စကြဝဠာ၏ ကနဦးအစ

Wallpapers-room_com___The_Outside_Wallpaper_Pack_by_Baro_1024x768-1

ဒီအကြောင်းကိုပြောရမယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ စကားပလ္လင်ခံပါတယ်။ မှားနေနိုင်ပါတယ်။ စကြဝဠာဘယ်လိုစဖြစ်လာတယ်ဆိုတာ ဒဏ္ဍာရီလာ တွေရှိသလို ကျွန်တော်တို့သိပ္ပံရှုထောင့်ကနေဆိုရင်လဲ အတိအကျမသိသေးပါဘူး။ အဲ့ဒီအတွက် မိမိကိုယ်တိုင် ဖြစ်နိုင်ခြေများကို စဉ်းစားဖို့ အသင့်ပြင်ထားပါ။ ဒီဆောင်းပါးမဖတ်ခင်မှာ မိမိတွေးခေါ်နိုင်စွမ်းများကို အဆုံးထိတင်ထားပါ။

ကျွန်တော်တို့မြန်မာပုံပြင်များအရဆိုရင်တော့ စကြဝဠာဘယ်ကစဖြစ်လဲတော့ မပြောပါဘူး။ ဒါပေတဲ့ လူသားတို့အစကိုတော့ ပုံပြင်အချို့ကပြောပြထားပါတယ်။ ဗြဟ္မာကြီးလေးပါးက ဖန်ဆင်းလိုက်ရာမှ လူတွေစဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝန်း ရှေးဒဏ္ဍာရီများကို ပြန်လှန်ရှာဖွေကြည့်မယ်ဆိုရင်လည်း ပိုလို့တောင် အံ့ဖွယ်တွေနဲ့ဖြစ်နေပါတယ်။ သူတို့က စကြဝဠာဘယ်ကစဖြစ်လာသလဲဆိုတာကိုပါ စဉ်းစားခဲ့ကြတယ်ထင်ပါ့။

အမေရိကတိုက်အလယ်ပိုင်းက ဘိုရွှန်ဂိုလူမျိုးတွေရဲ့ ဒဏ္ဍာရီကပြောတာကတော့…… အားလုံးရဲ့အစ လောကကြီးတစ်ခုလုံးမှာ အမှောင်ထု၊ ရေ၊ နဲ့ ဘုရားသခင် ဘန်ဘာ(Bumba) တို့သာရှိပါတယ်။ တစ်နေ့မှာတော့ ဘန်ဘာ ဟာ ဗိုက်အောင့်ဝေဒနာခံစားနေရာက အန်လိုက်ရာမှာ နေမင်းကြီးထွက်လာပါတယ်။ အဲ့ဒီနေမင်းကြီးဟာ ရေအချို့ကိုခန်းခြောက်လိုက်စေပြီးတော့ ကုန်းမြေများကို ဖြစ်ပေါ်စေပါတယ်။ ဆက်တိုက်ဗိုက်အောင့်နေတုန်းပဲဖြစ်တဲ့ ဘန်ဘာ ဟာ ထပ်အန်ရာမှာ လ၊ ကြယ်တွေ နဲ့ တိရိစ္ဆာန်အချို့ကို အန်ချလိုက်တယ်လို့ဆိုပါတယ်။ ကျားသစ်၊ မိကျောင်း၊ လိပ် စသဖြင့် နောက်ဆုံးမှာတော့ လူ ပေါ့။

ဒီ ဒဏ္ဍာရီလိုပဲ ကမ္ဘာတစ်ဝန်း ဒဏ္ဍာရီပေါင်းများစွာရှိပါတယ်။ ယနေ့ခေတ်လို တီဗီတွေ၊ ဖုန်းတွေ၊ မရှိသေးတဲ့အချိန်မှာ လူတို့အတွက် အကောင်းဆုံးအဖော်ဟာ ညအခါ ကောင်းကင်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ အစက်ကလေးတွေဟာ စိတ်ဝင်စားစရာ အကောင်းဆုံးအရာတွေပါပဲ။ သူတို့ဟာ ကောင်းကင်ကြီးကိုမော့ကြည့်ပြီး တူညီတဲ့ကြယ်တွေကိုကြည့်ရှုကာ ပုံသဏ္ဍာန်အမျိုးမျိုးကိုမြင်ကာ ဒဏ္ဍာရီအသွယ်သွယ်ကို ဖန်တီးယုံကြည်ခဲ့ကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့ ယနေ့အထိမေးနေဆဲဖြစ်တဲ့ မေးခွန်းကို ဖြေဖို့ကြိုးစားရင်း ထွက်ပေါ်ခဲ့ရတဲ့ ယုံတမ်းပုံပြင်တွေပါ။ ကျွန်တော်တို့ ဘာ့ကြောင့်ဒီမှာ ရှိနေတာလဲ။ ကျွန်တော်တို့ ဘယ်ကလာတာလဲ။ ယေဘုယျအားဖြင့် ပြောကြားလို့ရတာကတော့ လူသားတွေဟာ ရှေးဘိုးဘီဘင်တွေကနေ တဖြည်းဖြည်းဆင်းသက်လာသူတွေဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ရှေးလူတွေကကို လူသားတွေရဲ့ အသိညဏ်နဲ့ နည်းပညာတွေဟာ တစ်ခေတ်ပြီးတစ်ခေတ် အစဉ်အဆက် တိုးတတ်လာနေတယ်ဆိုတာကို လက်ခံခဲ့ကြလို့ပါ။ ဒါပေမယ့် ဒီလိုတိုးတတ်နေတာဟာ အရမ်းကြီးကြာခဲ့တာလဲ ဟုတ်ချင်မှဟုတ်နိုင်သလို ဒီထက် အများကြီး အလုပ်ဖြစ်ရင်ဖြစ်ခဲ့မှာပါ။ ဥပမာအားဖြင့်ဆိုရင်တော့ ခရစ်ယာန် ပါ။ ဒီအထဲမှာ ဘစ်ရှော့ ယူရှာ ရေးသားတဲ့ ကမ္ဘာဦးကျမ်းအရ ဘုရားသခင်ဟာ ဘီစီ ၄၀၀၄၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ သောကြာနေ့ မနက် ၉ နာရီမှာ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တယ်လို့ဆိုပါတယ်။ အခြား ဘေးသဘာဝပတ်ဝန်းကျင်တစ်ခုလုံး(ဥပမာ တောတောင်မြစ်ချောင်း စသည်တို့) ဟာ လူသားတို့သက်တမ်း အနည်းငယ်လေးအတွင်းမှာလည်း အနည်းငယ်သာပြောင်းလဲမှု ရှိခဲ့ပါတယ်။ ဒါကြောင့် ယူရှာ ရေးသားခဲ့တဲ့ ကမ္ဘာဦးကျမ်းအရဆိုရင် သဘာဝပတ်ဝန်းကျင်ကြီးဟာ တစ်လျှောက်လုံးပုံသေတည်ရှိနေခဲ့တာဖြစ်သလို လူသားတို့စတင်ပေါ်ပေါက်လာတဲ့အချိန်တုန်းက ရှိခဲ့တဲ့ပုံစံအတိုင်း တစ်ထပ်တည်းဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒါပေမယ့် စကြဝဠာကြီးဟာ အစရှိတယ်ဆိုတဲ့ အယူအဆကို လူတိုင်း မနှစ်သက်ခဲ့ကြပါဘူး။

