ချားစ်ဒါဝင် မည်သူနည်း

ငယ်ဘဝ

 ချားစ် ရောဘတ် ဒါဝင် (Charles Robert Darwin) ကို ၁၈ဝ၉ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်တွင် ဖခင် ရောဘတ် ဒါဝင် (Robert Darwin) နှင့် မိခင် ဆူဆန်နာဒါဝင် (Susannah Darwin) တို့မှ ရှရော့စရှိုင်းယား (Shropshire) နယ်၊ အင်္ဂလန်နိုင်ငံတွင် မွေးဖွားသည်။ သူအသက် ရှစ်နှစ်၌မိခင် ကွယ်လွန်ခဲ့သည်။ ရှရူးဘယ်ရီမြို့တွင် ကျောင်းထားသော်လည်း စာအတော်ကြီး မဟုတ်ပဲ အလယ်အလတ်အတန်း ကျောင်းသားလေးသာ ဖြစ်ခဲ့သည်။

ပုံ – ချားစ်ဒါဝင်
ဆရာဝန်မျိုးရိုးဖြစ်ပြီး ချမ်းသာကြွယ်ဝသည့်အလျောက်၊ ချားစ်ဒါဝင်ကို ဆေးပညာ သင်ကြားရန် အက်ဒင်ဘာရာ တက္ကသိုလ်သို့ ပို့ခဲ့သည်။ သို့သော် ထိုခေတ်က သွေးသံရဲရဲ ခွဲစိတ်ကုသမှုများကို ကြောက်ရွံ့သဖြင့် ဆက်မတက်ဖြစ်ပေ။ သို့နှင့်ပင် ဖခင်နှင့် သဘောမတိုက်ဆိုင်သော်လည်း သဘာဝသမိုင်းကြောင်းကို လေ့လာရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက်မူ ကိမ်းဘရစ်၌ ဘုန်းတော်ကြီးတစ်ဦးဖြစ်ရန် ဆက်လက် ပညာသင်ကြားခဲ့သည်။ ပိုးတောင်မာလေးများကို စုဆောင်းလေ့လာခြင်းဖြင့် သဘာဝကို မြတ်နိုးစိတ်လေးအား ဆက်လက်မွေးမြူခဲ့ပေသည်။ သူ၏ဆရာ ဟန်စလို (John Steven Henslow) က ဒါဝင်ကို သဘာဝတ္ထပညာရှင်အဖြစ် ဘုရင့်သင်္ဘော ဘီဂယ် (HMS Beagle) နှင့်အတူ ကမ္ဘာပတ်ခရီးလိုက်ပါသွားရန် တိုက်တွန်းခဲ့သည်။ အထူးသဖြင့် သင်္ဘောကက်ပတိန် ရောဘတ် ဖစ်ဇရိုင်း (Robert FitzRoy) အနေဖြင့် ညစာအတူစားရင် စကားလက်ဆုံပြောရန် ရင်းနှီးသည့် ပညာတတ်တစ်ယောက် မျှော်လင့်နေခြင်းဖြစ်သည်။
ပုံ – ဘီဂယ်သင်္ဘော

ဒါဝင်၏ ဘီဂယ်သင်္ဘောခရီးစဉ်

ကမ္ဘာပတ်ပြီး ပထဝီဝင်လေ့လာရန် ရည်ရွယ်ချက်ဖြင့် ဘီဂယ် သင်္ဘောခရီးစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တောင်အမေရိကနှင့် ၎င်းကမ်းလွန်ပင်လယ်ပြင်ရှိ ဂါလာပါးဂို့စ် ကျွန်းစုများသည် ဒါဝင်အများဆုံး လေ့လာခဲ့သည့် နေရာများဖြစ်သည်။ သူစိတ်ဝင်စားသည့် ကျောက်ဖြစ်ရုပ်ကြွင်း၊ ပန်းမာန်တိရစ္ဆာန်များကို ရှာဖွေစုဆောင်းခဲ့သည်။ ချားစ်လိုင်ယယ် (Charles Lyell) နှင့် တောမတ် မောလသတ်စ် (Thomas Malthus) တို့၏ စာအုပ်များကို ဖတ်ရှုခဲ့ခြင်းသည် ၎င်း နောင်တချိန်တွင် ထုတ်ဖော်မည့် ဆင့်ကဲပြောင်းလဲမှု သီအိုရီ အယူအဆများကို များစွာ လွှမ်းမိုးခဲ့သည်။
ဘုရင့်သင်္ဘောဘီဂယ်သည် ၁၈၃၁ခုနှစ်၌ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်သန်းကာ အင်္ဂလန်မှ တောင်အမေရိကတိုက်သို့  ဦးတည်ထွက်ခွာ ခဲ့ခြင်းဖြစ်သည်။ တောင်အမေရိကတိုက် ကမ်းရိုးတန်းတစ်လျှောက်ကို လေ့လာခဲ့ပြီး သြစတြေးလျနှင့် နယူးဇီလန်သို့လည်း ကမ်းကပ်လေ့လာခဲ့သည်။ ထို့နောက် အာဖရိကတိုက် ကိပ်တောင်း (Cape Town) မြို့မှတဆင့် ဘရာဇီးမှ ဘာဟီယာ (Bahia) မြို့သို့ ရောက်ရှိသည်။ ၎င်းသည် ပထမဆုံး ကမ်းကပ်ခဲ့သည့် တောင်အမေရိကမှ မြို့ဖြစ်သည်။ ထို့နောက် အတ္တလန်တိတ် သမုဒ္ဒရာကို လာလမ်းအတိုင်း ပြန်လာခဲ့ပြီး အင်္ဂလန်သို့ ၁၈၃၆ခုနှစ်တွင် ရောက်ရှိသည်။ သို့ဖြစ်၍ ခရီးစဉ်သည် ငါးနှစ်ကြာမြင့်သည့် ကမ္ဘာပတ်ခရီးဖြစ်သည်။
ပုံ – ဘီဂယ်သင်္ဘော၏ ကမ္ဘာပတ်ခရီးလမ်းကြောင်း
၁၈၃၂ခုနှစ် ဇန်နဝါရီလ၁၆ရက်နေ့ တွင် အာဖရိကတိုက် အနောက်ဖက်ကမ်းလွန်မှ ကိပ်ဗာဒီကျွန်းစုသို့ ရောက်ရှိခဲ့သည်။ ဆန်တီယာဂိုကျွန်း (Santiago Island) ရှိ ပေါ်တိုပရာယာ (Porto Praya) မြို့လေး၌ ဆိုက်ကပ်ခဲ့သည်။ ဆန်တီယာဂိုကျွန်း၌ ဒါဝင်သည် ၎င်း၏ ပထမဆုံး အထူးအဆန်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပေါ်တိုပရာယာ မြို့၏ ကမ်းခြေတစ်လျှောက်၌ ကမ်းပါးတစ်ခုရှိသည်။ ကမ်းပါးနံရံတွင် အဖြူရောင် ခရုခွံလေးများဖြင့် ဖွဲ့စည်းထားသည့် ရေပြင်ညီအလွှာလေး တစ်ခုရှိသည်။ ၎င်းအလွှာသည် ပင်လယ်ရေမျက်နှာပြင်မှ လေးဆယ့်ငါးပေ မြင့်နေခြင်းကြောင့် ချားစ်ဒါဝင်အတွက် စဉ်းစားစရာ ဖြစ်စေခဲ့သည်။
ပုံ – အတ္တလန်တိမ် သမုဒ္ဒရာထဲမှ ဆန်တီယာဂိုကျွန်းရှိ Porto Praya မြို့။

