မှော်ပညာ စိတ်ဝင်စားပါသလား။ သိပ္ပံပညာကို လေ့လာပါ

ကိုယ်ပျောက်ခြင်းဆိုတာဟာ ကျွန်တော်တို့ လူသားတွေ တော်တော်များများ စိတ်ကူးယဉ်လေ့ရှိတဲ့ အရာပါ။ သင်ဟာ သင့်ဘဝမှာ အနည်းဆုံးတစ်ခါတော့ ကိုယ်ပျောက်ခြင်းစွမ်းအင်ကို တောင့်တဖူးတယ်ဆိုတာ ဝန်ခံရမယ်မလား။ ဒီ ကိုယ်ပျောက်ခြင်းဆိုတဲ့ ဝိသေသတစ်ခုဟာ ခေတ်အဆက်ဆက် လူသားတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဘာသာရေးဆိုင်ရာ ဇာတ်ကြောင်းရာဇဝင်တွေ၊ စိတ်ကူးယဉ် ဝတ္ထုဇာတ်လမ်းတွေ၊ ညအိပ်ရာဝင်ပုံပြင်တွေ၊ စတဲ့ လူသားတို့ရဲ့ အတွေးကွန့်မြူးနိုင်စွမ်းထဲမှာ နေရာယူထားပါတယ်။ ဂျေကေရိုးလင်းရဲ့ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွေထဲမှာ ဟယ်ရီပေါ်တာဟာ သူ့အဖေရဲ့ ကိုယ်ပျောက်ဝတ်ရုံကို ဝတ်ပြီး ကျောင်းစာကြည့်တိုက်ထဲမှာ ပုန်းကွယ်နေတဲ့ အခန်းတွေ၊ Lord of the rings ဇာတ်ကားထဲမှာ ဖရော်ဒို က လက်စွပ်ဝတ်ပြီး ကိုယ်ပျောက်သွားလေ့ရှိတဲ့ အခန်းတွေဟာ အခုခေတ်လူငယ်တွေနဲ့ ရင်းနှီးနေပါလိမ့်မယ်။ အခုလို ကိုယ်ပျောက်ခြင်းဝိသေသ ဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲမှာ ကြီးကြီးမားမားနေရာယူထားခဲ့တာ မှန်ပေမယ့် သိပ္ပံပညာရှင်တွေနဲ့ ရူပဗေဒပညာရှင်တွေရဲ့ နယ်ပယ်မှာတော့ မဖြစ်နိုင်မှုတစ်ခုအနေနဲ့သာ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုသိပ္ပံပညာကို ပိုပြီးနက်နက်နဲနဲ သိရှိလာခဲ့တဲ့ အချိန်မှာတော့ ကိုယ်ပျောက်ခြင်းဟာလဲ ကျွန်တော်တို့ လူသားတွေအတွက် အမှန်တကယ်ယုတ္တိရှိတဲ့ သဘောတရားတစ်ခုအဖြစ် မှတ်ယူလို့ ရလာပါပြီ။ သိပ္ပံပညာဟာ ခေတ်အဆက်ဆက် စိတ်ကူးယဉ်ဇာတ်လမ်းတွေကို လက်တွေ့လောကထဲမှာ အကောင်အထည်ဖော်ပေးနေခဲ့တာပါပဲ။ လကမ္ဘာပေါ်မှာလမ်းလျှောက်ခြင်း၊ ပျံသန်းခြင်း၊ ကမ္ဘာတစ်ဖက်ခြမ်းမှာဖြစ်ပျက်နေတာကို တိုက်ရိုက်မြင်နိုင်ကြားနိုင်နေခြင်း စသည်တို့ဟာ ရှေးယခင်အချိန်များမှာတော့ စိတ်ကူးယဉ်အဆင့် မှော်အတတ်အဆင့်တို့သာ ရှိခဲ့တယ်မဟုတ်ပါလား။