ဥပမာအားဖြင့် အကြီးကျယ်ဆုံးဂရိတွေးခေါ်ပညာရှင်တွေထဲကတစ်ယောက်ဖြစ်တဲ့ အရစ်တိုတယ်လ် ဟာ စကြဝဠာကြီးဟာ ထာဝရ တည်ရှိခဲ့တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ထာဝရတည်ရှိနေတဲ့အရာတစ်ခုဟာ ဖန်ဆင်းခံထားရတဲ့အရာတစ်ခုထက် ပိုပြီး ပြီးပြည့်စုံမယ်။ သူကျိုးကြောင်းစီစဉ်ခဲ့တဲ့အချက်ကတော့ ရေကြီးခြင်း နဲ့ အခြားသော သဘာဝဘေးအန္တရာယ်တွေက လူ့ယဉ်ကျေးမှုကြီးကို မူလအစသို့ အဖန်ဖန် ပြန်ရောက်စေခဲ့တယ်ဆိုတဲ့ အကြောင်းအရာပါပဲ။ စကြဝဠာကြီးဟာ ထာဝရတည်ရှိခဲ့တယ်လို့ တွေးတောလိုက်ခြင်းဟာ စကြဝဠာကြီးရဲ့ ဖြစ်စဉ်တွေကို လေ့လာဖို့ လမ်းကို ပိတ်လိုက်သလိုပါပဲ။ ဒါပေမယ့် လူသားတို့ရဲ့ ဗီဇအရ ငြင်းခုံခြင်းကို ခုံမင်ကြပါတယ်။ စကြဝဠာကြီးဟာ အစရှိတယ်မရှိဘူး၊ ရှိခဲ့ရင်လဲ ဘယ်လိုနည်းနဲ့ အစပြုခဲ့တယ် စတဲ့အချက်တွေဟာ ယနေ့ခေတ်အချိန်အခါအထိ သူတစ်ဖက်ကိုယ်တစ်ဖက် အငြင်းပွားနေကြတုန်းပဲဖြစ်ပါတယ်။

တစ်ကယ်လို့ စကြဝဠာဟာ အစရှိခဲ့တယ်လို့ ယုံကြည်တယ်ဆိုရင် ဦးစွာပေါ်လာမယ့် မေးခွန်းကတော့ အဲ့ဒီ အစ မတိုင်ခင်ဘာဖြစ်ခဲ့သလဲဆိုတာပါပဲ။ လောကကြီးကိုမဖန်ဆင်းခင် ဘုရားသခင်ဟာ ဘာလုပ်နေခဲ့ပါသလဲ။ ဒီလူမေးခွန်းတွေမေးတတ်တဲ့လူတွေအတွက် ငရဲ ကို ပြင်ဆင်နေခဲ့တာလား။ စကြဝဠာ အစရှိတယ်မရှိတယ် ဆိုတဲ့ ပြသနာဟာ ဂျာမန်တွေးခေါ်ပညာရှင် အန်မြူရယ်ကန့်တ် အတွက် အတော်ကို ဂရုစိုက်တွေးတောစရာဖြစ်ခဲ့ပါတယ်။ သူဟာ ဒီပြသနာမှာ တွေးခေါ်မှုဆိုင်ရာ အကြပ်ရိုက်မှုတစ်ချို့ကို ကြုံတွေခဲ့ရပါတယ်။ တကယ်လို့ စကြဝဠာဟာ အစရှိခဲ့မယ်ဆိုရင် ဘာ့ကြောင့် အချိန်အနန္တယူပြီးမှ အစပြုခဲ့ရပါလဲ။ ဒါကို သူက စာတမ်း(Thesis) လို့ခေါ်ခဲ့ပါတယ်။ တစ်ခြားတစ်ဖက်ကစဉ်းစားကြည့်ရင်လဲ တကယ်လို့ စကြဝဠာကြီးဟာ ထာဝရတည်ရှိခဲ့တယ်ဆိုရင် အခုလိုအခြေအနေတွေရောက်ဖို့ ဘာ့ကြောင့် အချိန်အနန္တ ယူခဲ့ရပါသလဲ။ ဒါကို တန်ပြန်စာတမ်း(Antithesis) လို့ခေါ်ပါတယ်။ ဒီ စာတမ်း နဲ့ တန်ပြန်စာတမ်း တို့ဟာ အနန္တအတိတ်ကနေ အနန္တအနာဂတ် ကို သွားတာပါပဲ။ နောက်ကွယ်မှာ ဘယ်လိုစကြဝဠာမျိုးပဲတည်ရှိနေပစေပေါ့။ ဒီအချက်ဟာလဲ ယနေ့ခေတ် သိပ္ပံပညာရှင်တွေရဲ့ ခေါင်းထဲမှာ ကဏ္ဍတစ်ခုအဖြစ် နေရာယူထားဆဲပါ။