တချိန်တုန်းက ၎င်းခရုခွံအလွှာသည် ပင်လယ်အောက်ထဲ၌သာ ရှိရမည်မှာ ထင်ရှားလှသည်။ သို့သော် ပင်လယ်ရေမျက်နှာပြင်အထက် ၄၅ပေသို့ မည်သို့ ရောက်ရှိနေသနည်း ဟုသည် စဉ်းစားစရာဖြစ်သည်။ ငလျင်ကို သာဓကပြုနိုင်သည့် ကပ်ဆိုးဆန်ဆန် မြေပထဝီအားကြီးများကြောင့် ရေပြင်ညီအနေအထား ပျက်ယွင်းနိုင်သည်ဖြစ်ရာ၊ တဖြည်းဖြည်းချင်း မြင့်တက်စေသည့် မြေပထဝီအားများကြောင့် ဖြစ်နိုင်မည်ဟု ဒါဝင်က ဆင်ခြင်မိသည်။ ဘူမိဗေဒပညာရှင် ချားစ်လိုင်ယယ် (Charles Lyell) ၏ အယူအဆများကိုလည်း ဤခရုခွံအလွှာက သက်သေအထောက်အထား ပေးနေသည်ဟု ထင်မြင်ခဲ့သည်။ လိုင်ယယ်သည်လည်း အလွန် ကြာညောင်းသည့် အချိန်ကာလအတွင်း ကမ္ဘာကြီးသည် တဖြည်းဖြည်း ပြောင်းလဲနေသည်ဟု ယူဆထားသည်။ ဤတွေ့ရှိချက်ကြောင့် ဒါဝင်သည် ကမ္ဘာတိုက်ကြီးများ မြင့်တက်ခြင်းနှင့် သမုဒ္ဒရာကြမ်းပြင်များ နစ်မြုပ်ခြင်းနှင့် ပတ်သက်၍ ၎င်း၏ကိုယ်ပိုင်အယူအဆများကို ဖော်ထုတ်ခဲ့ဖူးသည်။ (သို့သော် ယနေ့ခေတ် ဘူမိဗေဒရှုထောင့် နှင့် များစွာ ကိုက်ညီမှုမရှိပါ)

ဧပြီလ ၃ရက်နေ့တွင် ဘီဂယ်သင်္ဘောသည် ဘရာဇီးရှိ ရီယို ဒီ ဂျနေးရိုး (Rio de Janeiro) မြို့သို့ ရောက်ရှိသည်။ ၈ရက်နေ့၌ ဒေသခံ အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အခြားအပေါင်းအပါ ငါးဦးနှင့် အပူပိုင်းမိုးသစ်တောထဲ လေ့လာရေး ခရီးထွက်ခဲ့သေးသည်။ မြို့မှ ကုန်းတွင်းဖက် မိုင်၁ဝဝခန့် လေ့လာခဲ့ကြသည်။ ခရီးတလျှောက် တောထဲမှ ရွာငယ်လေးများကို ဖြတ်သန်းသွားကြရသည်။ ရွာတစ်ခုတွင် ၎င်းတို့ကို ကောင်းစွာ ဧည့်ခံတည်ခင်း ကျွေးမွေးခဲ့ကြသည်။ ၎င်းတောလမ်းခရီး၌ အပင်၊ အင်းဆက်နှင့် တိရစ္ဆာန် နမူနာများစွာ စုဆောင်းနိုင်ခဲ့သည်။ သြဂုတ်လထဲတွင် သူ၏ ပထမဆုံး နမူနာပစ္စည်းများကို အင်္ဂလန်သို့ ပြန်ပို့ခဲ့သည်။ ကျောက်တုံးနမူနာ၊ အပူပိုင်းသစ်တော အပင်များ၊ ပိုးတောင်မာ နမူနာများ၊ အဏ္ဏဝါသတ္တဝါနှင့် တောတွင်း တိရစ္ဆာန်များ ပါဝင်သည်။

