လူတူပရိုင်းမိတ် Lucy

image199မနေ့၊ နိုဝင်ဘာလ ၂၄ရက်နေ့မှာ Google ကနေ မတ်မတ် လမ်းလျှောက်နေတဲ့ လူဝံတစ်ကောင်ရဲ့ ပုံနဲ့ Doodle လေးကို တင်ထားတာကို သတိထားမိမှာပါ။ ၁၉၇၄ခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့တုန်းက အီသီယိုးပီးယားနိုင်ငံ၊ Afar တြိဂံနယ်မြေ၊ Hawash မြစ်ဝှမ်းဒေသမှာ ပြင်သစ်လူမျိုး ရုပ်ကြွင်းမနုဿဗေဒ ပညာရှင် Maurice Taieb က ဦးဆောင်တဲ့  သုတေသနအဖွဲ့ ကနေ Lucy လို့ အမှတ်တရ နာမည်ပေးထားတဲ့ လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ Lucy ကို တူးဖော်တွေ့ရှိခဲ့တာကို Google က ၄၁နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ Doodle လေး တင်ထားတာ ဖြစ်ပါတယ်။

Lucy ဟာ အရိုးရုပ်ကြွင်း အပိုင်းအစပေါင်း ရာနဲ့ချီပါဝင်တဲ့ ရုပ်ကြွင်း ဖြစ်ပြီး၊ မျက်မှောက်ခေတ် လူသားမျိုးစိတ် အပါအဝင် ရှေးဦး လူသားမျိုးစိတ်တွေပါ ပါဝင်တဲ့ hominin မျိုးရင်းစု ထဲက တစ်ခုဖြစ်တဲ့ Australopithecus afarensis (သြစထရယ်လို ပစ်သကပ်စ် အဖာရန်းဆစ်) မျိုးစိတ်ဝင် အမ တစ်ဦး ဖြစ်ပါတယ်။ (သူ့ရဲ့ အရွယ်အစားနဲ့ တင်ပါးဆုံးရိုး တည်ဆောက်ပုံအရ အမလို့ ခန့်မှန်းထားတာပါ။) Australopithecus afarensis ဟာ Australopithecus မျိုးရင်းကြီးထဲက မျိုးစိတ် တစ်ခုသာ ဖြစ်ပါတယ်။ Lucy အပြင် အခြားသော မျိုးစိတ်ကွဲ Australopithecus ရုပ်ကြွင်းတွေလည်း ရှိပါသေးတယ်။ Australo- ဆိုတာ တောင်ဖက်ကို ပြောတာ ဖြစ်ပြီး၊ -pithecus က မျောက်ဝံကို ရည်ညွန်းပါတယ်။ Australopithecus ဆိုတာ အာဖရိကတောင်ပိုင်းဒေသ တွေကနေ တူးဖော်ရတဲ့ မျောက်ဝံမျိုးနွယ်လို့ အဓိပ္ပာယ်ရတာပေါ့။ မျိုးစိတ်နာမည် afarensis ကတော့ သူ့ကို တွေ့ခဲ့တဲ့ Afar တြိဂံဒေသကို အစွဲပြုပေးထားတာပါ။

 

image199

Lucy အသက်ရှိစဉ်ကပုံကို ပြန်လည်တည်ဆောက်ပြထားမှု

image199

Lucy ရုပ်ကြွင်း

image199

(ဝဲ) မတ်တပ်လျှောက်တဲ့ လူဝံမှာ ပေါင်ရိုးတွေက မြေပြင်နဲ့ ထောင့်မှန်ကျ ဖြစ်နေရင် ကုန်းကွနေမှာ ဖြစ်ပြီး၊ (ယာ) အောက်ဖက်ကို စုသွားတဲ့ ပေါင်ရိုးဆိုရင်တော့ ကုန်းကွကွ မဖြစ်ပဲ၊ ဟန်ချက်ထိန်းနိုင်မှာ ဖြစ်တယ်။ Lucy ရဲ့ ရုပ်ကြွင်းတွေက ယာဖက်က ပုံနဲ့ ပို၍ ကိုက်ညီမှုရှိတာကြောင့် မတ်တပ်လျှောက်တဲ့ မျိုးနွယ်လို့ ပြောတာ ဖြစ်ပါတယ်။ Photo Source Screenshot taken from ‘Your Inner Fish’ Documentary Series – ‘Your Inner Monkey’ (Episode 3) by paleontologist Neil Shubin

 

Lucy ဟာ ရှေးကျတဲ့ Australopithecus တစ်မျိုး ဖြစ်ပြီး သူ့ရဲ့ သက်တမ်းကို လွန်ခဲ့တဲ့ နှစ် ၃.၂သန်းခန့်ကလို့ ခန့်မှန်းနိုင်ပါတယ်။ သူ့ရဲ့ အရိုးစုကတော့ ကျောက်ဖြစ်ရုပ်ကြွင်းပညာအတွက် မှတ်သားစရာတွေ အများကြီး ပါဝင်ပါတယ်။ သူ့ရဲ့ ဦးခေါင်းဟာ မျောက်ဝံတွေရဲ့ ဦးခေါင်းအတိုင်း အရွယ်သေးငယ်ပြီး၊ အခြားသော Hominin မျိုးနွယ်တွေနဲ့ မတူပါဘူး။