သဘာဝတရားကြီးရဲ့ လျှို့ဝှက်ချက်များကို သေသေချာချာသိလာတဲ့အချိန်မှာ ကျွန်တော်တို့ဟာ ထိုသဘာဝတရားကြီးကို ကောင်းကောင်းအသုံးချလာနိုင်ပါလိမ့်မယ်။ ဥပမာအနေနဲ့ အတိုင်း တွေအကြောင်းကို ပြောပြပါမယ်။ (အခုကစပြီး ကျွန်တော်ဟာ dimension တွေကို “အတိုင်း” လို့ ရည်ညွှန်းရေးသားပါမယ်။) ကျွန်တော်တို့လူသားတွေ လက်ရှိမြင်နိုင်ခံစားနိုင်နေတဲ့ အတိုင်း ဟာ ၄ ခုရှိပါမယ်။ အလျား၊ အနံ၊ အမြင့်၊ နောက်ဆုံးတစ်ခုအနေနဲ့ကတော့ အချိန် ဖြစ်ပါတယ်။ ဥပမာ သင်ဟာ သင့်ချစ်သူနဲ့ အချိန်းအချက်လုပ်ပြီဆိုပါတော့။ ဒီလိုဆိုရင်သင်ဟာ ဒဂုံစင်တာ ၂၊ ဒုတိယထပ်၊ ညနေ ၅ နာရီမှာ တွေ့မယ်လို့ပြောပါလိမ့်မယ်။ (စိတ်မပူပါနဲ့။ အတွဲလာမချောင်းပါ။) ဒီမှာသင်ဟာ ရူပဗေဒအတိုင်း ၄ ခုလုံးကို အသုံးပြုသွားပါတယ်။ ဒဂုံစင်တာဆိုတာဟာ လက်တီကျု၊ လောင်ဂျီကျု(အလျား နဲ့ အနံလို့ပြောလို့ရပါတယ်။) ပြီးတော့ ဒုတိယထပ်၊ (အမြင့်) နဲ့ ညနေ ၅ နာရီ(အချိန်) စသဖြင့် အသုံးပြုသွားပါတယ်။ အခု ကျွန်တော်တို့ သိတဲ့အတိုင်းတွေဟာ ၄ ခုသာရှိပေမယ့် Theoretical Physicists တွေရဲ့ တွက်ချက်မှုတွေအရတော့ စကြဝဠာအတွင်း အတိုင်းတွေဟာ ၁၉ ခုကနေ ၂၆ ခုအထိ ရှိနေနိုင်တယ်လို့ဆိုပါတယ်။ ထို အတိုင်း တွေဟာ spacetime ရဲ့ အလွန်ခွေလိပ်ခြင်းကို ခံလိုက်ရတဲ့အတွက် ကျွန်တော်တို့ မခံစားနိုင်တော့တာလို့ဆိုပါတယ်။ ဒီအတိုင်းတွေကို ကျွန်တော်တို့ဟာ သိနိုင် အသုံးပြုလာနိုင်ရင် ဘာများဖြစ်မလဲ။

ခံစားနိုင်စွမ်းရှိပါတယ်။ စက္ကူတစ်ရွက်ကိုယူလိုက်ပါ။ ပြီးတော့ ထိုစက္ကူထဲမှာ လူပုံတစ်ပုံဆွဲလိုက်ပါ။ သူ့ဘေးမှာ ဘောင်ခတ်လိုက်ပါ။ ဒီလိုဆိုရင် အဲ့ဒီလူဟာ စာရွက်ပေါ်မှာ အလျားအနံ ဆိုတဲ့ ဟင်းလင်းပြင်အတိုင်း ၂ ခုကိုသာ သိရှိတဲ့ အတိုင်း ၂ ခုနယ်ပယ်သားတစ်ယောက်ပဲဖြစ်ပါတယ်။ ထိုလူဟာ သူ့ဘေးက ဘောင်ရဲ့ အပြင်ကို ထွက်လို့မရဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အတိုင်း ၃ ခုနယ်ပယ်သားဖြစ်တဲ့ သင်ဟာ ထိုလူကို စာရွက်ပေါ်ကနေ ဆွဲထုတ်ပြီး ဘောင်အပြင်ဘက်ကို ပို့ပေးလို့ရပါတယ်မဟုတ်လား။ သင်ဟာ သူမလုပ်နိုင်တဲ့ အရာတစ်ခုကိုလုပ်လိုက်တာပါပဲ။ သူ့အတွက် မဖြစ်နိုင်တဲ့ အရာတစ်ခုကို လုပ်လိုက်တာပါပဲ။ ဘာလို့လဲဆိုတာ သင်ဟာ သူ့ထက် အတိုင်းတစ်ခု သာနေလို့ပဲဖြစ်ပါတယ်။ အခုလိုပဲ ကျွန်တော်တို့ထက် သာလွန်ပြီး အတိုင်းတွေကို ခံစားနိုင်အသုံးချနိုင်တယ်ဆိုရင်လဲ အခုကျွန်တော်တို့ မဖြစ်နိုင်ဘူးထင်တဲ့ အရာအများအပြားကို လုပ်လာနိုင်လိမ့်မလား စဉ်းစားစရာပါ။ ကိုယ်ပျောက်ခြင်း၊ မြေလျှိုးမိုးပျံခြင်း၊ နံရံတွေကို ထိုးဖောက်သွားလာခြင်း စတဲ့ သဘာဝလွန်စွမ်းအင်တွေများ ရလာမလား။ ကျွန်တော်တပ်အပ်မပြောနိုင်ပါ။ လုပ်နိုင်ကောင်းလုပ်နိုင်လာပါလိမ့်မယ်။ ဒါပေမယ့်…… ကျွန်တော်တို့ဟာ သဘာဝတရားကြီးရဲ့ နိယာမတွေကိုကောင်းကောင်းအသုံးချနိုင်အောင်ပဲ စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ရူပဗေဒနိယာမ တွေကို လွန်ဆန်ပြောင်းလဲခြင်းမှာတော့ မစွမ်းဆောင်နိုင်ဘူးဆိုတာ တပ်အပ်ပြောနိုင်ပါတယ်။