ပုံ – ရီယိုဒီဂျနေးရိုး
မတ်လ၁ရက်နေ့တွင် ဘီဂယ်သင်္ဘော သည် တောင်အမေရိကတိုက် အရှေ့ဖက်ကမ်းရိုးတန်း၏ တောင်ပိုင်းရှိ ဖော်လကန်ကျွန်းစုသို့ ရောက်ရှိလာသည်။ ဒါဝင်သည် ဤကျွန်းစု၌ ကမ်းတက်ပြီး ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေကြည့်သေးသည်။ ထိုကျွန်းစုတွင် တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းများသည် တောင်အမေရိကတိုက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် မည်မျှကွာခြားနေကြောင်း တွေ့ရှိသတိပြုမိခဲ့သည်။ ကျွန်းစု၌ နေနေစဉ် ကာလအတွင် သူကောက်ယူခဲ့သည့် နမူနာ ရုပ်ကြွင်း၊ အပင်နှင့် တိရစ္ဆာန် များကို နှိုင်းယှဉ်လေ့လာခဲ့သေးသည်။ ဤသို့ ပထဝီအနေအထားများနှင့် ရုပ်ကြွင်းများ၏ ပြန့်နှံ့ပုံကို လေ့လာခဲ့ခြင်းများက ၎င်း၏ သက်ရှိပျံနှံ့မှု အမြင်များကို လွှမ်းမိုးမည်ဖြစ်သည်။ ယနေ့အခါ ဇီဝပထဝီဝင် (Biogeography) ဟု ခေါ်တွင်သည့် ပညာရပ်တစ်ခုအဖြစ် ထွန်းကားလာပြီ ဖြစ်သည်။
ပုံ – ဖော်လကန်ကျွန်းများ
ဘီဂယ်သည် နောက်ထပ် လပေါင်းများစွာကြာအောင် အာဂျင်တီးနား၌ ဆက်လက်ရှိနေခဲ့သည်ဖြစ်ရာ ဒါဝင်အနေဖြင့် လေ့လာရေးခရီးသွားရောက်ရန် အခွင့်အရေး ပိုရရှိခဲ့သည်။ ပွန်တာ အယ်လတာ (Punta Alta) ကမ်းခြေတွင် ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေနေစဉ် စိတ်ဝင်စားစရာ တစ်ခု တွေ့ရှိခဲ့သည်။ အလွန်ကြီးမားသည့် တိရစ္ဆာန်ကြီး တစ်ကောင်၏ ရုပ်ကြွင်းအပြည့်အစုံ ဖြစ်သည်။ ပို၍အံ့အားသင့်စေသည်မှာ ကမ်းပါးနံရံတွင် တည်ရှိနေသည့် ၎င်း ကျောက်ဖြစ်ရုပ်ကြွင်း၏ အပေါ်၌ ဆန်တီယာဂိုကျွန်း သို့ရောက်စဉ်က တွေ့ခဲ့ရသည့် အဖြူရောင် ခရုခွံ ကျောက်လွှာတစ်ခုကို တွေ့လိုက်ရခြင်း ဖြစ်သည်။ ဤတွေ့ရှိချက်က ဒါဝင်အတွက် စဉ်းစားစရာ ဖြစ်နေသည်။  ကျောက်ဖြစ်ရုပ်ကြွင်းသက်ရှိများသည် မျက်မှောက်ခေတ် သက်ရှိများနှင့် လုံးဝမတူသည့် မျိုးနွယ်များ ဖြစ်နိုင်သလို၊ ရုပ်ကြွင်းမှတ်တမ်းသည် ယနေ့ခေတ်သက်ရှိ အားလုံးပေါင်းထက် ပိုမိုကြွယ်ဝကြောင်း အခြေခံအယူအဆများကို စတင်တွေးဆခဲ့မည် ဖြစ်သည်။ ၎င်းတိရစ္ဆာန်ကြီးတို့၏ ပတ်ဝန်းကျင်ပြောင်းလဲ၍ မျိုးပြုန်း၏လော ဆိုသည်မှာလည်း တွေးစရာပင်။ ခရုခွံကျောက်လွှာနှင့် ကုန်းတိရစ္ဆာန်ရုပ်ကြွင်းကို အထက်အောက် တွေ့မြင်ရခြင်းကြောင့် ကမ္ဘာ့တိုက်ကြီးများနှင့် သမုဒ္ဒရာများသည် ကျွန်ုပ်တို့ ထင်ထားသည်ထက် ပို၍လှုပ်ရှားပြောင်းလဲနေနိုင်ကြောင်း သဲလွန်စတရပ်ပင် ဖြစ်သည်။
စက်တင်ဘာလ၌မူ ဒါဝင်သည် အာဂျင်တီးနား၏ မြို့တော်ဖြစ်သည့် ဘူအန်နိုစ် အိုင်းရစ် (Buenos Aires) ဖက်သို့ ဦးတည်၍ ကုန်းတွင်းပိုင်း လေ့လာရေးခရီး ထွက်ခဲ့သည်။ ကမ်းစပ်သဲပြင်တွင် နစ်မြုပ်နေသည့် ရုပ်ကြွင်းများစွာ တွေ့ရှိခဲ့သေးသည်။ မီဂါသီရီယမ်ခေါ်သည့် ရှေးဦး ဆလော့ဝက်ဝံကြီး တစ်ကောင်၏ ဦးခေါင်းခွံ၊ ဂလိုင်ပတိုဒွန့်ခေါ်သော လိပ်ကဲ့သို့ အခွံမာပါရှိသည့် ရှေးဦး နို့တိုက်သတ္တဝါကြီး၏ အခွံ၊ မြင်းနှင်တူသော တိရစ္ဆာန်တစ်မျိုး၏ သွားရုပ်ကြွင်း စသည်ဖြင့် တွေ့ရှိခဲ့သည်။ တိရစ္ဆာန်ကြီးများ နေထိုင်ခဲ့သည့် အာဂျင်တီးနားသည် ယခုအခါ မြက်ခင်းလွင်ပြင်များသာ ရှိပေသည်။ သို့ဖြစ်ရာ ၎င်းတို့နေထိုင်ခဲ့စဉ်က ယခုထက် ပိုမိုစိမ်းလန်းစိုပြေသည့် သစ်တောများ ဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။ သို့သော် အစာရေစာ ရှားပါးသည့်ဒေသ၌ နေထိုင်သော ယနေ့ခေတ် အာဖရိကဆင်ကဲ့သို့ တိရစ္ဆာန်များကို ထောက်ချင့်၍ တိရစ္ဆာန် အရွယ်အစားနှင့် သစ်တောပေါက်ရောက်မှုသည် များစွာ မဆက်စပ်ကြောင်း ဆင်ခြင်မိခဲ့သည်။ သို့တိုင်အောင်ပင် ၎င်းတိရစ္ဆာန်များစွာသည် အဘယ်ကြောင့် မျိုးပြုန်းသွားသနည်း ဟူသည့် မေးခွန်းကား မဖြေရှင်းနိုင်သေးပေ။ မျိုးပြုန်းသည့် တိရစ္ဆာန်များသည် ယနေ့ခေတ် တိရစ္ဆာန်များလောကနီးပါး ရှိမည်ဟု သူခန့်မှန်းသည်။ သို့မဟုတ် သူထင်ထားသည်ထက် ပိုပါက၊ ယနေ့ခေတ် တိရစ္ဆာန်များ ထက်ပိုများနေနိုင်ကောင်းသည်ကို နားလည်လာသည်။ ယနေ့ခေတ် တိရစ္ဆာန်များသည် များစွာသော တိရစ္ဆာန်များအနက် ကံကောင်း၍ ကြွင်းကျန်ရစ်သော အနည်းစု တိရစ္ဆာန်များ ဖြစ်နိုင်သည်ဟု မှန်းဆခဲ့သည်။ နိုဝင်ဘာလတွင် နီဂရိုမြစ် (Rio Negro) တလျှောက် လေ့လာခဲ့ရင်း တောက်ဆိုဒွန် (Toxodon) ခေါ်သည့် တိရစ္ဆာန်ကြီး၏ ရုပ်ကြွင်းကို ၁၈ ပန့်စ် ပေး၍ ဝယ်ယူခဲ့သည်။ ၎င်းတိရစ္ဆာန်ကို အင်္ဂလန်မှ သဘာဝတ္ထပညာရှင် ရစ်ချတ် အိုဝင် (Richard Owen) လေ့လာရန် ပေးပို့ခဲ့သည်။
ပုံ – Buenos Aires မှ ရရှိသည့် Toxodon တိရစ္ဆာန်ကြီး၏ ရုပ်ကြွင်း
၁၈၃၄ခုနှစ်တွင်မူ အာဂျင်တီးနားတောင်ဖက် အစွန်းပိုင်းမှ ဖျူယေဂိုကျွန်းစုများနှင့် ဆန်တာခရူဇိုမြစ် (Rio Santa Cruzo) တို့ကို လေ့လာတိုင်းတာခဲ့ကြသည်။ ဖော်လကန်ကျွန်းသို့ ဒုတိယအကြိမ် သွားရောက်ခဲ့ကြသည်။ ဇွန်လတွင်မှ တောင်အမေရိကတိုက် အနောက်ဖက်ကမ်းရိုးတန်း သို့ ဆက်လက် ရွက်လွှင့်ခဲ့ကြသည်။ သြဂုတ်လနှင့် စက်တင်ဘာလများတွင် အင်းဒီးတောင်တန်းပေါ် ပထမဆုံး တောင်တက်ခရီးသွားခဲ့သည်။
ပုံ – ဆန်တီယေဂို ဒီ ချီလီ မှ မြင်ရမည့် အင်းဒီးစ်တောင်တန်းများ