၁၉၁၅ ခုနှစ်မှာတော့ အိုင်းစတိုင်းဟာ သူ့ရဲ့ ဂန္တဝင် ယေဘုယျနှိုင်းရသီအိုရီ(General Theory of Relativity) ကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီအထဲမှာ ဟင်းလင်းပြင်နဲ့အချိန်ဟာ သီးခြားစီမဟုတ်ပဲ ပူးတွဲဖြစ်တည်နေတယ်၊ မည်သည့်ဖြစ်ရပ်မဆို ပုံသေရှုထောင့်တစ်မျိုးထဲကနေ ရှုလို့မရဘူး ဆိုတဲ့အချက်တွေပါတယ်။ ဒီအချက်တွေဟာ စကြဝဠာထဲက ဝတ္ထု နဲ့ စွမ်းအင် ဒီနှစ်ခုရဲ့ ပြောင်းလဲနေတဲ့ အတိုင်းအတာတို့အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဒီအရာတွေဟာ လက်ရှိ စကြဝဠာအတွင်းမှာပဲ အကျုံးဝင်တာပါ။ ဒီစကြဝဠာအပြင်ဘက်၊ ဒီစကြဝဠာမစခင် ကာလ အတွက် အသုံးမဝင်ပါဘူး။ ဒါဟာ မြောက်ဝင်ရိုးစွန်းမှာ မြောက်ဘက်က ဘယ်ဘက်လဲလို့ မေးနေသလိုဖြစ်နေပါတယ်။ အဖြေမရှိ၊ အသုံးချလို့မရပါဘူး။ တကယ်လို့ ၁၉၂၀ မတိုင်ခင်က လူတွေယုံကြည်ခဲ့တဲ့အတိုင်း စကြဝဠာကြီးဟာ ပြောင်းလဲမှုရှိမနေဘူးလို့ ယူဆလိုက်မယ်ဆိုရင် ကျွန်တော်တို့ဟာလဲ စကြဝဠာကြီးရဲ့ နောက်ကြောင်းကို ပြန်ကောက်စရာမလိုပါဘူး။ အလွန်ဆုံးကောက်မယ်ဆိုရင် သက်ရှိတွေနဲ့ ကမ္ဘာကြီး ရဲ့ နောက်ကြောင်းပဲပေါ့။ ဒါပေမယ့် အစရှိတယ်ဆိုတဲ့ အချက်အလက်တွေဟာ တစ်ဖြည်းဖြည်းချင်း ကမ်းခြေမှာရှိတဲ့ ခရုလေးတွေလို တစ်ခုပြီးတစ်ခုပေါ်လာပါတယ်။ ဒီအချက်ဟာလဲ ကျွန်တော်တို့တည်ရှိမှုအပေါ် အသားပေးတဲ့ အတွေးအခေါ်ပေါင်းမြောက်များစွာကို ဖြစ်ပေါ်စေလာပါတယ်။ ကျွန်တော်ဟာ အခုကျွန်တော်တင်ပြသွားတဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ အချက်အလက်တွေကို အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးပြုလုပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်ဟာ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေနဲ့ အတွေးအခေါ်ပညာရှင်တွေရဲ့ ဖလော် တွေကို ပေါင်းစပ်ပြီး အနုမာန(Hypothesis) တစ်ခုတင်ပြသွားမှာပါ။ ဒါဟာ မှန်တယ်မှားတယ် ဆိုတာကို ကျိုးကြောင်းခိုင်လုံရင် လွတ်လပ်စွာစောဒက တက်ပိုင်ခွင့်ရှိပါတယ်။ နောက်တစ်ချက်က အချို့သော ခန့်မှန်းချက်များဟာ တိကျတဲ့အချက်အလက်တွေဆိုပေမယ့် အသစ်အသစ်သော လေ့လာတွေ့ရှိမှုတွေကြောင့် အချိန်မရွေး အမှားဖြစ်သွားနိုင်တယ်ဆိုတာကို သတိပြုပါ။ (သိပ္ပံပညာမှာ ဘယ်အရာမှ တရားသေမရှိပါ။ ကျိုးကြောင်းခိုင်လုံမယ်ဆိုရင် သင်ဟာ အချိန်မရွေးလွတ်လပ်စွာ စောဒက တက်ပိုင်ခွင့်ရှိပါတယ်။ မည်သည့်သိပ္ပံပညာရှင်ကမှ သင့်ကို အရေးယူမည်မဟုတ်ပါ။ သီအိုရီအဟောင်း ကာကွယ်စောင့်ရှောက်ရေးအသင်းများလဲ သူတို့မှာမရှိပါ။)

ယခု အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုအတွက် ကျွန်တော်တို့ဟာ စကြဝဠာပုံစံတူငယ် နှစ်ခုကို စဉ်းစားနိုင်ပါတယ်။ တစ်ခုကတော့ ပြီးခဲ့တဲ့တစ်နှစ်ကမှ ဖန်ဆင်းခံခဲ့ရတဲ့ စကြဝဠာ နဲ့ နောက်တစ်ခုကတော့ ကာလတာရှည်တည်ရှိခဲ့တဲ့ စကြဝဠာ ပါ။ အဆိုပါ တစ်နှစ်ထက် ပိုပြီးသက်တမ်းရင့်တဲ့ စကြဝဠာပုံစံငယ်ဟာ တစ်နှစ်ဆိုတဲ့ အချိန်ကာလရဲ့ အပြင်ဘက်မှာရှိတဲ့ အရာတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ တစ်နှစ်ပဲသက်တမ်းရှိတဲ့ ပုံစံငယ်ကတော့ ဖြေရှင်းပေးစရာမလိုပါဘူး။ ဒါကြောင့် တစ်နှစ်ပဲသက်တမ်းရှိတဲ့ စကြဝဠာပုံစံငယ်က ပိုကောင်းတယ်လို့ပြောရပါမယ်။ အဲ့ဒီတစ်နှစ်ရဲ့ အပြင်ဘက်မှာ ဘာဖြစ်ခဲ့သလဲဆိုတာ မေးခွန်းထုတ်စဉ်းစားနေစရာမလိုပါဘူး။ ဒါပေမယ့်ပြောင်းလဲမှုမရှိတဲ့စကြဝဠာအယူအဆ ဆိုတာဟာ ရုတ်တရတ်ပြောင်းလဲသွားပါတော့တယ်။ ဘယ်အချိန်မှာလဲဆိုတော့ အက်ဒ်ဝင်ဟတ်ဘယ်(Edwin Hubble) ဟာ ဝီလ်ဆင် တောင်ကုန်းပေါ်မှာ တယ်လီစကုတ်ပေါင်းများစွာနဲ့ သုတေသနတစ်ခုကို ပြုလုပ်လိုက်တဲ့အချိန်မှာဖြစ်ပါတယ်။