မက်စ်ဝဲ ၏ ညီမျှခြင်းများ

ကျွန်တော်တို့ရဲ့ ရူပဗေဒပညာရှင်များဟာ ၁၉ ရာစုအစပိုင်းအထိ အလင်း နဲ့ပတ်သက်ပြီး တိတိကျကျမသိကြပါဘူး။ ၁၉ ရာစု အလယ်ပိုင်း ဂျိမ်းစ်ကလာ့ခ် မက်စ်ဝဲ (James Clarke Maxwell) လက်ထပ်ရောက်မှသာ အလင်းနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသိရှိလာခဲ့ကြပါတယ်။ မက်စ်ဝဲ နဲ့ မိုက်ကယ်ဖာရာဒေး ကို တစ်တွဲတည်းအဖြစ် တွေးမြင်ပြောဆိုရပါလိမ့်မယ်။ ဖာရာဒေးဟာ ငယ်စဉ်ဘဝက ချို့တဲ့သူဖြစ်တာနဲ့အညီ အတန်းပညာလဲ မတတ်မြောက်ပါဘူး။ ဒါပေမယ့် သူဟာ သိပ္ပံပါရမီထူးလှသူဖြစ်ပြီး စမ်းသပ်မှုတွေကတစ်ဆင့် သိပ္ပံနယ်ပယ်ကို ဦးဆောင်မှုပြုလုပ်သွားသူဖြစ်ပါတယ်။ သင်လက်ရှိမြင်နေသမျှ စက်ပစ္စည်းအားလုံးလိုလို(ကား၊ လေယာဉ်၊ ရေခဲသေတ္တာ၊ အစရှိသဖြင့်) ဟာ ဖာရာဒေးရဲ့ အားစက်ကွင်းများအကြောင်း စူးစမ်းမှု နောက်ဆက်တွဲတွေလို့ ပြောရပါမယ်။ ဘာလို့လဲဆိုတော့ ဖာရာဒေးဟာ လျှပ်စစ်နဲ့သံလိုက် စွမ်းအင်များကို ပေါင်းစည်းပေးခဲ့သူတစ်ယောက်ဖြစ်လို့ပါ။ တစ်ဖက်မှာလဲ မက်စ်ဝဲ ဟာ ပြည့်စုံတဲ့အသိုင်းအဝိုင်းက ပေါက်ဖွားလာသူဖြစ်ပြီး သင်္ချာပညာမှာ ပါရမီထူးသူတစ်ဦးဖြစ်ပါတယ်။ ဖာရာဒေး အသက်အရွယ်ရလာပြီး တီထွင်ဆန်းသစ်မှုတွေ သိပ်မလုပ်နိုင်တော့တဲ့အချိန်မှာ ငယ်ရွယ်တဲ့ မက်စ်ဝဲဟာ ဖာရာဒေးရဲ့ သီအိုရီများကို သင်္ချာ ဘာသာစကားနဲ့ အသက်သွင်းပါတော့တယ်။

သူတို့နှစ်ဦးရဲ့ ရှေ့၊ လွန်ခဲ့တဲ့ ရာစုနှစ် ၂ ခုလောက်က နယူတန်ဟာ ကယ်ကူလပ်စ် သင်္ချာကို တီထွင်ခဲ့ပါတယ်။ ကယ်ကူလပ်စ် သင်္ချာဟာ differential equations တွေကို အသုံးပြုတဲ့ သင်္ချာနည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဥပမာတစ်ခုအနေနဲ့ သင်ဟာ ကတော့ပုံရှိတဲ့ အရာတစ်ခုကို အလယ်ကနေ ထပ်ပိုင်းဖြတ်လိုက်ပြီဆိုရင် အပေါ်က အစိတ်အပိုင်းရဲ့ အောက်ခြေက မျက်နှာပြင်ဧရိယာ နဲ့ အောက်ကအစိတ်အပိုင်းရဲ့ အပေါ်က မျက်နှာပြင်ဧရိယာ များဟာ မတူညီနိုင်ပါဘူး။ ဒီအခါ ထို ကတော့ပုံရဲ့ ထုထည်ကိုလိုချင်တဲ့အခါမှာ သင်ဟာ ထိုကတော့ပုံရဲ့ အမြင့်တစ်လျှောက်မှာရှိနေတဲ့ ဧရိယာအစိတ်အပိုင်းလေးတွေကို ပေါင်းပေးရမှာဖြစ်ပါတယ်။ တွက်ချက်မှုကို ကယ်ကူလပ်စ် သင်္ချာရဲ့ အနှစ်သာရလို့ပြောနိုင်ပါတယ်။ ကယ်ကူလပ်စ် သင်္ချာဟာ တကယ်တော့ ပြောင်းလဲနှုန်းအပေါ်မှာမူတည်ပြီး တွက်ချက်ခြင်းပဲဖြစ်ပါတယ်။ ရေလှိုင်းများ၊ ဓာတ်ငွေ့များ၊ စသဖြင့်တို့ရဲ့ ရွေ့လျားနှုန်းများကို ကယ်ကူလပ်စ် သင်္ချာသုံးပြီး တွက်ချက်ပါတယ်။ ယခု အာကာသယာဉ်များလွှတ်တင်ရာမှာလဲ ကယ်ကူလပ်စ် သင်္ချာကိုသုံးပြီး သူတို့ရဲ့ ပန်းတိုင် (destination) များကို တိတိကျကျတွက်ချက်ပါတယ်။ မက်စ်ဝဲ ဟာ ဒီ ကယ်ကူလပ်စ် သင်္ချာရဲ့ differential equations များကို အသုံးပြုပြီး ဖာရာဒေးရဲ့ လျှပ်စစ်သံလိုက်ပေါင်းစည်းမှုအားများကို တွက်ထုတ်ပါတော့တယ်။