သို့သော် အောက်တိုဘာလတွင်မူ ကပ္ပတိန်သည် ရာထူးမှ နှုတ်ထွက်လုနီးပါး ခြေကုန်လက်ပန်း ကျလျက်ရှိခဲ့သည်။ အခြားသူကို ရာထူးလွှဲပြောင်းရန် ကြိုးစားသော်လည်း အကျိုးမထူးသောကြောင့် နှုတ်မထွက်ပဲ နေရသည်။ သင်္ဘောအဖွဲ့ကို ပြန်လည်အုပ်ချုပ်၍ ချီလိုကျွန်းသို့ မြေတိုင်းလေ့လာရေး ထွက်ရပြန်သည်။ ၁၈၃၅ခုနှစ် ဦးပိုင်းတွင် ဘီဂယ်သင်္ဘောသည် ယနေ့ချီလီနိုင်ငံ၊ ဘယ်လဒီးဗီးယားမြို့သို့(Valdivia) သို့ရောက်နေခဲ့သည်။ ထိုကာလအတွင်း ဖေဖော်ဝါရီလ ၂ဝရက်နေ့၌ ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့သည်။ ငလျင်ပြင်းထန်သဖြင့် မြို့ရှိ အဆောက်အဦအများစု လဲပြိုကုန်သည်။သို့နှင့် ကွန်ဆက်ရွှန်း (Concepción) မြို့သို့ ရွှေ့ပြောင်းခဲ့သည်။ မြို့အနီးရှိ ကျွန်းတစ်ခုတွင် သွားရောက် လေ့လာခဲ့စဉ် လတ်တလော ငလျင်ကြောင့် ပင်လယ်ကြမ်းပြင်နေရာအချို့ ကြွတက်လာပြီး အသစ်စက်စက် ကုန်းမြေဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။ ကျွန်း၏ ကမ်းပါးနံရံရှိ ခရုခွံကျောက်လွှာများစွာကို အဆင့်ဆင့် တွေ့ရှိရသည်။ ၎င်းတွေ့ရှိချက်များသည် ဒါဝင်အတွက် စိတ်လှုပ်ရှားဖွယ်ကောင်းပေသည်။ အင်းဒီးစ်တောင်တန်းကြီးသည် သမုဒ္ဒရာထဲမှ တဖြည်းဖြည်း ကြွတက်လာနေသည်ဟူသော ချားစ်လိုင်ယယ်၏ သီအိုရီအတွက် အထောက်အထားကြီး တစ်ခုဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဤသို့ဆိုလျှင် ကမ္ဘာဂြိုဟ်သည် အလွန်အမင်း သက်တမ်းကြာမြင့်ကောင်း၏ဟု ဒါဝင်သည် ယခင်ကထက် ပို၍ခိုင်မာစွာ လက်ခံယူဆခဲ့သည်။

ပုံ – ကွန်ဆက်ရွှန်းနှင့် အနီးနားရှိ ပထဝီအနေအထား။
ပုံ – ငလျင်ကြောင့်ဖြစ်ရသော ကွန်ဆက်ရွှန်း ဘုရားကျောင်း အပျက်အစီးများ

 ဒါဝင်အတွက် ဝမ်းသာစရာအနေဖြင့် မတ်လတွင် ဒုတိယအကြိမ် အင်းဒီးစ်တောင်တက်ခရီး ထွက်ခွင့်ရခဲ့သည်။ တောင်များကို ပင်လယ်အောက် ချော်ပြင်များဖြင့် ပြုလုပ်ထားကြောင်း တွေ့ရှိခဲ့သည်။ ဤပင်လယ်အောက်ချော်ပြင်များသည် ယခုအခါ ပင်လယ်ရေမျက်နှာပြင်အထက် ပေ၆ဝဝဝကျော် ရောက်ရှိနေပြီး ကမ်းခြေမှ မိုင်ရဝဝ ဝေးပေသည်။ ကွန်ဆက်ရွှန်းသို့ ရောက်စဉ်က ဒါဝင် ပြုလုပ်ခဲ့သည့် ကောက်ချက်များ မှန်သည်ဟု ဆိုရမည်ပင်။ ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင် ၁၁ပင်ကိုလည်း တွေ့ရှိရသည်။ လုံးပတ် ၃-၅ပေရှိသည့် သစ်ငုတ်များဖြစ်ကာ ထင်းရှုးအနွယ်များဖြစ်ကြသည်။ ပို၍စိတ်ရှုပ်စရာ ကောင်းသည်မှာ အဆိုပါနေရာ၌ပင် ကျောက်ဖြစ်ရုပ်ကြွင်းနီးပါး အသွင်ပြောင်းနေသော ကျောက်သစ်ပင် (Petrified Wood) များကိုလည်း တွေ့ရသည်။ ကျောက်သစ်ပင်သည် ရေအောက်၌ ကာလကြာရှည်နစ်မြုပ်နေမှသာ ဖြစ်နိုင်လေရာ  ဤဒေသသည် မည်မျှကြာအောင် ကုန်းပေါ်တွင် ရှိပြီး နောက်ထပ် တဖန် မည်မျှကြာအောင် သမုဒ္ဒရာအောက်တွင် ရှိနေခဲ့မည်နည်း ဟူ၍ မစဉ်းစားပဲ မနေနိုင်အောင်ပင် ဖြစ်သည်။ သေချာသည်ကား ကမ္ဘာ့နေရာအသီးသီးမှ အချိန်အလွန်ကြာမြင့်သည့် သဘာဝဖြစ်စဉ်များကို အမျိုးမျိုး ပုံထပ်တွေ့ရှိနေရခြင်းကြောင့် ကမ္ဘာသည် သူတို့ခေတ်က ထင်ထားသည်ထက် များစွာ သက်တမ်း ရှိနေမည်ဖြစ်သည်။ ဧပြီလကုန်မှ ဇူလိုင်လဆန်းအထိ ဒါဝင်သည် ကပ္ပတိန်၏အဖွဲ့နှင့်အတူ သူ၏ တတိယအကြိမ်မြောက် အင်းဒီးစ်တောင် လေ့လာရေးခရီးများ သွားခဲ့သေးသည်။

၁၈၃၅ စက်တင်ဘာလဦးပိုင်း၌မူ ဘီဂယ်သည် မြေတိုင်းလေ့လာမှုများကို အပြီးသတ်၍ ပစိဖိတ်သမုဒ္ဒရာသို့ ဆက်လက်ရွက်လွှင့်လာခဲ့သည်။ ၎င်းတို့ ဦးတည်လာသည်ကား ပစိဖိတ်သမုဒ္ဒရာအလယ်မှ ဂါလာပါးဂို့စ်ကျွန်းစုဖြစ်သည်။ လူသူများစွာ ပေါက်ရောက်ခြင်းမရှိပဲ သမုဒ္ဒရာအလယ်ခေါင်၌ ထီးတည်းရှိနေသည့် သဘာဝကျွန်းစုဖြစ်ရာ သဘာဝတ္ထပညာရှင် လူငယ် ဒါဝင်အတွက် စိတ်လှုပ်ရှားစရာ ခရီးဖြစ်သည်။ ဂါလာပါးဂို့စ်ကျွန်းစုသည် ကျွန်းကြီး ခြောက်ကျွန်းနှင့် မြောက်များစွာသော ကျွန်းလေးများစွာ ပါရှိသည့် ကျွန်းစုဖြစ်သည်။ ကျွန်းစုကို မြေတိုင်းလေ့လာရန် စက်တင်ဘာ၁၅ရက်မှ အောက်တိုဘာ ၂ဝရက်နေ့အထိ ဘီဂယ်သည် ကျွန်းစု၌ ရှိနေခဲ့သည်။ သို့ဖြစ်၍ ဒါဝင်အတွက် ကျွန်းကို လေ့လာရန် အချိန်ကောင်းစွာ ရရှိခဲ့သည်။