သူ့ရဲ့ လက်မောင်းရိုးတွေက ရှည်ပြီး ကြွက်သာတွေ တွယ်ဆက်တဲ့ အရိုးနေရာတွေက ကြွတက်နေတာကြောင့်  သစ်ပင်တက်နိုင်တဲ့ လက်မောင်းတွေ ဖြစ်ကြောင်း ပြနေပါတယ်။ တိုပြီး ကျယ်တဲ့ တင်ပါးဆုံရိုးခွင်အရ၊ သူ့ရဲ့ ခန္ဓာကိုယ်ကို မတ်တပ်ထားနိုင်ပြီး၊ တင်ပါးဆုံရိုးခွင်ကို ပေါင်ရိုးက လာပြီး ချိတ်ဆက်တဲ့နေရာမှာလည်း ပေါင်ရိုးတွေက မြေပြင်နဲ့ ထောင့်မတ်ကျ မဟုတ်ပဲ၊ အောက်ကို ဆင်းလေ အလယ်ကို စုလာလေ ဖြစ်ပါတယ်။ ဒူးဆစ်အောက်ဖက်က ခြေသလုံးရိုးတွေကတော့ တခြားမျောက်ဝံတွေနည်းတူ အဖြောင့် ဖြစ်ပါတယ်။ ခြေလေးဖက်သွားတဲ့ မျိုးနွယ်မှာ ပေါင်ရိုးက မျဉ်းပြိုင်အတိုင်း ရှိနေနိုင်ပေမယ့်၊ ခြေနှစ်ဖက်သွားတဲ့ မျိုးနွယ်မှာ ပေါင်ရိုးတွေက မျဉ်းပြိုင် အတိုင်းရှိနေရင် ပေါင်ကွကွနဲ့ လမ်းလျှောက်ရင် ဟန်ချက်ပျက် နေပါလိမ့်မယ်။ အောက်ဖက်ကို စုသွားတဲ့ ပေါင်းရိုးတွေနဲ့မှသာ ခြေနှစ်ဖက်နဲ့ အဆင်ပြေပြေ လမ်းလျှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ ခြုံငုံသုံးသပ်ပြီး Lucy ကို ခြေနှစ်ချောင်းနဲ့ လျှောက်နိုင်တဲ့ မျိုးနွယ်လို့ ပြောတာ ဖြစ်ပါတယ်။

Lucy ရဲ့ သုတေသန နာမည်ရင်းက AL 288-1 ဖြစ်ပါတယ်။ အဲဒီ့နေ့တုန်းက သုတေသနအဖွဲ့စခန်းမှာ the Beatles rock ဂီတအဖွဲ့ရဲ့ Lucy in the sky with Diamonds သီချင်းကို ထပ်တလဲလဲ ဖွင့်ထားမိလို့၊ ရုပ်ကြွင်းကို Lucy ရယ်လို့ ချစ်စနိုး နာမည်ပေးလိုက်တာပါ။ သူ့ရဲ့ တွေ့ရှိမှုက ကမ္ဘာတဝှမ်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး၊ သူ့ရဲ့ AL 288-1 နံပါတ်ထက် Lucy နာမည်က လူတွေပါးစပ်ဖျားမှာ ပိုစွဲနေခဲ့ပါတယ်။

Australopithecus မျိုးရင်းနောက်မှာတော့၊ လွန်ခဲ့တဲ့ နှစ် ၂.၃သန်းခန့်မှာ Homo မျိုးရင်းသစ်က ခွဲထွက်ပေါ်ပေါက် လာပါတယ်။ အဲဒီ့အထဲမှာတော့ Homo habilis, Homo erectus စသည်ဖြင့် ရှေးဦး Homo မျိုးရင်းဝင်တွေအပြင်၊ Homo sapiens ခေါ်တဲ့ မျက်မှောက်ခေတ် လူသားမျိုးစိတ်လည်း ပါဝင်တာပေါ့။ Australopithecus တွေက လွန်ခဲ့တဲ့ နှစ် ၁.၉သန်းမှာ ကွယ်ပျောက်သွားပါတယ်။ Homo မျိုးရင်းကတော့ ဆက်လက် ပျံ့ပွားအောင်မြင်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ် ၂၅ဝ,ဝဝဝ ကနေ ၇ဝ,ဝဝဝ၊ စုစုပေါင်း နှစ် ၁၈ဝ,ဝဝဝ ကာလအတွင်းမှာ Homo မျိုးနွယ်က အအောင်မြင်ဆုံး ဖြစ်ခဲ့ပြီး ဥရောပတိုက်မှာ Homo neanderthalis, အာရှတိုက်မှာ Homo erectus, နဲ့ အာဖရိကတိုက်မှာ မျက်မှောက်ခေတ်လူ Homo sapiens ဆိုပြီး လူမျိုးစိတ် သုံးခု ခေတ်ပြိုင်ရှိခဲ့ပါတယ်။ ဒီ့နောက်မှာတော့ Homo မျိုးရင်းဟာ ဆုတ်ယုတ်လာခဲ့ပြီး အဆိုပါ မျိုးရင်းဝင် မျိုးစိတ်သုံးခုထဲမှ ကျွန်ုပ်တို့ မျက်မှောက်ခေတ် လူသား မျိုးစိတ်သာ ကျန်ရစ်တော့တယ်။ Homo နဲ့ Australopithecus တွေက Homini (လူတူပရိုင်းမိတ်မျိုးရင်းစု) မှာ ပါဝင်တာမို့၊ ကျွန်ုပ်တို့ Homo sapiens တွေဟာ Homo မျိုးရင်းအနေနဲ့ကော၊ Homini မျိုးရင်းစု အနေနဲ့ပါ နောက်ဆုံးကျန်ရစ်တဲ့ မျိုးစိတ်လို့ ပြောနိုင်ပါတယ်။

~ Kyaw Zwar Lynn

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s