ဟတ်ဘယ်ဟာ ဘာကိုတွေ့ရှိခဲ့သလဲဆိုတော့ ကြယ်များဟာ အာကာသအတွင်းမှာ နေရာတကျ ဖြန့်ကြဲထားတာမဟုတ်ပဲနဲ့ ဂလက်ဆီလို့ခေါ်တဲ့ ကြယ်အစုအဝေးကိုယ်စီမှာ တည်ရှိနေကြတယ်ဆိုတာပါပဲ။ ပြီးတော့ အဲ့ဒီ ဂလက်ဆီတွေဆီကလာတဲ့ အလင်းတွေရဲ့ အလျင်ကို တိကျစွာ ပိုင်းခြားတိုင်းတာဖို့ ဟတ်ဘယ် က ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအခါမှာ မထင်မှတ်တာတစ်ခုကို သွားပြီးတွေ့ရှိလိုက်ပါတယ်။ ဂလက်ဆီတွေဟာ ကျွန်တော်တို့နဲ့ ဝေးရာကို အစဉ်တစိုက် ရွေ့လျားနေတယ်ဆိုတာပါပဲ။ ကြယ်တွေဆီက လာတဲ့အလင်းတွေရဲ့ ရောင်စဉ်ကို စစ်ဆေးကြည့်ရာမှာ အနီဘက်ကို ယိုင်နေတာတွေ့ရပါတယ်။(Red shift လို့ခေါ်ပါတယ်။) Doppler Effect အရ အနီဘက်ယိုင်တဲ့အလင်းတွေဟာ ဝေးရာကို ရွေ့လျားနေတယ်ဆိုတာပါပဲ။ ပြီးတော့ ထပ်ပြီးတွေ့လိုက်တာက ကျွန်တော်တို့နဲ့ ဝေးလေ ကျွန်တော်တို့အဝေးကိုပိုပြီး မြန်မြန်ရွေ့လျားလေဖြစ်နေပါတယ်။ ဒီအချက်ကို သင်ဟာ မမှုတ်ရသေးတဲ့ပူစီပေါင်းတစ်လုံးကို ဆော့ပင်နဲ့ဖြစ်ဖြစ် မှင်စက်ကလေးတွေလိုက်မှတ်ထားပါ။ ပြီးတော့ ပူပေါင်းကို မှုတ်လိုက်တဲ့အချိန်မှာ အဲ့ဒီအစက်ကလေးတွေဟာ ဘေးကို ကိုယ်စီ ပြန့်ကားဝေးကွာသွားကြတဲ့အဖြစ်နဲ့ မြင်ကြည့်နိုင်ပါတယ်။ ခုနကပြောသလိုပဲ စကြဝဠာကြီးဟာ ဒီအဖြစ်အပျက်အတိုင်း ပြန့်ကားနေတာပါ။ လူအများထင်သလို မပြောင်းလဲပဲ တည်တန့်တည်ရှိနေတာမဟုတ်ပါဘူး။ သူဟာ ပြန့်ကားနေတာပါ။ ဂလက်ဆီတစ်ခုနဲ့ တစ်ခုကြားအကွာအဝေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပိုပြီး ကြီးမားလာပါတယ်။

ဟောဒီ စကြဝဠာကြီး ပြန့်ကားနေတယ်ဆိုတာဟာ သိပ္ပံသမိုင်းမှာတော့ အရမ်းကို အက္ခရာကျတဲ့ တွေ့ရှိမှုကြီးတစ်ရပ်ပါပဲ။ စကြဝဠာကြီးဟာ အစရှိရမယ်ဆိုတဲ့ အယူအဆဟာ အပြည့်အဝကို မှန်ကန်သွားပါပြီ။ နှစ်ပေါင်းထောင်ချီကြာခဲ့တဲ့ အငြင်းပွားမှုတစ်ခုဟာ အဆုံးသတ်သွားပါပြီ။ တစ်ကယ်လို့ ဂလက်ဆီတွေဟာ အဝေးကိုပြန့်ကားနေတယ်ဆိုရင် သူတို့ဟာ တစ်ချိန်တုန်းက အလွန်နီးနီးကပ်ကပ်ရှိခဲ့မပေါ့။ သူတို့ရဲ့ ရွေ့လျားနေတဲ့အလျင်ဟာ ခု ကျွန်တော်တို့ရဲ့ တွက်ချက်မှုတွေအတိုင်း အရင်တုန်းကလည်း ဖြစ်ခဲ့မယ်ဆိုရင် သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ ဘီလီယံ လောက်က အမှတ်တစ်မှတ်တည်းမှာ သွားဆုံနေပါတယ်။ အဲ့ဒီအမှတ်ကလေးဟာ ကျွန်တော်တို့ စကြဝဠာရဲ့ အစ ပဲလား။ သိပ္ပံပညာရှင်တော်တော်များများကတော့ စကြဝဠာကြီးဟာ အစရှိခဲ့တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး သိပ်မပျော်ရွှင်နိုင်ကြပါ။ ဘာလို့လဲဆိုတာ ဒါဟာ ကျွန်တော်တို့အခုသိထားတဲ့ ရူပဗေဒပညာရပ် ကို ယိုယွင်းနေစေပါတယ်။ ကျွန်တော်တို့ တစ်ခုခုမှာတော့ မှားနေပါပြီ။ ဒီအချက်ကို ဆင်ဝှေ့ရန်ရှောင်ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်နည်းလမ်းတော့ပေါ်လာပါပြီ။ ဒီနည်းလမ်းကတော့ ကျွန်တော်တို့သိထားတဲ့ သဘာဝနိယာမအားလုံးရဲ့ အပြင်က ဖြစ်ရပ်ထူးတစ်ခုဖြစ်ပါလိမ့်မယ်။ ဘုရားသခင် (၀ါ) ဖန်ဆင်းရှင် ပါပဲ။ သူက စကြဝဠာကို အစပျိုးခဲ့တာပါပဲတဲ့။ ဒီအချက်ကိုလည်း သိပ္ပံပညာရှင်အားလုံးနီးပါးက လက်မခံနိုင်ပါ။ ဘာလို့လဲဆိုတော့ သိပ္ပံပညာရဲ့ အနှစ်သာရကိုက မသိတာကိုသိအောင်လုပ်ဖို့ပါ။ စဉ်းစားရကျပ်သွားပြီး အသိခက်တဲ့ဖြစ်ရပ်ပေါ်လာတာနဲ့ သက်သေမရှိ အခြေအမြစ်မရှိတဲ့ အရာတစ်ခုအပေါ် လွှဲမချချင်ပါ။ မသိတာကို မသိဘူးပြောတာရှက်စရာမဟုတ်ပါ။ မသိပဲနဲ့ သိသယောင်ယောင် ဟန်ဆောင်တာကမှ ရှက်ဖွယ်ဖြစ်ပါတယ်။ အဲ့ဒီအတွက် သိပ္ပံပညာဘက်ကတင်သွင်းလာတဲ့ နောက်ထပ် သီအိုရီတစ်ခုကတော့ ၁၉၄၈ ခုနှစ်မှာ ဘွန်ဒီ၊ ဂိုးလ် နဲ့ ဟွိုင်းလ် တို့ရဲ့ တည်မြဲခြင်းသီအိုရီ(Steady State Theory) ပါပဲ။