ပုံ – ဂါလာပါးဂို့စ်ကျွန်းစု

ဒေသခံများနှင့်အတူ ဒါဝင်ကိုယ်တိုင်လည်း သတိပြုမိသည်မှာ ကျွန်းအသီးသီး၌ ကွဲပြားသည့် တိရစ္ဆာန်အမျိုးမျိုး နေထိုင်ကြခြင်းဖြစ်သည်။ ဥပမာဆိုလျှင် ချားစ်ကျွန်းနှင့် ၎င်းအနီးရှိ ဟုဒ်ကျွန်းတို့၌ နေထိုင်သည့် ကုန်းလိပ်သည် မြင်းကုန်းနှီးသဏ္ဌာန်ရှိသော အခွံမျိုး ပိုင်ဆိုင်သည်။ ဂျိမ်းစ်ကျွန်းမှ ကုန်းလိပ်များမူ ပို၍လုံးဝိုင်းပြီး နက်မှောင်သော အခွံမျိုး ရှိနေကြောင်း ဒါဝင်က မှတ်ချက်ပြုသည်။ နယ်မြေအရေးပိုင် မစ္စတာ လော်ဆန် (Lawson) သည် လိပ်အခွံကို ကြည့်၍ မည်သည့် ကျွန်းမှရသည့် လိပ်ဖြစ်ကြောင်း ပြောနိုင်သည်ဟု ကြွေးကြော်ခဲ့သည်ဟုလည်း ဆိုသည်။ ကျွန်းစု၌ ပြန့်ကျဲနေထိုင်သော အရောင်စုံ၊ ပုံသဏ္ဌာန်စုံလင်သည့် ငှက်မျိုးနွယ် များစွာသည်လည်း ထိုနည်းလည်းကောင်းပင် ကျွန်းအသီးသီး အလိုက် ကွဲပြားကြောင်း တွေ့ရသည်။ ငှက်များကို နမူနာအဖြစ် ပစ်ယူခဲ့သေးသည်။ ဒါဝင်သည် ထိုအချိန်ကအထိ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို ကောင်းစွာ နားလည်ခြင်း၊ ဆင်ခြင်တွေးတောခြင်း မရှိသေးပေ။ သို့သော် ယခင်လေ့လာမှုများအရ ပထဝီအနေအထားနှင့် သက်ရှိမျိုးစိတ်တို့၏ ပျံ့နှံ့တည်ရှိပုံသည် ဆက်စပ်မှုရှိကြောင်းကိုမူ အကြမ်းဖျင်း နားလည်ထားနိုင်ကောင်းပါသည်။

ပုံ – ဒါဝင် စုဆောင်းခဲ့သည့် ငှက်ပုတီးများ (နှုတ်သီးအမျိုးမျိုး ဖြစ်နေမှုကို အထူးပြုရေးဆွဲထားသည်)

၁၈၃၆ ဇန်နဝါရီလတွင် ဘီဂယ်သည် သြစတြေးလျသို့ ရောက်ရှိလာသည်။ ဒါဝင်အတွင် ပထမဆုံး ဘဲတူဖျံတူ တိရစ္ဆာန်ကို တွေ့မြင်ရခြင်း ဖြစ်သည်။ ဘဲတူဖျံတူသည်လည်း သြစတြေးလျတွင်သာ နေထိုင်သည်ဖြစ်ရာ သက်ရှိပျံ့နှံ့နေမှုနှင့် ပတ်သက်၍ စဉ်းစားဖွယ်ရာဖြစ်သည်။ သမုဒ္ဒရာအလယ်ခေါင်ရှိ ကျွန်းများသို့ သက်ရှိများ မည်သို့ရောက်လာသနည်း ဟူသည်လည်း စဉ်းစားစရာပင်ဖြစ်သည်။ နမူနာပစ္စည်းများကို အင်္ဂလန်သို့ အကြိမ်ကြိမ်ပေးပို့ခဲ့လျက် မေးခွန်းများစွာဖြင့်ပင် လိုက်ပါလာခဲ့ရသည်။ ဘီဂယ်သည် အာဖရိကနှင့် တောင်အမေရိက၌ ခရီးတထောက် နားပြီးနောက် အတ္တလန်တိတ် သမုဒ္ဒရာကို ပြန်ဖြတ်ကာ အင်္ဂလန်သို့ ၁၈၃၆ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ရောက်ရှိခဲ့သည်။

တချိန်က မရေရာသည့် ကောလိပ်ကျောင်းသား ဒါဝင်သည် သင်္ဘောခရီးတစ်လျှောက် အကြမ်းခံနိုင်သော သဘာဝတ္ထပညာရှင် တစ်ယောက် ဖြစ်လာခဲ့ပေသည်။ ၎င်း၏ နမူနာပစ္စည်းများသည် အင်္ဂလန်သို့ ချောမောစွာ ရောက်ရှိကြသည်။ သို့သော် သူသယ်ဆောင်လာသည့် မေးခွန်းများသည် နမူနာပစ္စည်းများထက် ပိုများပေသည်။ နောက်ထပ် နှစ်များစွာကြာအောင် လေ့လာသုံးသပ်ချက်များ ပြုလုပ်လျက် ဤမေးခွန်းများကို စူးစမ်းခဲ့သည်။ ရလဒ်အဖြစ် ‘သဘာဝ၏ ရွေးချယ်မှုကြောင့် ဖြစ်ရသော ဆင့်ကဲဖြစ်စဉ်’ သီအိုရီတစ်ခုကို ထုတ်ဖော်နိုင်ခဲ့သည်။ နက္ခတ္တဗေဒပညာရှင်တို့၏ တွေ့ရှိချက်များကြောင့် စကြဝဠာအတွင်း ကျွန်ုပ်တို့၏ တည်နေရာကို ပို၍တိကျစွာ သိရှိရသကဲ့သို့ ၎င်းသီအိုရီသည် သက်ရှိလောကအတွင်း ကျွန်ုပ်တို့ လူသားမျိုးနွယ်၏ တည်နေရာကို ဖော်ကျူးပြလိမ့်မည် ဖြစ်သည်။

သီအိုရီ ထုတ်ဖော်ခြင်းနှင့် စာတမ်းပြုစုခြင်း

အင်္ဂလန်သို့ ပြန်ရောက်ပြီးသော် အောက်တိုဘာ ၄ ရက်၌ ရှရူးဘယ်ရီ ရှိ ၎င်း၏အိမ်သို့ ပြန်သွားပြီး လေ့လာမှုစာတမ်းများ စတင်ရေးသားခဲ့သည်။ ၁၈၃၆မှ ၁၈၃၇အတွင်း ကိမ်းဘရစ်၌ နေထိုင်ပြီး ၎င်း၏ သဘောင်္ခရီးစဉ်မှတ်တမ်းကို ရေးသားထုတ်ဝေခဲ့သည်။ ထိုအတောအတွင်း အလုပ်ဖိစီးမှုများကြောင့် အပြင်းအထန် နေမကောင်းဖြစ်သေးသည်။ စင်စစ် သဘောင်္မတက်မီတည်းက ရင်တုန်ဝေဒနာ ခံစားရဖူးသည်။ ဤအတောအတွင်းမှာ နောက် နှစ်၄ဝကျော်အောင် မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ လေထိုးခြင်း၊ အစာမကြေခြင်း၊ ရင်တုန်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ကျခြင်း စသည့် လက္ခဏာမျိုးစုံဖြင့် နာမကျန်းဖြစ်ခဲ့သည်။ ယနေ့ခေတ် ဆေးပညာဖြင့် တိကျသည့် ရောဂါခွဲခြားမှု မပြုလုပ်နိုင်သော်လည်း ၎င်းအနေဖြင့် ကျန်းမာရေး ချူချာကြောင်း သိရနိုင်သည်။ ရောဂါလက္ခဏာများအရ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်းများလည်း ပါဝင်နိုင်သကဲ့သို့ ဖြစ်နိုင်ချေအမျိုးမျိုးရှိသော အာရုံကြောရောဂါနှင့် မျိုးရိုးဗီဇရောဂါတစ်မျိုးလည်း ဖြစ်နိုင်ကောင်းသည်။