လျှပ်စစ်စက်ကွင်းဟာ သံလိုက်စက်ကွင်းအဖြစ် အသွင်ပြောင်းနိုင်သလို သံလိုက်စက်ကွင်းကိုလဲ လျှပ်စစ်စက်ကွင်းအဖြစ် အပြန်အလှန်အသွင်ပြောင်းနိုင်တယ်လို့ ဖာရာဒေးက တွေ့ရှိခဲ့ပါတယ်။ ဖာရာဒေးရဲ့ ပထမဆုံး တီထွင်မှုဟာ မော်တာ ဖြစ်ပါတယ်။ ဒီမော်တာဟာ စက်မှုခေတ်ရဲ့ မူလဇစ်မြစ်လို့ပဲ ပြောရပါလိမ့်မယ်။ မက်စ်ဝဲ ဟာ ဒီဖာရာဒေးရဲ့ လျှပ်စစ်သံလိုက်စက်ကွင်းတွေ့ရှိမှုများကို differential equations များအဖြစ် ပြန်ဆိုခဲ့ပါတယ်။ မက်စ်ဝဲရဲ့ differential equations ၈ ခုတွဲဟာ ခေတ်သစ်ရူပဗေဒရဲ့ အရေးအပါဆုံး ညီမျှခြင်းများပဲဖြစ်ပါတယ်။ ယခုဘွဲ့လွန်ရူပဗေဒကျောင်းသားများဟာ မက်စ်ဝဲရဲ့ ဒီ ညီမျှခြင်း ၈ ခုကို ချွေးထွက်အောင် တွက်ချက်လေ့ကျင့်ရပါတယ်။

အဲ့ဒီနောက်မှာ မက်စ်ဝဲ က ဒီ လျှပ်စစ်စက်ကွင်းနဲ့သံလိုက်စက်ကွင်းတို့ဟာ အပြန်အလှန်ပြောင်းနိုင်တယ်ဆိုရင် သူတို့ဟာ အမြဲတမ်း ဆက်တိုက်ဆိုသလို ဒီလို တစ်ခုပြီးတစ်ခုပြောင်းနေနိုင်မယ်လို့ တွေးခဲ့ပါတယ်။ ဒီလိုဆိုရင် ဒီ လျှပ်စစ် နဲ့ သံလိုက်စက်ကွင်းများဟာ လှိုင်းတစ်ခုသဖွယ်သာ ဖြစ်နေပါလိမ့်မယ်။ ဒီနောက်မှာ သူဟာ သူ့ရဲ့ ညီမျှခြင်းတွေကတစ်ဆင့် ဒီ လျှပ်စစ်သံလိုက်လှိုင်းများရဲ့ အလျင်ကိုတွက်ထုတ်လိုက်ရာမှာ အလင်းအလျင်နဲ့ အတူတူဖြစ်နေတာကို သွားပြီးတွေ့ရှိလိုက်ပါတယ်။ ၁၈၆၄ ခုနှစ်မှာတော့ လျှပ်စစ်သံလိုက်လှိုင်းနဲ့ အလင်းတို့ရဲ့ အလျင်ကို တိတိကျကျသိနိုင်သွားပါပြီ။ ဒါ့ကြောင့်မို့ အလင်းဟာလဲ လျှပ်စစ်သံလိုက်လှိုင်းတစ်ခုသာ ဖြစ်ရမယ်လို့ မက်စ်ဝဲ က သုံးသပ်ခဲ့ပါတယ်။ အခု ကျွန်တော်တို့ မြင်နိုင်တဲ့အလင်း၊ သင်ကြည့်ရှုနေတဲ့ ရုပ်သံလိုင်းကို ဝင်လာတဲ့ လှိုင်းများ၊ X- rays များ၊ gamma rays များ၊ ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောင်ခြည်၊ စသဖြင့် လှိုင်းများဟာ ဖာရာဒေးနဲ့ မက်စ်ဝဲ တို့တွေ့ရှိခဲ့တဲ့ လျှပ်စစ်သံလိုက်လှိုင်းများပဲဖြစ်ပါတယ်။ အရမ်းကို လှပပြီး ပြောင်မြောက်လှတဲ့ တွေ့ရှိမှုတစ်ခု။ နောက် ဆယ်စုနှစ်အနည်းငယ်မှာတော့ ရုံးစာရေးလေးတစ်ယောက်ဟာ ဒီ လျှပ်စစ်သံလိုက်လှိုင်းညီမျှခြင်းများကို အသုံးပြုပြီး မှတ်တိုင်ထူတဲ့ သီအိုရီနှစ်ခုကို ရှေ့ဆင့်နောက်ဆင့် ၁၀ နှစ်သာခြားပြီး တွက်ထုတ်ခဲ့ပါတယ်။ သူ့နာမည်ကတော့ အဲဘတ်အိုင်းစတိုင်း ဖြစ်ပြီး သီအိုရီ ၂ ခုရဲ့ နာမည်ကတော့ အထူးနှိုင်းရသီအိုရီ(Special Relativity Theory – 1905) နဲ့ ယေဘုယျနှိုင်းရသီအိုရီ(General Relativity – 1915) တို့ပဲဖြစ်ပါတယ်။

