင်းနက်ဖြစ်သွားရင် သာမန် ရန်ကုန်မြို့တစ်မြို့စာ အရွယ်အစာလောက်ပဲရှိပါတော့မယ်။ သူတို့ရဲ့ သိပ်သည်းမှုကို သင်ဒီလောက်ဆို တွေးတောကြည့်နိုင်လောက်ပါပြီ။ ဒီလို သိပ်သည်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဆွဲငင်အားဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေကို အရူးဆွဲအနှမ်းဆွဲ ဆွဲငင်ပါတော့တယ်။ သူတို့ဟာ သူတို့ဘေးမှာ ရှိတဲ့ ဓာတ်ငွေ့တွေ၊ အာကာသဖုန်မှုန့်တွေ ကို ၀ါးမြိုပြီး သူတို့ရဲ့ အရွယ်အစားဟာ တစ်ဖြည်းဖြည်းကြီးမားလာပါတယ်။

မဟာကြီးမားတွင်းနက် – ဂလက်ဆီတို့ရဲ့ ပင်မ

သေးငယ်သောတွင်းနက်တွေက စကြဝဠာအတွင်းမှာ အများအပြားရှိပြီး စိတ်ဝင်စားစရာတွေကို ပေးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဘိုးအေကြီးဖြစ်တဲ့ မဟာကြီးမားတွင်းနက်တွေကတော့ စကြဝဠာကြီးကို အုပ်စိုးကြပါတယ်။ မဟာကြီးမားတွင်းနက်ကြီးတွေဟာ ကျွန်တော်တို့ နေထက် အဆပေါင်း သန်းကုဋေကုဋာချီ လေးလံပြီးတော့ သာမန်ကြယ်တစ်လုံးရဲ့ အရွယ်အစားလောက်သာရှိပါတယ်။ သူတို့ရဲ့ သိပ်သည်းခြင်းကို မှန်းဆကြည့်ပါ။
ကျွန်တော်တို့ဟာ ဂလက်ဆီတွေရဲ့ အလယ်ဗဟိုကို ဘယ်လိုကြည့်ကြည့် မမြင်ရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဗဟိုနီးလေ ကြယ်တွေဟာ ပိုမို သိပ်သည်းထူထပ် လာကာ နှမ်းဖြူးထားသလို သူတို့ရဲ့ တစ်ခြားတစ်ဖက်မှာရှိတဲ့ မြင်ကွင်းကိုပါ ဖုံးလွှမ်းသွားပါတယ်။ ကျွန်တော်နေအပါအဝင် ကြယ်တွေအားလုံးဟာ သူတို့ရဲ့ အသီးသီး ဂလက်ဆီရဲ့ ဗဟိုကို လှည့်ပတ်နေကြပါတယ်။ ဒါဟာ အဲ့ဒီအလယ်ဗဟိုမှာ အရမ်းကို ဆွဲငင်အားကောင်းလှတဲ့ အရာတစ်ခုရှိတယ်ဆိုတဲ့သဘောပါပဲ။ မဟာကြီးမားတွင်းနက်တွေဟာ အဲ့ဒီ အလယ်ဗဟိုမှာ တည်ရှိနေတယ်လို့ ခန့်မှန်းချက်ထုတ်ထားပါတယ်။

မဟာကြီးမားတွင်းနက်တွေ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကို သိပ္ပံပညာရှင်တွေဟာ ရေရေရာရာမသိသေးပါဘူး။ ခန့်မှန်းချက်တွေကတော့ သူတို့ဟာ သေးငယ်တဲ့တွင်းနက်တွေ စုပေါင်းဖြစ်တည်မှုကတစ်ဆင့် ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ နောက်ထပ်ဖြစ်နိုင်တာကလည်း ဓာတ်ငွေ့တိမ်တိုက်တွေပါ။ သူတို့ဟာ တစ်ဖြည်းဖြည်းပေါင်းစည်းမိလာတဲ့အခါမှာ ကြယ်အဆင့်ကို ကျော်ပြီး တွင်းနက်အဆင့်ကို တန်းရောက်သွားတာလဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ကြယ်များ အချင်းချင်းတိုက်မိမှုပါ။

အလယ်အလတ်တွင်းနက်

သိပ္ပံပညာရှင်တွေက တွင်းနက်တွေဟာ အရွယ်အစားအရမ်းကြီးမားတဲ့ တွင်းနက်နဲ့ သေးငယ်တဲ့တွင်းနက် ဒီနှစ်မျိုးသာရှိနိုင်တယ်လို့ တစ်ချိန်တုန်းက တွက်ချက်ခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ပြန်လည်တွက်ချက်မှုတွေအရ တွင်းနက်တွေဟာ အလယ်အလတ်အရွယ်အစားမှာလဲ ရှိနေနိုင်ပါတယ်။ သူတို့ဟာ ကြယ်တွေ အစုအပြုံလိုက် ကွင်းဆက်တိုက်ခိုက်မှုတွေကတစ်ဆင့် ဖြစ်ပေါ်လာကြပါတယ်။ ဒီ အလယ်အလတ်တွင်းနက်တွေဟာ အနီးနားမှာရှိနေမယ်ဆိုရင် သူတို့ဟာ ပေါင်းစက်ပြီးတော့ ဂလက်ဆီရဲ့ ဗဟိုကိုကျရောက်ကာ မဟာတွင်းနက် တွေထပ်ဖြစ်ပေါ်နိုင်ပါသေးတယ်။