၁၈၃၇တွင် လန်ဒန်ရှိ သိပ္ပံအသင်းများ၌ ၎င်း၏ ဘူမိဗေဒဆိုင်ရာ ယူဆချက်များကို တင်ပြခဲ့သည်။ ငှက်သုတေသီ ဂျွန်ဂိုးလ် (John Gould) မှ ဒါဝင်၏ ငှက်နမူနာများကို ပြသခဲ့ပြီး၊ ငှက်ပုတီးမျိုးစိတ် အသစ် ၁၂ခုဖြစ်ကြောင်း အသိပေးခဲ့သည်။ ဇူလိုင်လ၌ ဒါဝင်က မျိုးစိတ်များ ဖောက်ပြန်ပြောင်းလဲမှု အယူအဆအတွက် ပထမဆုံး မှတ်စုစာအုပ် ပြုလုပ်ခဲ့သည်။ ဤမှတ်စု၌ သက်ရှိမျိုးစိတ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲနိုင်ကြောင်း စတင်စဉ်းစားခဲ့သည်။ ၁၈၃၈၌ သဘာဝသမိုင်းနှင့် ဘူမိဗေဒဆိုင်ရာ ခေါင်းစဉ်များစွာ၌ ပြင်းထန်စွာ အလုပ်လုပ်ခဲ့သည်။ သောမတ် မောလတပ်စ် (Thomas Maltus) ၏ လူဦးရေ၏ နိယာမ (Principle of Population) ဟူသော ဆောင်းပါးကို အပျော်ဖတ်ဖြစ်ခဲ့သည်။ အမှတ်တမဲ့ ဖတ်ရှုခဲ့သည့် ၎င်းဆောင်းပါးမှတဆင့် သဘာဝ၏ ကပ်အန္တရာယ်များသည် သက်ရှိများ၏ ဦးရေတိုးပွားမှုကို ကန့်သတ်နေနိုင်ကြောင်း အတွေးအမြင်သစ် ရရှိခဲ့သည်။ ၎င်းသည် နောင်ဖွံ့ဖြိုးလာမည့် သဘာဝ၏ရွေးချယ်မှု အယူအဆအတွက် အခြေခံဖြစ်ခဲ့လေသည်။

၁၈၃၉တွင် ၎င်း၏ ဝမ်းကွဲဖြစ်သော အီမာ ဝက်ခ်ဝုဒ် (Emma Wedgwood) နှင့် လက်ထပ်ခဲ့သည်။ ၎င်းနှင့် အမ်မာမှ နောင်အခါ သားသမီး ဆယ်ဦးအထိ ထွန်းကားခဲ့သည်။ ခရီးသွားမှတ်တမ်းကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုနှစ်၌ပင် တော်ဝင်သိပ္ပံအသင်း၏ အသင်းဝင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ တဖက်၌လည်း တိရစ္ဆာန်များ ရွေးချယ်သားဖောက်မှုကို စတင်လေ့လာခဲ့သည်။ ၎င်း၏ လေ့လာစမ်းသပ်မှုများနှင့် စာတမ်းရေးသားရန်အတွက် အေးချမ်းသည့် ပတ်ဝန်းကျင်လိုအပ်ပေသည်။ ၁၈၄၂တွင် ကန့် နယ် (Kent) ရှိ Down House အိမ်သို့ ရွှေ့ပြောင်းခဲ့သည်။ သက်ရှိမျိုးစိတ်တို့သည် တစ်မျိုးမှ နောက်မျိုးနွယ်များစွာ ခွဲထွက်ဆင်းသက်ရာ၌ အနည်းငယ်စီ ပြုပြင်ပြောင်းလဲသွားနိုင်ကြောင်း စဉ်းစားခဲ့သည်။ ယင်းသည် ပြုပြင်ပြောင်းလဲဆင်းသက်ခြင်း (Descent with Modification) ဟု ထင်ရှားသည့် အယူအဆတစ်ခုဖြစ်သည်။

ပုံ – ဒါဝင်ရွှေ့ပြောင်းခဲ့သည့် Down House ၊ ၎င်းနေအိမ်သည် ဒါဝင်၏ လေ့လာစမ်းသပ်မှုများ ပြုလုပ်ရာ၊ ၎င်း၏ အတွေးအမြင်များကို စာအုပ်စာတမ်းများအဖြစ် ရေးသားပြုစုခဲ့သော နေရာ ဖြစ်သည်။ အိမ်နဘေးရှိ The Sandwalk ခေါ်သည့် မြေလမ်းလေးသည် သိပ္ပံပညာရှင်ကြီး စဉ်းစားခန်းဝင်ရာ ဖြစ်သည်။

၁၈၄၆၌ Barnacle ခေါ်သည့် ကျောက်ဆောင်၌ တွယ်ကပ်နေထိုင်သည့် ခရုတို့ကို စတင်လေ့လာခဲ့သည်။ ၎င်းခရုများနှင့် ပတ်သက်၍ ရုပ်ကြွင်းများမှ အစ ၎င်းတို့၏ မျိုးပွားပုံအဆုံး လေ့လာခဲ့သည်။ ၁၈၅၁မှ ၁၈၅၄အထိ ၎င်းနှင့် ပတ်သက်၍ စာတမ်းထုတ်ဝေမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ၁၈၅၆ခုနှစ်တွင်မှ ချားစ်လိုင်ယယ်၏ အကြံပေးချက်အရ သဘာဝ၏ရွေးချယ်မှု (Natural Selection) အယူအဆနှင့် ပတ်သက်၍ စာအုပ်ကြီး ရေးသားရန် စတင်ပြင်ဆင်ခဲ့သည်။ ၁၈၅၇တစ်နှစ်လုံးကို စာအုပ်အတွက် အချိန်ပေးခဲ့သည်။ နှစ်ရှည်လများ စုဆောင်းထားသည့် နမူနာပစ္စည်းများ၊ အထောက်အထားများနှင့် စုဆောင်းထားသည့် ရှင်းပြချက် အယူအဆများကို စာအုပ်အဖြစ် စီစဉ်ပြောင်းလဲရန်မှာ များစွာ မခက်လှပေ။

ဘော်နီယိုကျွန်းတွင် နေထိုင်သည့် အယ်လဖရက် ရပ်ဆဲလ် ဝေါလေ့စ် (Alfred Russel Wallace) ဆိုသူသည် ဒါဝင်၏ မိတ်ဆွေတစ်ဦးဖြစ်သည်။ ၎င်းက အစဉ်သဖြင့် ဒါဝင်အား လိုအပ်မည့် တိရစ္ဆာန်နှင့် အပင်နမူနာ ထောက်ပံ့ပေးနေသူဖြစ်သည်။ ၁၈၅၄ခုနှစ်၌ ဝေါလေ့စ်ထံမှာ သိပ္ပံစာတမ်းတစ်စုံ လက်ခံရရှိခဲ့သည်။ ၎င်း၏အယူအဆများနှင့် များစွာ ဆင်တူနေသည်ကို တွေ့ရသော် အားတက်လာပြီး သူတို့နှစ်ဦးလုံး၏ စာတမ်းများကို ၁၈၅၈ခုနှစ် ဇူလိုင်လ ၁ရက်နေ့၌ အင်္ဂလန်နိုင်ငံ တော်ဝင်သိပ္ပံအဖွဲ့အစည်းကို တင်ပြခဲ့သည်။ တင်ပြသောအကြောင်းအရာများ၌ သက်ရှိတို့ ဆင့်ကဲပြောင်းလဲခြင်းနှင့် သဘာဝတရား၏ ရွေးချယ်ရှင်သန်မှု အကြောင်းတို့ ပါရှိကြသည်။