မက်စ်ဝဲ ရဲ့ အလင်းနဲ့ သက်ဆိုင်တဲ့ တွေ့ရှိမှုများ(အလင်းဟာ လှိုင်းတစ်မျိုးသာဖြစ်သည်ဆိုတဲ့ အချက်) ဟာ အခု ကျွန်တော်တို့ ပြောနေတဲ့ ကိုယ်ပျောက်ခြင်း အခြင်းအရာရဲ့ အဓိက ဖြေရှင်းချက်သာဖြစ်ပါလိမ့်မယ်။ ဒီအချက်ကို အဓိက အကြောင်းအရာအနေနဲ့ ယူဆပြီး ကိုယ်ပျောက်ခြင်း အကြောင်းကို သိပ္ပံနည်းကျ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။

အချို့သောအရာတွေဟာ ဖောက်ထွင်းမမြင်နိုင်ပေမယ့်(ဥပမာ – သစ်သား၊ သံတုံး၊ သင်၏ ခန္ဓာကိုယ်) အချို့သောအရာတွေကို ဖောက်ထွင်းမြင်နိုင်ပါတယ်။ (ဥပမာ – ရေ၊ မီးခိုးငွေ့၊ ဖန်ခွက်) ဒါဟာ ဘာ့ကြောင့်ပါလဲဆိုတာကို သင်စဉ်းစားဖူးပါသလား။   အရာအားလုံးကို အက်တမ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ အက်တမ်တွေကြားက ချုပ်နှောင်ထားတဲ့ အားက ကြီးမားလေ ထိုအရာဟာ ပိုပြီး မာကြောလေဖြစ်ပါတယ်။ ဥပမာ သံတုံးတစ်တုံးရဲ့ အက်တမ်တွေရဲ့ ချုပ်နှောင်အားဟာ ဖော့တုံးတစ်တုံးက အက်တမ်တွေရဲ့ ချုပ်နှောင်အားထက် များစွာ သာလွန်နေမှာပါ။ ဒီလိုပဲ အဲ့ဒီအက်တမ်တွေကြားမှာ နေရာလွတ်တွေရှိပါလိမ့်မယ်။ အဲ့ဒီ နေရာလွတ်တွေရဲ့ အကျယ်အဝန်းဟာ “မြင်နိုင်တဲ့အလင်း” ရဲ့ လှိုင်းအလျားထက် ကျယ်ဝန်းနေတာရှိသလို ကျဉ်းမြောင်းနေတာလဲ ရှိပါလိမ့်မယ်။ အခုဆို ဒီဖောက်ထွင်းမြင်နိုင်ရတဲ့ သဘောသဘာဝကို သင် သိနိုင်လောက်ပါပြီ။ အစိုင်အခဲတော်တော်များများရဲ့ အက်တမ်တွေကြားက နေရာလွတ်တွေဟာ အလွန်ကျဉ်းမြောင်းပြီး အလင်းရဲ့ လှိုင်းအလျားတောင် မဝင်နိုင်ပါဘူး။ ဒါ့ကြောင့် သူတို့ဟာ ပိတ်နေပြီး ထိုးဖောက်မမြင်နိုင်တာဖြစ်ပါတယ်။ ဓာတ်ငွေ့တွေ၊ သင်သောက်သုံးနေတဲ့ ရေတွေကို ဖွဲ့စည်းထားတဲ့ အက်တမ်တွေရဲ့ ကြားက နေရာလွတ်တွေကတော့ အလင်းရဲ့ လှိုင်းအလျားထက် ပိုပြီး ကျယ်နေတာကြောင့် အလင်းဟာ အဲ့ဒီ အက်တမ်လေးတွေကြားကို ဖြတ်ဝင်ပြီးသွားနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ အဲ့ဒီ အရာတွေ၊ ပစ္စည်းတွေကို ထိုးဖောက်မြင်နိုင်ခြင်းပါ။