သူတို့ကိုဘယ်လို ထောက်လှန်းမိနိုင်မလဲ

တွင်းနက်တွေဟာ ဆွဲငင်အားအလွန်မတန် အားကောင်းတာကြောင့် အနီးနားမှာရှိတဲ့အရာတွေအကုန်လုံး ၀ါးမြိုခံရပါတယ်။ အလင်းတောင်ပြန်မထွက်နိုင်ဘူးဆိုတော့ သူတို့ကိုလည်း ကျွန်တော်တို့ ဘယ်တော့မှ မြင်နိုင်မှာမဟုတ်ပါဘူး။ သူ့အနီးနားမှာရှိတဲ့ ၀ိသေသလက္ခဏာတွေကတစ်ဆင့် သူတို့ရှိနေတယ်ဆိုတာကို ပြောရပါတယ်။ အနီးနားမှာရှိနေတဲ့ အာကာသဖုန်မှုန့်တွေနဲ့ ဓာတ်ငွေ့တွေဟာ အဲ့ဒီ ဆွဲငင်အားပြင်းလှတဲ့ တွင်းနက်တွေထဲကို ဆက်တိုက်ကျရောက်နေပါတယ်။ တွင်းနက်အနားမှာရှိတဲ့ ဓာတ်ငွေ့တိမ်တိုက် တွေနဲ့ ကြယ်တွေက ဖြာထွက်မှု(Radiation) တွေဟာ ကျွန်တော်တို့ဆီကို ဘယ်တော့မှ မဦးတည်ပါဘူး။ တွင်းနက်ရှိရာနေရာကိုသာ ဦးတည်နေပါလိမ့်မယ်။

တွင်းနက်တစ်ခုကို အလွှာသုံးလွှာအဖြစ် ခွဲခြားလေ့လာနိုင်ပါတယ်။ အပြင်ဘက်မိုးကုတ်စက်ကွင်း၊ အတွင်းဘက်မိုးကုတ်စက်ကွင်း နဲ့ အမှတ်ထူး(Singularity) တို့ဖြစ်ပါတယ်။
မိုးကုတ်စက်ကွင်းဆိုတာကတော့ ပြင်ညီအပြားပုံသဏ္ဍာန်ရှိမှာဖြစ်ပြီး တွင်းနက်ရဲ့ ဘေးတစ်ဝိုက်မှာတည်ရှိပါတယ်။ အလင်းဟာ လွတ်မြောက်နိုင်စွမ်းစတင်ဆုံးရှုံးတဲ့နေရာဖြစ်တယ်။ မိုးကုတ်စက်ကွင်းထဲ တစ်စုံတစ်ခုကျရောက်လိုက်ပြီဆိုတာနဲ့ ထိုအရာဟာ လုံးဝပြန်မထွက်နိုင်တော့ပါဘူး။ မိုးကုတ်စက်ကွင်းချပ်ပြားလွှာတစ်လျှောက် ဆွဲငင်အားဟာ ပုံသေတသတ်မတ်တည်းရှိပါတယ်။
တွင်းနက်ရဲ့ အလယ်ဗဟိုတည့်တည့်မှာတော့ အမှတ်ထူးတည်ရှိပြီး ဟင်းလင်ပြင်ကို အကွေးညွတ်ဆုံးဖြစ်စေတဲ့နေရာပါ။ တွင်းနက်တစ်ခုလုံးရဲ့ အလေးချိန်အားလုံး စုပုံတည်ရှိရာ နေရာဆိုလည်းမမှားပါဘူး။
ယခင်ကတွက်ချက်မှုတွေအရတော့ တွင်းနက်ထဲ ဝင်သမျှအရာအားလုံးဟာ ထာဝရပျောက်ဆုံးသွားတယ်လို့သိရပါတယ်။ ဘယ်တော့မှ ပြန်ထွက်မလာနိုင်တော့ပါဘူး။ ဒါပေမယ့် ယခုနောက်ပိုင်းမှာတော့ ကွမ်တမ်မက္ကန်းနစ် တစ်ချို့ကို ညီမျှခြင်းတွေထဲမှာ ထည့်တွက်လိုက်ပါတယ်။ ကွမ်တမ်မက္ကန်းနစ်အရတော့ အမှုန်တိုင်းမှာ ဆန့်ကျင်ဘက်အမှုန်ဆိုတာရှိပါတယ်။(Every particle has its antiparticle) အလေးချိန်တူပြီး လျှပ်စစ်ဓာတ်ဆန့်ကျင်ဘက်ရှိတဲ့အရာကို ဆိုလိုတာပါ။ သူတို့ပေါင်းစည်းမိပြီဆိုရင် အချင်းချင်း လုံးဝဥသုန်ဖျက်ဆီးပစ်ကြပါလိမ့်မယ်။