၁၈၅၉တွင်မူ ၎င်း၏ စာအုပ်ကို ‘သဘာဝ၏ ရွေးချယ်မှုအရ မျိုးစိတ်တို့၏ မူလအစ’ (On the Origin of Species by means of Natural Selection) သို့မဟုတ်၊ ဘဝအတွက်ရုန်းကန်မှု၌ အသာပေးသည့်မျိုးနွယ်များ၏ ရှင်ကျန်မှု (Preservation of Favoured Races in the Struggle for Life)  ဟု နာမည်ဖြင့် နိုဝင်ဘာလ ၂၄ရက်နေ့၌ ၎င်းနှင့် အကြိမ်ကြိမ် အလုပ်လုပ်ဖူးသော စာအုပ်ထုတ်ဝေသူ ဂျွန်မူရေး (John Murray) ဖြင့် ထုတ်ဝေခဲ့သည်။ ၎င်း၏ စာအုပ်သည် မထင်မှတ်ပဲ များစွာ လူသိများ ထင်ရှားခဲ့သည်။ ၁၈၆ဝ၌ သစ်ခွပန်းပင်များကို မျိုးစပ်စိုက်ပျိုးမှုမှ တဆင့် ရွေးချယ်သားဖောက်ခြင်းနှင့် သဘာဝ၏ ရွေးချယ်မှုကို အသေးစိတ် နှိုင်းယှဉ်လေ့လာခဲ့သည်။ နောက်ထပ် ခုနစ်နှစ်အတွင်း ၎င်းလေ့လာမှုအတွက် အချိန်ပေးခဲ့သည်။ သက်ဆိုင်ရာ စာအုပ်စာတမ်းများ ထုတ်ဝေခဲ့သည်။

ထို့အပြင် ထုတ်ဝေခဲ့ပြီးသော မျိုးစိတ်တို့၏မူလအစ စာအုပ်နှင့် ပတ်သက်၍လည်း များစွာသော တုံ့ပြန်ဝေဖန်မှုများ ရှိခဲ့ပေသည်။ သက်ရှိမျိုးစိတ်များသည် သဘာဝအတိုင်း ခွဲထွက်ဖြစ်ထွန်းကြောင်း ရှင်းပြချက်ဖြစ်သဖြင့် ထိုခေတ်ကာလက ကျယ်ပြန့်စွာ ယုံကြည်ထားသည့် မျိုးစိတ်တစ်ခုချင်းစီကို သီးခြားစီ ဖန်ဆင်းကြောင်း ယုံကြည်မှုနှင့် ငြိစွန်းပေသည်။ အတိုက်အခံ သိပ္ပံပညာရှင်နှင့် သာသနာအဖွဲ့အစည်းများမှ အထူးသဖြင့် ဝေဖန်ခဲ့သည်။ ၎င်းဝေဖန်မှုများကို တုံ့ပြန်ရန်လည်း ပြင်ဆင် ဖြည့်စွက်ချက်များ ပြုလုပ်ပြီး အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သေးသည်။ ၎င်း၏ သဘာဝတ္ထပညာရှင် မိတ်ဆွေများ ဖြစ်သော ဂျိုးဆက်ဖ် ဟွတ်ကာ (Joseph Hooker) နှင့် သောမတ် ဟက်စလေ (Thomas Huxley) တို့ကလည်း ဒါဝင်၏ သီအိုရီဖက်မှ ရပ်တည်ကာ ဝေဖန်မေးခွန်းများကို တုံ့ပြန်ပေးကြသည်။

၁၈၆၄တွင်မူ ဒါဝင်သည် သဘာဝတ္ထပညာ၌ ၎င်း၏ ဆောင်ရွက်ချက်များအတွက် လန်ဒန်တော်ဝင်အသင်းမှ အမြင့်ဆုံးသိပ္ပံဘွဲ့ ဖြစ်သည့် Copley Medal ကို ချီးမြှင့်ခံရသည်။ မျိုးစိတ်များ၏မူလအစ နောက်၌ ‘လူသား၏ ဆင်းသက်ရာ’ (The Descent of Man) ဟူသော စာအုပ်ကို စတင်ရေးသားသည်။ ၎င်းက လူသားမျိုးနွယ်နှင့် ပရိုင်းမိတ် မျိုးနွယ်တို့၏ ပြင်ပရုပ်သွင်နှင့် အပြုအမူဆိုင်ရာ ဆက်နွယ်မှုအရ လူသား၏ ဇာစ်မြစ်ကို ပရိုင်းမိတ်မျိုးနွယ်မှ ဆင်းသက်မည်ဟု ဆွေးနွေးတင်ပြထားသည်။ ဤစာအုပ်သည် မျိုးစိတ်တို့၏မူလအစ ထက်ပင်ပို၍ အငြင်းပွားဖွယ်ရာ စာအုပ်ဖြစ်ပေသည်။ ၁၈၇၁တွင် ၎င်းစာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။ ၁၈၇၂တွင် ‘လူနှင့် တိရစ္ဆာန်တို့၌ စိတ်ခံစားမှု ဖော်ပြပုံ’ (The Expression of the Emotions in Man and Animals) ကို ရေးသားထုတ်ဝေခဲ့သည်။

ပုံ – ဒါဝင်၏ ကျော်ကြားသော စာအုပ်နှစ်အုပ်။ (ဝဲ) မျိုးစိတ်တို့၏မူလအစ (ယာ) လူသား၏ဆင်းသက်ရာ

၎င်း၏ မျိုးစိတ်အသစ် ဆင့်ကဲခွဲထွက်ပြောင်းလဲမှု အယူအဆသည် များစွာ ထင်ရှားပြီး ၎င်းကိုယ်တိုင်လည်း အလွန်ထင်ရှားသည့် ဇီဝဗေဒပညာရှင် ဖြစ်ခဲ့လေသည်။ ၎င်း၏နောက်ပိုင်းနှစ်များ၌ သစ်ခွ၊ နွယ်ပင်နှင့် အင်းဆက်စားသည့် ရှားပါးအပင်များကို လေ့လာခဲ့သည်။ အခါအားလျော်စွာ ၎င်း၏ စာအုပ်များအတွက် ဖြည့်စွက်ပြင်ဆက်ချက်များ ထုတ်ဝေခဲ့သည်။ အသက် ၆၇နှစ်တွင်မူ ကိုယ်တိုင်ရေး ဘဝမှတ်တမ်းစာအုပ်ကို ရေးသားခဲ့သည်။ တိရစ္ဆာန်များနှင့် သိပ္ပံစမ်းသပ်ချက်များ ပြုလုပ်ခွင့် ရရှိရန် ဇီဝဗေဒ သုတေသီတို့၏ အခွင့်အရေးအတွက် ခုခံပြောဆိုပေးခဲ့သည်။