ဒါ့ကြောင့် ကိုယ်ပျောက်ခြင်း ဆိုတဲ့ အခြင်းအရာဟာ အက်တမ်အရွယ်အစားမှာ လုပ်ဆောင်ရမယ့် နည်းပညာတစ်ခုဖြစ်နေတယ်ဆိုတာ သိသာပါတယ်။ အက်တမ်တွေကြားက အကွာအဝေးကို အလင်းအလျားထက် ပိုပြီးကျယ်အောင် ထိန်းညှိနိုင်မယ်ဆိုရင် သင်ဟာ ကိုယ်ပျောက်ခြင်း နည်းပညာကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်ပျောက်ခြင်းဟာ မဖြစ်နိုင်ဘူး လို့ ပြောမယ်ဆိုရင် မှားရာရောက်ပါတယ်။ အလွန်မြင့်မားတဲ့ နည်းပညာသာ လိုအပ်ပါလိမ့်မယ်။ ရိုးရိုးရှင်းရှင်းကြီး တွေးကြည့်ရအောင်။ တကယ်လို့ သင်ဟာ ကိုယ်ပျောက်ချင်တယ်ဆိုရင် သင့်ကိုယ်သင် အရည်ပျော်အောင်အပူပေး၊ ပြီးရင် အငွေ့ပျံသည်ထိ အပူထပ်ပေး၊ ပြီးရင် ပုံဆောင်ခဲဖြစ်အောင် ပြန်လုပ်၊ အက်တမ်တွေကြားက အကွာအဝေးကို ချဲ့လိုက်တဲ့သဘောပေါ့။ ဒီလိုလုပ်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ သင်ဟာ ပထမအဆင့် အပူပေးတုန်းမှာကို အရည်မပျော်ခင် ဇီဝိန်ချုပ်သွားလိမ့်မယ်။ ဒါဆို ကိုယ်ပျောက်ခြင်းကို ဘယ်လို အကောင်အထည် ဖော်ကြမလဲ။ ဘာဖြစ်ရင် ကိုယ်ပျောက်မလဲ ဆိုတာတော့ သိပြီ။ နည်းလမ်းပဲလိုပါတော့တယ်။

Index of Refraction

ဒီနေရာမှာ ကျွန်တော်က Index of refraction ကို အလင်းယိုင်ညွှန်းကိန်း လို့ ရည်ညွှန်းရေးသားပါမယ်။ အလင်းယိုင်ညွှန်းကိန်း ဆိုတာကတော့ ထိုးဖောက်မြင်နိုင်တဲ့အရာတစ်ခုအတွင်း အလင်းဝင်ရောက်လိုက်မယ်ဆိုရင် အလင်းရဲ့ လမ်းကြောင်း ယိုင်သွားတဲ့နှုန်းကို ဖော်ပြတာပဲဖြစ်ပါတယ်။ ဥပမာ သင်ဟာ သင့်လက်ကို ရေထဲမှာ နှစ်လိုက်မယ်ဆိုရင် သင့်လက်ဟာ ရေထဲမှာ ယိုင်သွားသလိုဖြစ်တာကို သတိထားမိမှာပါ။ ထိုးဖောက်မြင်နိုင်တဲ့အရာ(transparent material) များမှာ ကိုယ်စီ အလင်းယိုင်ညွှန်းကိန်း တွေရှိကြပါတယ်။ အလင်းယိုင်ညွှန်းကိန်း တန်ဖိုးများလေလေ အလင်းက ပိုယိုင်လေလေ ဖြစ်ပါမယ်။ သာမန် ဟင်းလင်းပြင်မှာရှိတဲ့ အလင်းရဲ့ အလျင်ကို အရာဝတ္ထုတစ်ခုအတွင်းမှာဖြတ်တဲ့အခါဖြစ်သွားတဲ့ အလင်းအလျင်နဲ့ စားလိုက်ရင် ထို အရာရဲ့ အလင်းယိုင်ညွှန်းကိန်း ရပါလိမ့်မယ်။ (အလင်းယိုင်ညွှန်းကိန်း = =(ကြားခံနယ်တွင်သွားသော အလင်း၏အလျင် )/(ဟင်းလင်းပြင်တွင်သွားသော အလင်း၏အလျင်(3×〖10〗^8  ms^(-1))))ဒါ့ကြောင့် အလင်းယိုင်ညွှန်းကိန်းဟာ အမြဲတမ်း ၁ ထက်ကြီးနေမှာဖြစ်တယ်။ လေအတွက် ၁.၀၀၀၃၊ ဖန်အတွက် ၁.၅၊ စိန်အတွက် ၂.၅ စသဖြင့် အသီးသီးရှိမှာပေါ့။ ယေဘုယျအားဖြင့် အကျဉ်းချုပ်မှတ်နိုင်တာကတော့ သိပ်သည်းစများလေလေ အလင်းကပိုပြီး နှေးနှေးသွားလေလေ၊ ပိုပြီးယိုင်လေလေ၊ အလင်းယိုင်ညွှန်းကိန်း ကြီးလေလေ ပဲဖြစ်ပါတယ်။