အမှုန်-ဆန့်ကျင်ဘက်အမှုန်အတွဲဟာ တွင်းနက်ရဲ့ မိုးကုတ်စက်ဝိုင်းအတွင်းကို ကျရောက်မိပြီဆိုရင် တစ်ခုဟာ တွင်းနက်ရဲ့ မိုးကုတ်စက်ကွင်းအတွင်းကိုကျရောက်သွားပြီဆိုရ် တစ်ခုဟာ အထဲကို ဆွဲသွင်းဝါးမြိုခံရပေမယ့် အခြားတစ်ခုကတော့ တွင်းထုတ်ခံရနိုင်ပါတယ်။ ဒီနောက်ဆက်တွဲအဖြစ် တွင်းနက်ကို ကျုံ့စေပြီးတော့ ကြာလာရင် ယိုယွင်းသွားစေပါတယ်။ ဒီဖြစ်ရပ်ကတော့ ရှေးရိုးစွဲ မက္ကန်းနစ်ဘာသာရပ်မှာ အကျုံးမဝင်တဲ့ဖြစ်ရပ်ပါ။
ယခုအချိန်ထိတော့ တွင်းနက်တွေဘယ်လိုပြုမူဆောင်ရွက်ကြတယ်ဆိုတာကို သိဖို့အတွက် သိပ္ပံပညာရှင်တွေဟာ ကြိုးစားနေကြတုန်းပဲဖြစ်ပါတယ်။

တွင်းနက်များနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ် အချက်များ

  • အကယ်၍ သင်ဟာ တွင်းနက်ထဲကျသွားမယ်ဆိုရင် သင်ဟာ ခေါက်ဆွဲချောင်းတစ်ချောင်းလို ဆွဲဆန့်တာခံလိုရလိမ့်မယ်။ ဒါပေမယ့် မပူပါနဲ့။ အမှတ်ထူးမရောက်ခင် သေခြင်းတရားက သင့်ဆီရောက်လာပါလိမ့်မယ်။
  • တွင်းနက်များက သင့်ကို ဆုတ်ယူတာမဟုတ်ပါ။ ဆုတ်ယူခြင်းဆိုတာဟာ လေဟာနယ်တစ်ခုက ဆွဲငင်ခြင်းလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ သင်ဟာ တွင်းနက်ထဲကို ပြုတ်ကျခြင်းသာဖြစ်ပါတယ်။
  • ပထမဆုံးတွေ့ရှိခဲ့တဲ့ တွင်းနက်ရဲ့ နာမည်ကတော့ Cygnus X-1 ဖြစ်ပြီးတော့ ၁၉၇၁ ခုနှစ်မှာ တွေ့ခဲ့ပါတယ်။
  • ၁၉၇၄ ခုနှစ်မှာတော့ စတီဖင်ဟော့ကင်း နဲ့ သူ့ရဲ့ မိတ်ဆွေရူပဗေဒပညာရှင်ဖြစ်တဲ့ Kip Thorne တို့ဟာ Cygnus X-1 ဟာ တွင်းနက်ဟုတ်တယ်မဟုတ်ဘူး ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘောထားကွဲလွဲခဲ့ပါတယ်။ စတီဖင်ဟော့ကင်းက Cygnus X-1 မှ ထုတ်လိုက်တဲ့ ဖြာထွက်မှုတွေဟာ တွင်းနက်မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ စတီဖင်ဟော့ကင်းဟာ တရားဝင်ရှုံးနိမ့်ခဲ့ပါတယ်။
  • အချို့သောတွင်းနက်များဟာ မဟာပေါက်ကွဲမှုဖြစ်ပြီး မကြာခင်နှစ်ထောင်အနည်းငယ်အတွင်းမှာပဲ ဖြစ်ပေါ်ခဲ့ပါတယ်။
  • ကြယ်တစ်လုံးဟာ တွင်းနက်အနီးကို ကျရောက်လာပြီဆိုရင် တစ်စစီ ကွဲထွက်သွားနိုင်ပါတယ်။
  • ကျွန်တော်တို့ နဂါးငွေ့တန်းဂလက်ဆီအတွင်းမှာကို ကျွန်တော်တို့ နေထက် ၃ ဆလေးတဲ့ တွင်းနက်ငယ်ပေါင်း ၁၀ မီလီယံကနေ ၁ ဘီလီယံလောက်ထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
  • ကြိုးမျှင်သီအိုရီ နဲ့ တွင်းနက်သီအိုရီတို့ ဆက်နွယ်မှုဟာ ရှေးရိုးစွဲမက္ကန်းနစ် ပညာရပ်ထက် ရူပဗေဒပညာရပ်အပေါ် အကျိုးသက်ရောက်မှုတွေ အများကြီးပေးနေပါတယ်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s