တည်မြဲခြင်းသီအိုရီ မှာဆိုရင်…. ဂလက်ဆီများဟာ အဝေးကို ပြန့်ကားရွေ့လျားနေတာကြောင့် အသစ်အသစ်သော ဂလက်ဆီတွေဟာ အာကာသဟင်းလင်းပြင်ထဲမှာရှိတဲ့ ဝတ္ထုတွေ၊ အက်တမ်တွေရဲ့ ပေါင်းစည်းမှုတွေကတစ်ဆင့် အစဉ်တဆက်ဖြစ်ပေါ်နေပါတယ်။ စကြဝဠာကြီးရဲ့ ဘယ်နေရာကိုပဲကြည့်ကြည့် အတူတူပဲဖြစ်နေပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ အဘက်ဘက်က အရာတွေဟာ ကျွန်တော်တို့အဝေးကိုရွေ့နေလို့ပါပဲ။ ဒီအချက်ဟာ အကောင်းဘက်ကတွေးကြည့်မယ်ဆိုရင် အရမ်းကို အကျိုးရှိပါတယ်။ တိကျတဲ့ခန့်မှန်းချက်ဖြစ်ပြီး အပေါ်ယံလေ့လာရုံနဲ့ကို စမ်းသပ်နိုင်ပါတယ်။ မာတင်ရိုင်းလ် ဦးဆောင်တဲ့ ကန်းဘရစ်ခ်ျက ရေဒီယိုနက္ခတာယာအဖွဲ့ဟာ ၁၉၆၀ အစောပိုင်းများမှာ အင်အားပျော့ ရေဒီယိုဆစ်ဂ်နယ်များကို လေ့လာစစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီဆစ်ဂ်နယ်များရဲ့ မူလဇစ်မြစ်အများစုဟာ ကျွန်တော်တို့ဂလက်ဆီအပြင်ဘက်မှာ ရှိနေတယ်ဆိုတာပါပဲ။ ပိုပြီး အင်အားလျော့နည်းလေလေ ကျွန်တော်တို့နဲ့ ပိုဝေးလေလေဖြစ်တယ်လို့ ယေဘုယျကောက်ချက်ချနိုင်ခဲ့ပါတယ်။ ဒီအချက်ဟာ တည်မြဲခြင်းသီအိုရီ နဲ့ ဆန့်ကျင်နေပြန်ပါတယ်။ ဒီအချက်အပါအဝင် အခြားသောအကြောင်းအရာများကြောင့် တည်မြဲခြင်းသီအိုရီ ဟာ ပြိုပျက်ခဲ့ရပြန်ပါတယ်။

စကြဝဠာ ဟာ အစရှိတယ်ဆိုတဲ့ အယူအဆကို ဆန့်ကျင်ဖို့ နောက်ထပ်ကြိုးစားမှုတစ်ခုကတော့ စကြဝဠာဟာ ပြန့်ကားပြီး ပြန်ကျုံဝင်မယ်ဆိုတဲ့ သီအိုရီပါပဲ။ ဒါပေမယ့် သူတို့ပြန်ကျုံ့ဝင်တဲ့အခါ အမှတ်တစ်မှတ်တည်းမှာ ပြန်မဆုံပဲ လွဲသွားပြီးတော့ ထပ်မံ ပြန့်ကားသွားပြန်ဦးမယ်လို့ဆိုပါတယ်။ ရုရှားသိပ္ပံပညာရှင်နှစ်ယောက်ဖြစ်တဲ့ Lifshitz နဲ့ Khalatnikov တို့နှစ်ဦးဟာ ဒီသီအိုရီကို စတင် အဆိုပြုခဲ့တာပါ။ ဒီအဆိုဟာ ကားလ်မာ့စ် ရဲ့ အတွေးအခေါ်တို့နဲ့လဲ သွယ်ဝိုက်ကိုက်ညီနေပြီး စကြဝဠာဟာ ဖန်ဆင်းခံခဲ့ရတယ်ဆိုတဲ့အချက်ကိုလည်း သွေဖယ်ပြီးသားဖြစ်တာကြောင့် ရုရှားသိပ္ပံပညာရှင်များအကြား စိတ်ဝင်စားစရာတစ်ခုအဖြစ် ရေပန်းစားခဲ့ပါတယ်။

တကယ်လို့ အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရသီအိုရီဟာ မှန်ကန်တယ်ဆိုရင် စကြဝဠာဟာ အစရှိခဲ့ပါလိမ့်မယ်။ စကြဝဠာအစလို့ပြောတာထက် အချိန်ရဲ့ အစလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ မူလအစမှာ အမှတ်တစ်မှတ်တည်းရှိခဲ့ပြီး သိပ်သည်းမှုအနန္တ ဖြစ်ပြီး ဟင်းလင်းပြင်ရဲ့ ကွေးညွတ်မှုဟာလည်း အနန္တလိမ်ကွေးနေပါလိမ့်မယ်။ (ဒီအချက်ဟာ နှိုင်းရသီအိုရီအား မလေ့လာရသေးသူအတွက်တော့ နားလည်ရခက်မှာပါ။ နှိုင်းရသီအိုရီကို ဒီမဂ္ဂဇင်းမှာပဲ ကျွန်တော်ဆောင်းပါးတစ်ပုဒ်ထပ်ရေးထားပါသေးတယ်။ ဖတ်ကြည့်နိုင်ပါတယ်။) စကြဝဠာဟာ သိပ်သည်းမှုအနန္တရှိဖူးခဲ့တယ်ဆိုတဲ့ အယူအဆဟာ ၁၉၆၅ အောက်တိုဘာလ မှာ လေ့လာတွေ့ရှိမှုတွေကတစ်ဆင့် စတင်လာပါတယ်။ စတီဖင်ဟော့ကင်း ရဲ့ နောက်ခံမိုက်ခရိုဝေ့ဖ် များအား တွေ့ရှိမှုနဲ့ အတူတူစတင်ခဲ့တာပါ။ ဒီ မိုက်ခရိုဝေ့ဖ်တွေဟာ သင့်မီးဖိုချောင်ထဲက မိုက်ခရိုဝေ့ဖ်စက်ထဲမှာရှိတဲ့ လှိုင်းတွေနဲ့ ဆင်တူပါပဲ။ အနည်းငယ်သာ အင်အားလျော့နည်းပါတယ်။ သင့်ခေါက်ဆွဲကို ၂၇၁.၃ ဒီဂရီစင်တီဂရိတ်မှာ ပြုတ်ပေးနိုင်ပါတယ်။ ဒီမိုက်ခရိုဝေ့ဖ် တွေကို သင်ကိုယ်တိုင်တွေ့မြင်နိုင်ပါတယ်။ သင့်အိမ်က တီဗီကို လိုင်းအလွတ်တစ်ခုမှာ ထားပြီးဖွင့်ထားပါ။(ချန်နယ်လ် အလွတ်ကိုပြောတာပါ။) ခဏကြာတဲ့အခါ တီဗီဖန်သားပြင်ပေါ်မှာ သင်တွေ့ရမယ့် အဖြူရောင်အစက်ကလေးတွေဟာ အဲ့ဒီနောက်ခံ မိုက်ခရိုဝေ့ဖ်လေးတွေကြောင့်ဖြစ်ပေါ်လာတာပါ။ ဒီလှိုင်းတွေကို နောက်ခံမိုက်ခရိုဝေ့ဖ်(Background of microwaves) လို့ခေါ်ရတာဟာ သူတို့ဟာ အလွန်ပူပြင်းပြီး သိပ်သည်းလွန်းလို့ဖြစ်ပါလိမ့်မယ်။ စကြဝဠာပြန့်ကားလာတာနဲ့အမျှ ဒီနောက်ခံမိုက်ခရိုဝေ့ဖ်တွေဟာလည်း တစ်ဖြည်းဖြည်း အေးလာကာ နောက်ဆုံး ပျောက်ကွယ်သွားပါလိမ့်မယ်။ ယနေ့အချိန်အထိတော့ စကြဝဠာစတင်ဖြစ်ပေါ်စဉ် မဟာပေါက်ကွဲမှုဖြစ်ရပ်ရဲ့ လက်ကျန်မိုက်ခရိုဝေ့ဖ် တွေဟာ သိသာစွာရှိနေဆဲပဲဖြစ်ပါတယ်။