ဖန်တုံးတစ်တုံးကို အလင်းဖြတ်မယ်ဆိုရင် ယိုင်သွားပါတယ်။ ပြီးတော့ ဖန်တုံးထဲမှာ အလင်းက တန်းတန်းမတ်မတ် ပြန်သွားပြန်ပါတယ်။ တကယ်လို့ အဲ့ဒီ ဖန်တုံးရဲ့ အလင်းယိုင်ညွှန်းကိန်းကို ကောင်းကောင်းမွန်မွန်ထိန်းညှိမယ်ဆိုပါတော့။ ဖန်တုံးရဲ့ အလင်းယိုင်ညွှန်းကိန်းဟာ တစ်သမတ်တည်းမဟုတ်တော့ပဲ သူ့အတွင်းက နေရာတိုင်းမှာ တစ်မျိုးတစ်ဖုံစီ ယိုင်နေပါလိမ့်မယ်။ အလင်းဟာ အဲ့ဒီ ဖန်တုံးအတွင်းမှာ မြွေလိမ်မြွေကောက် သွားနေမှာပေါ့။ အဲ့ဒီဖန်တုံးဟာ ခွက်ပုံသဏ္ဍာန်ရှိမယ်။ ပြီးတော့ အလင်းဟာလဲ အဲ့လို ခွက်အတွင်းမှာ U ပုံသဏ္ဍာန်သွားလာပြီး တစ်ဖက်ခြမ်းကို ပြန်ရောက်မှ အပြင်ကို တန်းတန်းမက်မက် ထွက်သွားမယ်ဆိုပါတော့။ သင့်ကို အဲ့ဒီ ဖန်ခွက်နဲ့ အုတ်ထားလိုက်မယ်ဆိုရင် သင်ဟာ ကိုယ်ပျောက်ပြီးသားဖြစ်သွားမှာပါ။ တစ်ဖက်ကကြည့်နေတဲ့လူရဲ့ မျက်လုံးထဲကို အလင်းဟာ ဖန်ခွက်အတွင်း မြွေလိမ်မြွေကောက်သွားတဲ့ လမ်းကြောင်းအတိုင်း ဝင်သွားမှာဖြစ်ပါတယ်။

ဒီလိုလုပ်ဖို့ဆိုရင် အဲ့ဒီ အရာဝတ္ထုရဲ့ အလင်းယိုင်ညွှန်းကိန်းဟာ အနှုတ်ဖြစ်နေရပါလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ ဒေါ့ပလာအကျိုး(Doppler effect) ဟာလဲ ပြောင်းပြန်ဖြစ်နေရပါလိမ့်မယ်။ အခု လက်ရှိ ကမ္ဘာတစ်ဝန်းက ရူပဗေဒပြဌာန်းစာအုပ်တွေမှာတော့ အခုကျွန်တော်ပြောသွားတဲ့ အချက်တွေဟာ မဖြစ်နိုင်တဲ့အချက်တွေအဖြစ်သာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ တီထွင်ရလာတဲ့ Metamaterial လို့ခေါ်တဲ့ ပစ္စည်းတွေနောက်ပိုင်းမှာတော့ အဲ့ဒီ ရူပဗေဒပြဌာန်းစာအုပ်တွေကို ပြင်ဆင်ရတော့မလိုဖြစ်လာပါပြီ။

Metamaterial (Substances that have optical properties not found in nature)

Metamaterial ဆိုတာကတော့ သဘာဝအလျောက်မဖြစ်နိုင်တဲ့ မြင်ကွင်းဂုဏ်သတ္တိတွေပိုင်ဆိုင်တဲ့ လူလုပ်ရုပ်ဝတ္ထုတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ကျွန်တော်ကသူ့ကို ရုပ်ဝတ္ထုဆန်း လို့ ရည်ညွှန်းရေးသားပါမယ်။ ရုပ်ဝတ္ထုဆန်းတွေရဲ့ ရည်ရွယ်ချက်နဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိကတော့ လျှပ်စစ်သံလိုက်လှိုင်းတွေကို ကောင်းကောင်းကွေးနိုင်ကောက်နိုင်ခြင်း ပဲ လို့ ဆိုရမှာပါ။ အခုဆို သိပ္ပံပညာရှင်တွေဟာ မိုက်ခရိုဝေ့ဖ်(microwave) တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်မယ့် ရုပ်ဝတ္ထုဆန်း တွေကို တီထွင်စမ်းသပ်ပြီးပါပြီ။ မိုက်ခရိုဝေ့ဖ် ရဲ့ လှိုင်းအလျားကတော့ ၃ စင်တီမီတာခန့်ရှိပြီး လှိုင်းအလျား နာနိုမီတာခန့်သာရှိတဲ့ အလင်းနဲ့ယှဉ်ရင်ကတော့ အတော်ကြီးမားတယ်လို့ဆိုရပါမယ်။ (ဒီမိုက်ခရိုဝေ့ဖ်တွေဟာ သင့်အိမ်မှာရှိတဲ့ မိုက်ခရိုဝေ့ဖ်အပူပေးစက်နဲ့ အတူတူပဲဖြစ်ပါတယ်။ အဲ့ဒီစက်ဟာ ဒီလှိုင်းအလျား ၃ စင်တီမီတာရှိတဲ့ မိုက်ခရိုဝေ့ဖ်တွေနဲ့ သင့်ရဲ့ ဟင်းကိုအပူပေးတာဖြစ်ပါတယ်။ စမ်းကြည့်ချင်ရင်တော့… ၃ စင်တီမီတာအောက်သာရှိတဲ့ တစ်ခုခုကို ထည့်ထားကြည့်လိုက်ပါ။ သူဟာ အပူကို လုံးဝခံစားရမှာမဟုတ်ပါဘူး။) အခုဒီ ရုပ်ဝတ္ထုဆန်းတွေက မိုက်ခရိုဝေ့ဖ် တွေအတွက်ဆို ကိုယ်ပျောက်နိုင်တယ်လို့ ပြောရပါမယ်။ (သူတို့ရဲ့ အရွယ်အစားက ၃ စင်တီမီတာထက် ကြီးပေမယ့်လဲပေါ့။) မိုက်ခရိုဝေ့ဖ်တွေဟာ ကျွန်တော် စောစောကပြောခဲ့သလိုပဲ သူတို့ရဲ့ လှိုင်းတွေကို မြွေလိမ်မြွေကောက်သွားစေပြီး အပြင်ကို ထွက်သွားစေပါတယ်။ မိုက်ခရိုဝေ့ဟာ ထိုရုပ်ဝတ္ထုဆန်းကိုဖြတ်သွားပေမယ့်လဲ သူ့ရဲ့လမ်းကြောင်းနဲ့ ဂုဏ်သတ္တိတွေကတော့ လုံးဝ ထိခိုက်ခြင်းမခံလိုက်ရတဲ့သဘောပေါ့။