၁၈၈၂ခုနှစ် ဧပြီလ ၁၉ရက်နေ့၌ နှလုံးရောဂါဖြင့် အသက် ၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။ ၎င်းသည်လည်း နှစ်ရှည်လများ ကြာညောင်းပြီ ဖြစ်သော ရောဂါ၏ အကျိုးဆက်တစ်ခုလည်း ဖြစ်နိုင်ပေသည်။ ဒါဝင်ကို အခြားထင်ရှားကျော်ဇောသည့် အင်္ဂလိပ် သိပ္ပံပညာရှင်များနည်းတူ ဝက်စမင်စတာ ဘုရားကျောင်း (Westminster Abbey) ၌ အမျိုးသားသူရဲကောင်းတစ်ယောက်အဖြစ် ဇာပနာပွဲပြုလုပ် ဂုဏ်ပြုလျက် မြှုပ်နှံထားသည်။

ပုံ – ဝက်စမင်စတာ ဘုရားကျောင်းရှိ ဒါဝင်အတွက် အထိမ်းအမှတ် ကျောက်ဖျာ။

ဒါဝင် ချန်ရစ်သည့် အမွေ

ဒါဝင်သည် ၎င်း၏ ဆင့်ကဲပြောင်းလဲမှုအယူအဆကို သီအိုရီအဖြစ် မဟုတ်လျှင်သော်မှ ဆင့်ကဲပြောင်းလဲမှုဖြစ်ခဲ့ကြောင်း သိပ္ပံအချက်အလက် ကိုမူ ပညာရှင်များစွာ လက်ခံအောင် တင်ပြထုတ်ဖော်သွားနိုင်ခဲ့သည်။ သို့သော် ၎င်း၏ အယူအဆ၌ သက်ရှိတို့၏ မျိုးရိုးဆက်ခံပုံကို မရှင်းပြထားပေ။ အင်္ဂလန်၏ တဖက်ကမ်း ဥရောပတိုက် သြစတြီးယားပြည်တွင် ခေတ်ပြိုင်နေထိုင်သည့် ဂရီဂေါ မန်ဒဲလ် (Gregor Mendel) ခေါ်သည့် ဘုန်းတော်ကြီး သဘာဝတ္တပညာရှင်တစ်ဦး ရှိခဲ့သည်။ ၎င်းက သူ၏ ပဲပင်များ၏ မျိုးရိုးဆက်ခံမှုအကြောင်း လေ့လာထားသော စာတမ်းတွင် မျိုးရိုးဆက်ခံပုံ၏ အခြေခံအယူအဆများကို တင်ပြထားခဲ့သည်။ သို့သော်မည်သူမျှ ၎င်း၏ စာတမ်းကို သတိမပြုမိပေ။ ဒါဝင်၏ အယူအဆသည် နှစ်ပေါင်းများစွာ မှေးမှိန်ကျန်ရစ်ခဲ့သည်။ သို့တည်းမဟုတ် ၎င်း၏ တော်သူဘဝထူရေး (Survival of the Fittest) အယူအဆအပေါ် နိုင်ငံရေးသမားများ၏ အလွဲသုံးစားပြုလုပ်မှုကို ခံရသည်။ ထိုကာလများအတွင် ဆင့်ကဲပြောင်းလဲမှုအကြောင်းကို သဘာဝ၏ ရွေးချယ်မှု မဟုတ်သည့် အခြားနည်းလမ်းများဖြင့် ရှင်းပြရန် ပညာရှင်များစွာက ကြိုးစားခဲ့ကြသည်။ ဤကာလကို ဒါဝင်ဝါဒ၏ နေကြတ်ချိန် (Eclipse of Darwinism) ဟု တင်စားခေါ်လေ့ရှိကြသည်။ တစ်ခုသတိချပ်ရန်မှာ ဤကာလသည် ဆင့်ကဲပြောင်းလဲခြင်း မရှိကြောင်း ငြင်းခုံသည့် ကာလမဟုတ်ပဲ၊ ဆင့်ကဲပြောင်းလဲခြင်းကို သဘာဝ၏ ရွေးချယ်မှုမဟုတ်သည့် အခြားဖြစ်စဉ်တစ်ခုဖြင့် ဖြစ်ကြောင်း ငြင်းခုံသည့်ခေတ်၊ သို့မဟုတ် အလွဲသုံးစားပြုလုပ်သည့် ခေတ်ဖြစ်သည်။

မန်ဒဲလ်၏ စာတမ်းကို ပြန်လည်တွေ့ရှိပြီး မျိုးရိုးဗီဇပညာရပ် ထွန်းကားလာသောအခါ ၁၉၃ဝမှ ၁၉၅ဝဝန်းကျင် ကာလများအတွင်း မန်ဒဲလ်၏ မျိုးရိုးဆက်ခံမှု အယူအဆနှင့် ဒါဝင်၏ သက်ရှိမျိုးနွယ်များ ဆင့်ကဲပြောင်းလဲမှု အယူအဆတို့ကို ပေါင်းစည်းနိုင်ခဲ့သည်။ ဤပေါင်းစည်းနိုင်မှုသည် ဖစ်ရှာ (Ronald Aylmer Fisher)၊ ဟယ်လဒိန်း (J.B.S. Haldane) နှင့် ရိုက် (Sewall Wright) ဟူသည့် ပညာရှင်သုံးဦး၏ ထုတ်ဖော်တွေ့ရှိချက်များ အဓိက ပါဝင်ခဲ့သည်။ ဇီဝဗေဒပညာရှင်များအကြား ဖြစ်နေသည့် ဝိဝါဒကွဲလွဲမှုများသည် ဤနေရာ၌ အဆုံးသတ်ခဲ့ပေသည်။ ၎င်းကို ခေတ်သစ် ဆင့်ကဲဖြစ်စဉ် ဝါဒပေါင်းစည်းမှု (Modern Evolutionary Synthesis) ဟုခေါ်သည်။ ဤဝါဒသစ်အရ သဘာဝ၏ ရွေးချယ်မှုသည် ဆင့်ကဲပြောင်းလဲခြင်း၏ အဓိကကျသော သဘာဝဖြစ်စဉ်တစ်ရပ် ဖြစ်သည်ဟု အဆိုပြုထားသည်။ ယနေ့ခေတ်တွင် Modern Synthesis သည် ဇီဝဗေဒနှင့် ဆင့်ကဲပြောင်းလဲမှုဘာသာရပ်၏ အခြေခံယူဆချက်တစ်ရပ် အဖြစ် တိုးတက်လာခဲ့ပေသည်။ တနည်းအားဖြင့်ဆိုရလျှင် ချားစ်ဒါဝင်သည် ယနေ့ခေတ် ဇီဝဗေဒပညာ၏ အရေးအကြီးဆုံး သီအိုရီတစ်ခုကို ထုတ်ဖော်ခဲ့သူ ဖြစ်သည်။ ယခင်က သဘာဝတ္ထပညာသာ ရှိခဲ့ရာမှ သိပ္ပံနည်းကျ ပြည့်ဝစွာ လေ့လာသည့် ဇီဝဗေဒပညာရပ်အဖြစ် ပြောင်းလဲလာအောင် စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပေသည်။

~ ကျော်စွာလင်း
Reference:
Wikipedia
aboutdarwin.com
darwinsgalapagos.com
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s