စတီဖင်ဟော့ကင်း နဲ့ ပန်ရို့စ်တို့ရဲ့ Singularity သီအိုရီများဟာ စကြဝဠာဟာ အစရှိခဲ့တယ်ဆိုတာကို ဦးဆောင်သွားပေမယ့် ဘယ်လိုအစပြုခဲ့သလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ (ယနေ့သိပ္ပံပညာရှင်များဟာ စကြဝဠာကိုစတင်ဖြစ်စေခဲ့တဲ့ မဟာပေါက်ကွဲမှုဖြစ်ရပ်ပြီး ၁၀-၄၃ စက္ကန့်(ဒသမနောက်မှ သုည ၄၃ လုံး) နောက်ပိုင်းက ဖြစ်ရပ်တွေကို တွက်ချက်နိုင်နေပါပြီ။ အဲ့ဒီအချိန်မတိုင်ခင် ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကို လုံးဝမသိသေးပါဘူး။ ဒီ ၁၀-၄၃ ဆိုတဲ့အချိန်လေးကို ပလန့်က်အချိန် Planck’s Time လို့ခေါ်ပါတယ်။) အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရသီအိုရီ ဟာ ဒီအချိန်လေးရဲ့ ဟိုဘက်ရောက်သွားရင် အသုံးမဝင်တော့ပါဘူး။ ပြိုပျက်သွားပါတယ်။ ဒါ့ကြောင့် အိုင်းစတိုင်းရော စတီဖင်ဟော့ကင်းရောက စကြဝဠာဘယ်လိုအစပြုခဲ့တယ်ဆိုတာကို မပြောနိုင်ပဲ သူအစပျိုးပြီးနောက် ဘယ်လို ပြောင်းလဲဖြစ်တည်ခဲ့တယ်ဆိုတဲ့ အချက်ကိုသာပြောနိုင်ပါတယ်။ စတီဖင်ဟော့ကင်း နဲ့ ပန်ရို့စ်တို့ရဲ့ Singularity သီအိုရီများကို ဖြေရှင်းဖို့ သင်ဟာ နည်းလမ်း နှစ်လမ်းနဲ့ တွေးနိုင်ပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်တဲ့နည်းလမ်းတွေနဲ့ ဘုရားသခင်ဟာ စကြဝဠာကြီးကို ဖန်ဆင်းခဲ့တယ်ဆိုတာဖြစ်ပါတယ်။ ဒါဟော ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် က တွေးတောခဲ့တဲ့နည်းလမ်းပါ။ ဗာတီကန်စီးတီး မှာပြုလုပ်ခဲ့တဲ့ ခရစ်ယာန်သာသနာရှုထောင့်ရဲ့ စကြဝဠာဆိုင်ရာအစည်းအဝေးမှာ ပုပ်ရဟန်းမင်းကြီးကပြောခဲ့တာပါ။ ဘာပြောခဲ့လဲဆိုတော့ စကြဝဠာအစပျိုးပြီးနောက် ဖြစ်ရပ်တွေကို လေ့လာတာဟာ လက်သင့်ခံလို့ရပေမယ့် ဘယ်လိုအစပြုခဲ့သလဲဆိုတာကိုတော့ လေ့လာဖို့မသင့်ဘူးလို့ပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖန်ဆင်းခြင်းဟာ ဘုရားသခင်ရဲ့ ခမ်းနားတဲ့အလုပ်ဖြစ်တဲ့အတွက် ကျွန်တော်တို့လူသားတွေ ဘယ်တော့မှသိနိုင်မှာမဟုတ်ပါဘူးတဲ့။ ပုပ်ရဟန်းမင်းကြီးကို လေးစားသမှုရှိပေမယ့် ဒီအချက်ဟာ ကျွန်တော်နဲ့ သဘောထားချင်းမတိုက်ဆိုင်ဘူးလို့ ပြောပါရစေ။ သိပ္ပံပညာရှင်အားလုံးလိုလိုကလည်း ဒီပြောကြားချက်ကို ဥပေက္ခာပြုပြီးတော့ ဆက်လက်လေ့လာနေကြဆဲပါ။