အခုနောက်ဆုံးရရှိတဲ့ သတင်းအချက်အလက်တွေအရ Iowa မှာရှိတဲ့ Ames Laboratory ကသိပ္ပံပညာရှင်မျာဟာ မြင်နိုင်တဲ့အလင်းထဲမှာ လှိုင်းအလျားအရှည်ဆုံးဖြစ်တဲ့ အနီရောင် ကို ထိန်းချုပ်နိုင်တဲ့ သတ္ထုဆန်းတွေကို ဖန်တီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အနီရောင်အလင်းအတွက် အလင်းယိုင်ညွှန်းကိန်း -၀.၆ ရှိတဲ့ ရုပ်ဝတ္ထုဆန်း ကိုဖန်တီးနိုင်ခဲ့ပါတယ်။

ဒါဆိုရင် နောက်လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မြင်နိုင်တဲ့အလင်းမှာရှိတဲ့ လှိုင်းအလျားတွေအားလုံးအတွက်အလုပ်ဖြစ်မယ့် ရုပ်ဝတ္ထုဆန်းတွေကို လက်တွေ့ဘဝမှာ မြင်နိုင်တော့မှာဖြစ်ပါတယ်။ သိပ္ပံပညာဟာ ရှေးယခင်လူသားတို့ စိတ်ကူးယဉ် အိပ်မက်မက်ခဲ့တဲ့ အရာတွေကို လက်တွေ့ဘဝထဲမှာ အကောင်အထည်ဖော်ပေးနေတာပါ။ လေထက်လေးလံတဲ့အရာတစ်ခုက လူတွေရာချီကို သယ်ပြီး လေပေါ်မှာပျံသန်းသွားတာ၊ လပေါ်မှာ လမ်းလျှောက်တာ၊ ကမ္ဘာတစ်ဖက်ခြမ်းမှာဖြစ်ပျက်နေတာကို မြင်နိုင်ကြားနိုင်နေတာ၊ ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတာတွေကို လက်ညိုးထိပ်လေးနဲ့ ပွတ်ဆွဲပြီး အချိန်နဲ့တစ်ပြေးညီ ဖတ်နိုင်နေတာ၊ ဒါတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က လူတွေကို သွားပြောမယ်ဆိုရင်တော့ မှော်အတတ်လို့သာထင်ပါလိမ့်မယ်။ အဲ့ဒီလိုပါပဲ။ ကိုယ်ပျောက်ခြင်း၊ စိတ်ချင်းဆက်သွယ်ခြင်း၊ စိတ်နဲ့ အရာဝတ္ထုများကို ရွှေ့လျားစေခြင်း၊ တစ်နေရာကနေ တစ်နေရာကို ဝုန်းကနဲ ရောက်သွားနိုင်ခြင်း စသည်တို့ဟာ အခု ၂၁ ရာစုအစပိုင်း ကျွန်တော်တို့အတွက်တော့ မဖြစ်နိုင်တဲ့အရာတွေပါ။ မှော်ဆန်ဆန်အရာတွေပါ။ ဒါပေမယ့် နှောင်းလူတွေအတွက် လက်တစ်ကမ်းမှာ ရလာနိုင်တဲ့ နည်းပညာတွေဖြစ်လာမယ်ဆိုတာကတော့ ကျွန်တော် တပ်အပ်ပြောနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အတွက် စကားလက်ဆောင်တစ်ခုပေးပါမယ်။ မှော်ပညာကို စိတ်ဝင်စားပါသလား။ သိပ္ပံပညာကို လေ့လာပါ။

Ref; Physics of the Impossible by Michio Kaku, Internet news

(စိတ်ချင်းဆက်ခြင်း(Telepathy)၊ စိတ်ဖြင့် အရာဝတ္ထုများကိုရွေ့လျားစေခြင်း(Telekinesis)၊ ရုပ်ခြည်းသွားလာခြင်း(Teleportation)၊ အချိန်ခရီးသွားခြင်း(Time travel) စတဲ့ မှော်ပညာများကိုလဲ နောက်လများမှာ ကြုံရင်ကြုံသလိုဆက်ပြောပါဦးမယ်။)

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s