Singularity သီအိုရီကိုဖြေရှင်းနိုင်မယ့် နောက်နည်းလမ်းတစ်ခုကတော့ သိပ္ပံပညာရှင်အားလုံးလိုလို သဘောကျပါတယ်။ ဘာလဲဆိုတော့ အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရ သီအိုရီဟာ တစ်ချိန်တစ်ခါက ဆွဲငင်အားစက်ကွင်းတွေ အလွန်အားကောင်းခဲ့တဲ့အချိန်မှာ အသုံးမဝင်ခဲ့ဘူး၊ ဒီ နှိုင်းရသီအိုရီ ထက်ပိုပြီး ပြီးပြည့်စုံတဲ့ သီအိုရီတစ်ခုကို လိုအပ်နေတယ်ဆိုတာပါပဲ။ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီဟာ ကြီးမားတဲ့အရာဝတ္ထုတွေမှာ အသုံးဝင်တယ်။ အက်တမ်ထက်သေးငယ်တဲ့ အရာတွေအတွက်ကျတော့ မမှန်တော့ပါဘူး။ ဒီလိုပဲ ကွမ်တမ်သီအိုရီ ဟာလည်း အက်တမ်အောက် အလွန်သေးငယ်တဲ့ အရာတွေမှာ အသုံးကျပေမယ့်လည်း ကြီးမားတဲ့အရာတွေမှာ အသုံးမဝင်ပြန်ပါဘူး။ ဒီသီအိုရီနှစ်ခုကို ပေါင်းစည်းပေးနိုင်မယ့် ရဲရင့်တဲ့သိပ္ပံပညာရှင်တစ်ဦး၊ နိုဘယ်ဆုရှင်လောင်းတစ်ဦးကို ကမ္ဘာ့သိပ္ပံအသိုင်းအဝိုင်းက စောင့်မျှော်နေတာပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတဲ့ အဆိုပါ သီအိုရီဟာ စကြဝဠာကြီးဘယ်လိုစတင်ခဲ့တယ်ဆိုတာကို ရှင်းပြနိုင်မှာဖြစ်လို့ပါပဲ။ စကြဝဠာဟာ ၁၀-၃၅ မီတာအရွယ်အစားသာရှိခဲ့တဲ့အချိန်မှာ ဒီသီအိုရီ နှစ်ခုဟာ ပေါင်းစည်းနိုင်နေပါတယ်။ ဒီအခြေအနေတစ်ခုတည်းမှာပါပဲ။ ဒီအရွယ်အစားကို Planck’s Length လို့ခေါ်ပါတယ်။ (စကြဝဠာဟာ Planck’s Time အချိန်မှာ Planck’s Length အရွယ်အစားရှိခဲ့တယ်ပေါ့။)

အခုဆိုရင် သင်ဟာ စကြဝဠာဟာ အစရှိခဲ့တယ်ဆိုတာကို သိနေပါပြီ။။ ဘယ်လိုစခဲ့လဲဆိုတာတော့ မသိသေးဘူး။ အဲ့ဒီလိုပဲ ဘယ်လိုအဆုံးသတ်မလဲဆိုတာကော သိပြီလား။ မသိသေးပါဘူး။ ဒါဟာလဲ သိပ္ပံပညာရှင်တွေ အငြင်ပွားနေတဲ့ ပဟေဋိတစ်ခုဖြစ်ပါတယ်။ ဒီအချက်များကို သီအိုရီများအရတော့ ခန့်မှန်းနိုင်ပါတယ်။ စကြဝဠာကြီးရဲ့ တကယ်အရှိသိပ်သည်းခြင်း နဲ့ သီအိုရီများက တွက်ချက်ရရှိတဲ့ သိပ်သည်းခြင်းအချိုးကို အိုမီဂါ(Ω) လို့ ဖော်ပြနိုင်ပါတယ်။ (Ω) ဟာ စကြဝဠာတွင်းမှာ အရေးအပါဆုံး ကိန်းသေဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ စကြဝဠာကြီးရဲ့ ကြမ္မာကို ဆုံးဖြတ်ပေးလို့ပါ။

တကယ်လို့ (Ω) ဟာ တစ် နဲ့ အတိအကျညီနေခဲ့မယ်ဆိုရင်(တစ်နည်းအားဖြင့် တကယ့်အရှိ သိပ်သည်းခြင်းနဲ့ သီအိုရီကတွက်ချက်လို့ရတဲ့ သိပ်သည်းခြင်းတို့ အတိအကျတူနေခဲ့လျှင်) စကြဝဠာကြီးဟာ အချိန်အကန့်အသတ်မရှိ တစ်သမတ်နှုန်းနဲ့ ဆက်လက်ပြန့်ကားနေမှာဖြစ်ပါတယ်။

အကယ်၍ (Ω) ဟာ တစ်အောက် အနည်းငယ်မျှသာ လျော့နည်းနေမယ်ဆိုရင် (Ω<1) စကြဝဠာဟာ အချိန်အကန့်အသတ်မရှိ အစဉ်တိုးနေတဲ့ အရှိန်နဲ့ ပြန့်ကားမှာဖြစ်တယ်။ ဒီလိုဆိုရင် အရမ်းဝေးလှတဲ့အနာဂတ်မှာ စကြဝဠာကြီးဟာ ဗလာစကြဝဠာကြီးဖြစ်သွားပါလိမ့်မယ်။ ဒါကို အပွင့်စကြာဝဠာ Open Universe scenario လို့ခေါ်ပါတယ်။ ဒီလိုဆိုရင် ကြယ်တွေတစ်ခုနဲ့တစ်ခုကြားအလွန်ဝေးလံသွားတာကြောင့် အရမ်းဝေးလှတဲ့အနာဂတ်မှာ စကြဝဠာကြီးဟာ အေးခဲပြီး အဆုံးသတ်သွားနိုင်ပါတယ်။

တကယ်လို့ (Ω) ဟာ တစ်ထက် အနည်းငယ် ပိုကြီးနေခဲ့ရင်(Ω>1) ပြန့်ကားနေတဲ့ စကြဝဠာကြီးဟာ နောက်ဆုံးမှာ ပြန့်ကားနှုန်းတစ်ဖြည်းဖြည်းလျော့နည်းလာကာ နှေးကွေးသွားမယ်၊ ပြီးရင် ရပ်သွားမယ်။ ပြီးရင် အထဲကိုပြန်ကျုံ့ဝင်ပြီး မဟာဖိသပ်ညှပ်သိပ်မှုကြီး (Big Crunch) ဖြစ်သွားမှာပါ။ ပြီးတော့ မဟာပေါက်ကွဲမှုပြန်ဖြစ်ပြီး စကြဝဠာပြန်လည်စတင်လာမှာပါ။ အခုတင်ပြသွားတာတွေဟာ အနုမာန (Hypothesis) တွေဖြစ်ပြီး လက်တွေ့စမ်းသပ်မှုတွေက ရရှိလာတဲ့ တွေ့ရှိချက်တွေမဟုတ်သေးပါဘူး။

ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာစုနှစ်အနည်းငယ်အတွင်းမှာ စကြဝဠာလေ့လာရေးဆိုင်ရာ ပညာရပ်မှာ တဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရ သီအိုရီ နဲ့ ပြန့်ကားနေတဲ့စကြဝဠာအယူအဆ တို့ဟာ ထာဝရတည်ရှိနေတယ်ဆိုတဲ့ ရှေးဟောင်းစကြဝဠာအယူအဆကို ဆုတ်ဖြဲလိုက်ပါတယ်။ နှိုင်းရသီအိုရီ ကပြောတာကတော့ စကြဝဠာအပါအဝင် အချိန် ဟာ အစရှိခဲ့ပါတယ်။ အဲ့ဒီအစကို မဟာပေါက်ကွဲမှု (Big Bang) လို့ ကျွန်တော်တို့သိထားပါတယ်။ ပြီးတော့ အချိန်ဟာ တွင်းနက်များနဲ့ အဆုံးသတ်သွားမှာဖြစ်ပါတယ်။ ဒီသုံးသပ်ချက်ကို စကြဝဠာနောက်ခံမိုက်ခရိုဝေ့ဖ်များ နဲ့ တွင်းနက်များကို တွေ့ရှိမှုများက ထောက်ခံလာပါတယ်။ ဒါဟာ စကြဝဠာလေ့လာမှုသမိုင်းမှာ အောင်ပွဲခံခဲ့တဲ့ တွေ့ရှိမှုကြီးပဲဖြစ်ပါတယ်။ ယေဘုယျနှိုင်းရသီအိုရီဟာ စကြဝဠာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၈ ဘီလီယံ ခန့်က မဟာပေါက်ကွဲမှုနဲ့စတင်ခဲ့တယ်ဆိုတာကို ပြောပြနိုင်ပေမယ့် စကြဝဠာကိုယ်၌က အဲ့ဒီမဟာပေါက်ကွဲမှုကနေ ဘယ်လိုစဖြစ်ခဲ့လဲဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ဒါ့ကြောင့် နှိုင်းရသီအိုရီဟာလည်း စကြဝဠာဆိုင်ရာ အဓိကမေးခွန်းကြီးကို အဖြေမပေးနိုင်သေးပါဘူး။ ဘာ့ကြောင့် စကြဝဠာကြီးဟာ အခုသူဖြစ်နေသလို ဖြစ်နေရတာလဲ။ တကယ်လို့ ယေဘုယျနှိုင်းရသီအိုရီ နဲ့ ကွမ်တမ်သီအိုရီနှစ်ခုကို ပေါင်းစည်းနိုင်ခဲ့မယ်ဆိုရင်တော့ စကြဝဠာဘယ်လိုစတင်ခဲ့တယ်ဆိုတာကို အဖြေပေးနိုင်မယ်လို့ မျှော်လင့်လို့ရပါတယ်။

ယခုကျွန်တော်တို့ကြုံတွေ့နေရတဲ့ကာလကို အထွတ်အထိပ်ကာလလို့ခေါ်နိုင်ပါတယ်။ အဆိုပါ သီအိုရီနှစ်ခု လက်ထပ်ပေါင်းစည်းနိုင်လိုက်ခြင်းဟာ အစစအရာရာတိုးတတ်သွားမှာဖြစ်ပြီး ကြယ်များနဲ့ ဂလက်ဆီများအပြင် စကြဝဠာအတွင်းမှာရှိတဲ့ အခြားသောအရာများအားလုံး ဖြစ်ပေါ်လာပုံကိုပါ သိရှိနိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အများကြီးကြိုးစားရဦးမှဖြစ်ပေမယ့် စကြဝဠာရဲ့ မူလအစကို နားလည်သိရှိလာနိုင်ဖို့အတွက် လမ်းကြောင်းပေါ်မှာရောက်ရှိနေပြီး မကြာခင် ပန်းတိုင်ကိုရောက်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အာကာသယာဉ်များကို နည်းပညာမြင့်စွာထုတ်လုပ် လွှင့်တင်ပြီး သူတို့ကြားက အကွာအဝေးကိုတိုင်းတာခြင်းအားဖြင့် စကြဝဠာနောက်ခံမိုက်ခရိုဝေ့ဖ် များကို တိကျစွာ တိုင်းတာဖော်ထုတ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကာလအသီးသီးမှာရှိခဲ့တဲ့ စကြဝဠာကြီးရဲ့ သိပ်သည်းမှုကို တိတိကျကျတိုင်းတာနိုင်တော့မှာဖြစ်နိုင်ပါတယ်။

ကြီးမားတဲ့အောင်မြင်မှုများစွာ ရရှိခဲ့ပေမယ့် အရာရာကိုတော့ မဖြေရှင်းရသေးပါဘူး။ ကျွန်တော်တို့မသိသေးတာ၊ သိပ္ပံပညာက မဖြေရှင်းနိုင်သေးတာတွေဟာ ဒုနဲ့ဒေးရှိနေပါသေးတယ်။ စကြဝဠာကြီးရဲ့ သိပ်သည်းခြင်းကိုပါ အတိအကျမသိသေးတဲ့အပြင် ပြန့်ကားနှုန်းရဲ့ ပြောင်းလဲမှုတွေကိုပါ မသိသေးပါဘူး။ ဒါတွေကို မသိသေးပဲနဲ့ စကြဝဠာကြီးရဲ့ အနာဂတ်ကိုလည်း ရေရေရာရာသိမှာမဟုတ်ပါဘူး။ စကြဝဠာကြီးဟာ ထာဝရ ပြန့်ကားသွားမှာလား။ ဒီဖောင်းပွမှုဟာ သဘာဝတရားကြီးရဲ့ နိယာမ တစ်ခုပဲလား။ ဒါမှမဟုတ် ပြန်ပြီးကျုံ့ဝင်သွားဦးမှာလား။ အခုဆိုရင် လေ့လာတွေ့ရှိမှုတွေ နဲ့ သီအိုရီတွေက ရရှိလာတဲ့ ရလာဒ်တွေဟာ ဟိုတစ်စဒီတစ်စ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ သိပ္ပံပညာ နဲ့ စကြဝဠာကြီးကို လေ့လာရတာ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ တော်ရုံတက်ကြွတဲ့စိတ်ဓာတ်လောက်နဲ့လဲ လေ့လာလို့မဖြစ်ပါဘူး။ စတီဖင်ဟော့ကင်းပြောသလိုပါပဲ ကျွန်တော်တို့ဟာ စကြဝဠာပြင်ကျယ်ကြီးထဲက သာမန်အဆင့်ရှိတဲ့ ကြယ်တစ်လုံးကို လှည့်ပတ်နေတဲ့ ဂြိုဟ်ငယ်လေးတစ်လုံးပေါ်က အဆင့်မြင့်မျောက်မျိုးနွယ်စု တစ်စုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ စကြဝဠာကြီးအကြောင်းကိုလေ့လာနေပါပြီ။ ဒီအချက်ဟာ အရမ်းကို အားရဖို့ကောင်းပါတယ်။ အခုဆို သမိုင်းချီခဲ့တဲ့ ကာလအရှည်ကြာမေးခွန်းဟောင်းကြီးကို အဆုံးသတ်ဖြေဆိုနိုင်ဖို့ နီးစပ်နေပါပြီ။

ကျွန်တော်တို့ဘာ့ကြောင့် ဒီနေရာ ဒီအချိန်မှာ ရှိနေရတာလဲ။ ကျွန်တော်တို့ ဘယ်ကရောက်လာကြတာလဲ။

Reference; Brief History of Time by Stephen Hawking

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s